၂၀၀၀ ပြည့်နှစ်မှာ စတင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး နှစ် ၂၀ ကျော် သက်တမ်းရှိပြီ ဖြစ်တဲ့ အမေရိကန် Melodic Death Metal အဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ The Black Dahlia Murder အဖွဲ့ အဆိုတော် ထရီဗော် စထရာနက်ဒ် မေလ ၁၁ ရက် အစောပိုင်းက ကွယ်လွန် သွားခဲ့ပြီလို့ ဆိုပါတယ်။

စထရာနက်ဒ် ရဲ့ နာရေးသတင်းကို The Black Dahlia Murder အဖွဲ့ရဲ့ တရားဝင် Instagram စာမျက်နှာမှာ ကြေညာထားပါတယ်။ ” ထရီဗော် စထရာနက်ဒ် ကွယ်လွန် ကြောင်း သတင်းကို စိတ်နှလုံးကြေကွဲစွာနဲ့ ကြေညာလိုက်ပါတယ်။ ကျွန်တော်တို့ ချစ်ရတဲ့ အကိုဟာ သူနဲ့ တွေ့ဆုံခဲ့သူတိုင်းရဲ့ ချစ်ခြင်းမေတ္တာကို ရရှိခဲ့သူပါ” လို့ ဖော်ပြထားပါတယ်။

The Black Dahlia Murder Performs At UC Theatre

Photo : NME

မစ်ရှီဂန်ပြည်နယ် Waterford အခြေစိုက် ဂီတအဖွဲ့တစ်ခုဖြစ်တဲ့ The Black Dahlia Murder ကို ၂၀၀၀ ပြည့်နှစ်မှာ ဖွဲ့စည်းခဲ့ပါတယ်။ အဖွဲ့နာမည်ကို ၁၉၄၇ ခုနှစ်က လက်သည်မပေါ်ဘဲ အသတ်ခံခဲ့ရတဲ့ အသက် ၂၂ နှစ်အရွယ် ရုပ်ရှင်မင်းသမီး အဲလ်လီဇဘက် ရှော့တ်ရဲ့ နာမည်ကို ရည်စူးပြီး နာမည်ပေးထားတာပါ။ အဲလ်လီဇဘတ် ရှော့တ်ကို The Black Dahlia လို့လည်း ခေါ်လေ့ရှိပါတယ်။ The Black Dahlia Murder အဖွဲ့ကို Lead Vocalist အဖြစ် ထရီဗာ စထရာနက်ဒ် ၊ Rhythm ဂစ်တာသမား ဘရိုင်ယန် အက်စ်ဘတ်ချ် ၊ ဘေ့စ်ဂစ်တာသမား မက်ချ် လာဗယ်လီ ၊ ဒရမ်သမား အလန် ကတ်ဆီဒီ နဲ့ Lead Guitarist ဘရန်ဒန် အယ်လီစ်တို့နဲ့ ဖွဲ့စည်းထားပါတယ်။

The Black Dahlia Murder အဖွဲ့ရဲ့ Lead Guitarist ဘရန်ဒန် အယ်လီစ်ကတော့ စထရာနက်ဒ် ကို ကမ္ဘာပေါ် လမ်းလျှောက်ခဲ့တဲ့သူတွေထဲမှာ ရွှင်မြူးစရာ နဲ့ အဖျော်ဖြေနိုင်ဆုံး အနုပညာရှင်တွေထဲက တစ်ဦးအဖြစ် သတ်မှတ်ပါတယ်။ “Lyric ပိုင်းမှာ မဟာဉာဏ်ကြီးရှင်တစ်ဦး ၊ Heavy Music ဂီတယဉ်ကျေးမှု တစ်ရပ်လုံးရဲ့ ချန်ပီယံ ။ နောက်ပြီး ကျွန်တော့်ကို အကြီးဆုံး ပံ့ပိုးခဲ့သူ” လို့ အယ်လိစ်က တင်စား ပြောဆိုပါတယ်။

ဂီတနဲ့ ပတ်သက်လာရင် လမ်းလျှောက်စွယ်စုံကျမ်းကြီးသဖွယ်ဖြစ်ခဲ့တဲ့ သူဟာ ကမ္ဘာ့အကြီးကျယ်ဆုံး ဖျော်ဖြေသူတွေထဲက တစ်ဦးပဲလို့လည်း ပြောထားပါတယ်။ သေရတဲ့ အကြောင်းအရင်းကို ထုတ်ပြန်ခြင်း မရှိဘဲ ကွယ်လွန်ကြောင်း Instagram ကြေညာချက်ထဲမှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံမှုကို ကာကွယ်ဖို့ ဖွဲ့စည်းထားတဲ့ National Suicide Prevention Lifeline အဖွဲ့အစည်း ရဲ့ ဖုန်းနံပါတ်တစ်ခု ထည့်သွင်းဖော်ပြထားပါတယ်။ စထရာနက်ဒ် ကွယ်လွန်ချိန်မှာ အသက် ၄၁ နှစ်အရွယ် ရှိပြီ ဖြစ်တယ်လို့ပဲ ဖော်ပြထားပါတယ်။

The Black Dahlia Murder တီးဝိုင်းဟာ အဖွဲ့တည်ထောင်ပြီး ၂ နှစ်ခန့်အကြာ ၂၀၀၃ ခုနှစ်မှာ အဖွဲ့ရဲ့ ပထမဆုံး LP အယ်လ်ဘမ် Unhallowed ကို ဖြန့်ချိခဲ့ပါတယ်။ The Black Dahlia Murder Band ရဲ့ ဂီတသက်တမ်းအတွင်း စတူဒီယိုအယ်လ်ဘမ် ၈ ချပ် ထွက်ခဲ့ပြီး ဒီထဲက ၇ ချပ်ဟာ US Billboard 200 မှာ ဖော်ပြခံခဲ့ရပါတယ်။ ပဉ္စမမြောက်အယ်လ်ဘမ် Ritual ဟာ ၂၀၁၁ ခုနှစ်ရဲ့ US Billboard 200 မှာ နံပါတ်စဉ် ၃၁ နေရာမှာ စွဲခဲ့ပြီး ခေတ်ပြိုင် အမေရိကန် Extreme Metal Bands တွေထဲက အကျော်ကြားဆုံးဂီတအဖွဲ့ တစ်ဖွဲ့ အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

The-Black-Dahlia-Murder

Photo : subculture entertainment

နဝမမြောက် နဲ့ နောက်ဆုံး အယ်လ်ဘမ် Verminous ကို ပြီးခဲ့တဲ့ ၂၀၂၀ ဧပြီ ၁၇ ရက်နေ့မှာ ဖြန့်ချိထားပါတယ်။ The Black Dahlia Murder အဖွဲ့ဟာ ဒီနှစ်ကုန်ပိုင်းမှာ နယ်လှည့်ဖျော်ဖြေပွဲတစ်ခု လုပ်ဖို့ စီစဉ်ထားပါတယ်။ အဖွဲ့အနေနဲ့ နယ်သာလန်နိုင်ငံ ဩဂုတ်လထဲမှာ ကျင်းပသွားမယ့် Dynamo Metalfest Festival မှာပါ ဝင်ရောက်ဖျော်ဖြေဖို့ ရှိပါတယ်။

အခုတော့ အဖွဲ့ရဲ့ ပင်တိုင်အဆိုတော် စထရာနက်ဒ် ရုတ်တရက် ကွယ်လွန် သွားတာကြောင့် အစီအစဉ်အပြောင်းအလဲ ရှိနိုင်ပါတယ်။ စထရာနက်ဒ် ဟာ မကွယ်လွန်ခင် ၃ ရက်အကြိုမှာ သူ့ချစ်သူ ဗွိုင်းအိုလက် နော့တ်နဲ့ ဓါတ်ပုံကို Instagram မှာ တင်ခဲ့ပါတယ်။ အခုတော့ သူချစ်တဲ့ ကောင်မလေးနဲ့အတူ သူ့ရဲ့ The Black Dahlia Murder အဖွဲ့ကိုပါ ချန်ထားခဲ့ပြီ ဖြစ်ပါတယ်။

Featured Photo : NME