Boxing လောကဟာ ကမ္ဘာ့ အန္တရာယ်အများဆုံး နဲ့ အစွန့်စားရဆုံး အားကစားပါပဲ။ တိုက်ခိုက်ရေးအားကစားတွေထဲမှာလည်း ဒီအားကစားက ထိပ်တန်းဝင်ငွေရ အားကစားဖြစ်သလို အတက်အကျနဲ့ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေလည်း အကြုံတွေ့ရဆုံး အားကစားမျိုး ဖြစ်လို့ ဒီအားကစားနဲ့ ချမ်းသာတဲ့သူတွေဟာ မချီးကျူးဘဲ မနေနိုင်အောင် တော်ပါပေတယ်လို့ ဆိုရမှာပါ။ ဒီလိုမျိုး လက်ဝှေ့ရေးမှာ ထူးချွန်ပြီး အောင်မြင်ကြီးပွားနေတဲ့ လက်ဝှေ့ကျော် တွေထဲက ၂၀၂၂ ခုနှစ်အတွက် ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ်တွေအကြောင်း တင်ဆက်ပေးလိုက်ပါတယ်။

(၁) Floyd Mayweather

လက်ဝှေ့တစ်ပွဲကို ဒေါ်လာသန်း ၃၀၀ အထိ ရခဲ့တဲ့ ပွဲ ၅၀ နိုင် – ရှုံးပွဲမရှိ ၂၇ ပွဲအလဲထိုး စံချိန်ရှင် အမေရိကန်လက်ဝှေ့ကျော် နဲ့ ကမ္ဘာ့ချန်ပီယံဟောင်း Floyd Mayweather ဟာ အသားတင် ဒေါ်လာ ၄၅၀ သန်း ချမ်းသာကြွယ်ဝသူ ဖြစ်ပါတယ်။ သမိုင်းတစ်လျှောက် အချမ်းသာဆုံး Boxer အဖြစ် သတ်မှတ်ခံထားရတဲ့ Floyd Mayweather ဟာ လက်ဝှေ့သမားဘဝတစ်လျှောက် စုစုပေါင်း ဒေါ်လာ ၁.၁ ဘီလျံအထိ ငွေရှာနိုင်ခဲ့သူပါ။ သမိုင်းမှာ ပဉ္စမမြောက် ဝင်ငွေအမြင့်ဆုံး အားကားစားမားဖြစ်သလို အားကစားသမားဘဝ ဒေါ်လာ ၁ ဘီလျံကျော်တဲ့ ပုဂ္ဂိုလ်တွေထဲမှာ နံပါတ်စဉ် ၆ နေရာက ရှိပါတယ်။ တခြား ၅ ဦးက Michael Schumacher ( $1 Billion ) ၊ Jack Nicklaus ( $1.15 Billion ) ၊ Arnold Palmer ( $1.35 Billion ) ၊ Tiger Woods ( $1.65 Billion ) နဲ့ Michael Jordan ( $1.9 Billion ) တို့ပဲ ဖြစ်ပါတယ်။

Floyd Mayweather ရဲ့ အားသာချက်က နှစ်ပွဲအတွင်းမှာ ဒေါ်လာ သန်း ၅၀၀ ကျော် ရခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာကျော် ဖိလစ်ပိုင် လက်ဝှေ့သမား Manny Pacquiao နဲ့ ထိုးသတ်တဲ့ ၂၀၁၅ ခုနှစ်က ပွဲမှာ ထိုးသတ်ကြေး ဒေါ်လာ သန်း ၂၅၀ ရခဲ့ပြီး ၂၀၁၇ ခုနှစ် Conor McGregor နဲ့ ပွဲမှာ ဒေါ်လာ သန်း ၃၀၀ ရခဲ့ပါတယ်။ Floyd Mayweather ဟာ ချမ်းသာသလောက် ပိုက်ဆံကိုလည်း စိတ်ကြိုက်သုံးတတ်သူမျိုး ဖြစ်ပါတယ်။
တစ်ခါက သူဟာ နာရီတစ်လုံးအတွက် ဒေါ်လာ ၁၈ သန်း သုံးခဲ့သလို ၊ Gulfstream G650 Private Jet တစ်စီးလည်း ဒေါ်လာ သန်း ၆၀ ပေး ဝယ်ထားပါတယ်။ သူ့မှာ ‌ဒေါ်လာ ၂၅ သန်းတန် Beverly Hills Mansion စံအိမ်ကြီး နဲ့ ဒေါ်လာ ၁၀ သန်းတန် Las Vegas Mansion စံအိမ်ကြီးလည်း ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။

(၂) George Foreman

ဂန္ဓဝင် လက်ဝှေ့ကျော် George Foreman ဟာ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ နှစ်ကြိမ်ရခဲ့သလို အိုလံပစ်ရွှေတံဆိပ် Olympic Gold Medalist လည်း ရခဲ့ပြီး ဒေါ်လာသန်း ရာနဲ့ချီ ချမ်းသာတဲ့ စီးပွားရေးသမားလည်း ဖြစ်ပါတယ်။ အသက် ၇၃ နှစ် ရှိပြီ ဖြစ်တဲ့ George Foreman ဟာ လက်ရှိအချိန်မှာ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တစ်ဦး ဖြစ်နေပြီး အသားတင် ဒေါ် လာ သန်း ၃၀၀ ချမ်းသာတယ်လို့ ဆိုပါတယ်။
၁၉၆၉ ခုနှစ်ကစလို့ ပရော်ဖက်ရှင်နယ် လက်ဝှေ့လောကသား ဖြစ်လာတဲ့ George Foreman ဟာ ၈၁ ပွဲမှာ ၇၆ ပွဲနိုင် ၅ ပွဲရှုံး မှတ်တမ်းကို စိုက်ထူနိုင်ခဲ့ပါတယ်။ Boxing လောကမှာ ကျင်လည်စဉ်က လက်ဝှေ့သမိုင်းရဲ့ အတောက်ပဆုံးကြယ်ပွင့်တွေ ဖြစ်တဲ့ Joe Frazier ၊ Mohammad Ali ၊ Ken Norton တို့နဲ့ ယှဉ်ပြိုင်ခဲ့ရပြီး သမိုင်းရဲ့ အကြီးကျယ်ဆုံး ဟဲဗီးဝိတ် လက်ဝှေ့ကျော် များစာရင်းမှာ နံပါတ်စဉ် ၈ နေရာက ရပ်တည်ခဲ့ပါတယ်။

အားကစားသမားဘဝက အနားယူပြီးနောက် ၁၉၉၀ ခုနှစ်မှာ သူဟာ Salton Inc က ကမ်းလှမ်းလာတဲ့ အားကစားနဲ့ အာဟာရ ထုတ်ကုန်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူအဖြစ် အရောင်းတာဝန်ယူခဲ့ရာကနေ အကြီးအကျယ် အောင်မြင်သွားပြီး နာမည်အသုံးပြခွင့်အတွက် ၁၉၉၉ ခုနှစ်မှာ ဒေါ်လာ ၁၃၈ သန်း ရခဲ့ပါတယ်။ နောက်တော့ Salton Inc ထုတ် အာဟာရထုတ်ကုန်တွေ ရောင်းအားကနေ သူဟာ ဒေါ်လာသန်း ၂၀၀ အထိ ရခဲ့ပြီး အသေအကျေလက်ဝှေ့ထိုးသတ်ခဲ့စဉ်ကထက် အများကြီး ပိုရခဲ့ပါတယ်။

(၃) Manny Pacquiao

ဖိလစ်ပိုင်လက်ဝှေ့ကျော် Manny Pacquiao ကို ဝိတ်တန်း Class ၅ ခုမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ကမ္ဘာကျော် လက်ဝှေ့သမားတစ်ယောက်အဖြစ် လူသိများပေမယ့် သူဟာ သရုပ်ဆောင် နဲ့ အဆိုတော်လည်း လုပ်ပါတယ်။ လက်ရှိမှာ နိုင်ငံရေးလောကထဲ ဝင်ရောက်ပြီး ဖိလစ်ပိုင်ဆီးနိတ်လွှတ်တော်အမတ်အဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်နေသလို မတူတဲ့လက်ဝှေ့အစည်းအရုံး ၈ ခုမှာ ကမ္ဘာ့ချန်ပီယံဖြစ်နေတဲ့ တစ်ဦးတည်သော ချန်ပီယံအဖြစ်လည်း အောင်မြင်မှုသရဖူ စိုက်ထူနေပါတယ်။

အသက် ၄၃ နှစ် ရှိပြီ ဖြစ်တဲ့Manny Pacquiao ဟာ ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းလည်း လုပ်ပါတယ်။ သူ့ရဲ့ လက်ဝှေ့သမားဘဝမှာ တစ်ပွဲတည်းနဲ့ ထိုးသတ်ကြေး အမြင့်ဆုံးရတဲ့ ပွဲကတော့ ၂၀၁၅ မေလထဲမှာ ထိုးသတ်တဲ့ Floyd Mayweather နဲ့ ပွဲ ဖြစ်ပြီး ထိုးသတ်ကြေး ၊ အခပေးကြည့်ရှုခ တို့ကနေ ရတဲ့ ငွေဟာ ဒေါ်လာသန်း ၁၃၀ အထိ ရှိခဲ့ပါတယ်။ လက်ဝှေ့သမားဘဝမှာ သူဟာ ထိုးသတ်ကြေးတွေ ပွဲတွေကနေ ဒေါ်လာ သန်း ၅၀၀ ကျော် ရခဲ့ပါတယ်။ လက်ရှိမှာတော့ သူ့ရဲ့ အသားတင် ကြွယ်ဝချမ်းသာမှုဟာ ဒေါ်လာသန်း ၂၂၀ ကျော် ရှိပါတယ်။

(၄) Oscar De La Hoya

လက်ဝှေ့လောကထဲကနေ အငြိမ်းစားယူသွားပြီ ဖြစ်တဲ့ အမေရိကန်ပရော်ဖက်ရှင်နယ် လက်ဝှေ့ကျော် Oscar De La Hoya ဟာ ဒေါ်လာ သန်း ၂၀၀ ခန်းသာသူ ဖြစ်တယ်လို့ ဆိုပါတယ်။ လက်ဝှေ့လောကကနေ အနားယူပြီးနောက်မှာတောင် သူဟာ အောင်မြင်တဲ့ လက်ဝှေ့ပွဲ ကြီးကြပ်စီစဉ်သူ နဲ့ ရင်းနှီးမြှပ်နှံသူအဖြစ်လည်း အသက်မွေးဝမ်းကြောင်းနေပါတယ်။ အသက် ၁၅ နှစ်မှာ နိုင်ငံအဆင့် အငယ်တန်း အိုလံပစ်လက်ဝှေ့ကျော် ဖြစ်ခဲ့တဲ့ သူဟာ အထက်တန်းကျောင်းပြီးပြီးချင်း Summer 1992 Barcelona Olympic Games ကနေ အိုလံပစ်ရွှေတံဆိပ်ဆု ရခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူ့ကို မောင်ဖိုးရွှေ ( The Golden Boy) လို့ နာမည်ပြောင်တွင်ခဲ့ပြီး အပျော်တမ်း လက်ဝှေ့သမားဘဝမှာ ၂၃၄ ပွဲနိုင် – ၁၆၃ ပွဲ အလဲထိုး နဲ့ ၆ ပွဲပဲ ရှုံးတဲ့ ရလဒ်ကို စိုက်ထူနိုင်ခဲ့ပါတယ်။

ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဘဝမှာလည်း အကြီးအကျယ် အောင်မြင်ခဲ့ပြီး အငယ်တန်းလိုက်ဝိတ်တန်းအတွက် World Boxing Organization (WBO) က ပေးတဲ့ ကမ္ဘာ့ ချန်ပီယံဆုကို ပထမဆုံး ရခဲ့ပါတယ်။ နောက် ၄ လ အကြာမှာ သူဟာ Jorge Paez ကို အလဲထိုးပြီး WBO Lightweight တန်းကို တက်လှမ်းနိုင်ခဲ့ပါတယ်။ နောက်တစ်နှစ်မှာ John Molina ကို နိုင်ပြီး International Boxing Federation (IBF) Junior Lightweight Championship မှာ နိုင်ခဲ့ပါတယ်။ အသက် ၂၈ နှစ်မှာ ကမ္ဘာ့အဆင့် ၅ ခုရှင် အငယ်ဆုံး လက်ဝှေ့သမား ဖြစ်ခဲ့ပြီး သူ့ခေတ်က ပရိသတ်ကို စိတ်လှုပ်ရှားမှုအပေးနိုင်ဆုံး လက်ဝှေ့သမား ဖြစ်ခဲ့ပါတယ်။ လက်ဝှေ့လောကထဲက ထွက်ပြီးနောက် သူဟာ လက်လီ ၊ စုပေါင်းအိမ်ရာ နဲ့ မြို့ပြဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်တဲ့ Golden Boy Partners တည်ထောင်ထားပါတယ်။

(၅) Lennox Lewis

ဟဲဗီးဝိတ်ချန်ပီယံ Mike Tyson ကို အလဲထိုးခဲ့တဲ့ အင်္ဂလန် လက်ဝှေ့ကျော် Lennox Lewis ဟာ ဟဲဗီးဝိတ်ချန်ပီယံ ၃ ကြိမ် ဖြစ်ခဲ့သူပါ။ အကြီးကျယ်ဆုံး ဗြိတိန် Boxer ဖြစ်ပြီး လက်ရှိ ဒေါ်လာသန်း ၁၄၀ ချမ်းသာကြွယ်ဝပါတယ်။ ၂၀၀၂ ခုနှစ်က Mike Tyson နဲ့ ပွဲဟာ Pay Per View ဝယ်သူ ၁.၉၅ သန်းအထိ စံချိန်ရှိခဲ့ပြီး မိုက်တိုင်ဆင်နဲ့ တစ်ပွဲထိုးရုံနဲ့တင် ဒေါ်လာ သန်း ၅၀ ခန့် ရခဲ့ပါတယ်။ သူ့ခေတ် သူ့အခါက ရွှေရောင်အတောက်ပဆုံး လက်ဝှေ့ကျော်တွေကို အလဲထိုးခဲ့တာကိုက Lennox Lewis ကို ကမ္ဘာ့ လက်ဝှေ့သမိုင်းမှာ အကြီးကျယ်ဆုံးလက်ဝှေ့ကျော်အဖြစ် မှတ်တမ်းဝင်စေခဲ့တာ ဖြစ်ပါတယ်။ Lennox Lewis ရဲ့ ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဘဝမှာ ၄၁ ပွဲနိုင် ၂ ပွဲရှုံး ၁ ပွဲသရေ ရလဒ်ရခဲ့ပြီး ၃၂ ပွဲ Knockout အလဲထိုးခဲ့ပါတယ်။ လက်ဝှေ့သတ်ပြီး ဒေါ်လာသန်း ရာနဲ့ချီ ရခဲ့သလို အခုထိလည်း ချမ်းသာမှုကို ထိန်းထားနိုင်ဆဲ ဖြစ်ပါတယ်။

Featured Photo : Fierce Video