ဟောလီဝုဒ်ရုပ်ရှင်လောကမှာ အမြင့်ဆုံးအနုပညာ ထူးချွန်ဆု တစ်ဆုက အော်စကာ ပဲ ဖြစ်ပါတယ်။ အော်စကာ ဆုရတဲ့ ရုပ်ရှင်ကား တွေကလည်း ရုပ်ရှင်ပညာရှင်အဖွဲ့အစည်းက သေချာစိစစ်ရွေးချယ်ပြီး ထိုက်ထိုက်တန်တန် ချီးမြှင့်နေရာပေးထားတာ ဖြစ်ပါတယ်။ ရုပ်ရှင်အနုပညာလောကမှာ အမြင့်ဆုံးစံတစ်ခုဖြစ်တဲ့ အော်စကာဆု ကို တရားဝင်ခေါ်တဲ့ အခေါ်အဝေါအနေနဲ့ The Academy Awards လို့ ခေါ်ပြီး ၁၉၂၉ ခုနှစ် မေလ ၁၆ ရက်နေ့ကတည်းက စတင် ချီးမြှင့်လာခဲ့တာပါ။ နှစ်ပေါင်း ၉၀ ကျော် အော်စကာဆု သမိုင်းမှာ ပြောစရာ ရုပ်ရှင်ကားတွေက တပုံကြီး။ ဒါပေမယ့်လည်း ဒီလို အော်စကာ ဆုရ ရုပ်ရှင်ကား ကောင်းတွေထဲက မဖြစ်မနေ ကြည့်သင့်တဲ့ ရုပ်ရှင်ကားတချို့အကြောင်း မျှဝေပေးလိုက်ရပါတယ်။

(၁) No Country For Old Men (2007)

No Country For Old Men ဟာ သာမန်ကြည့်လိုက်ရင် ခေတ်သစ်ကောင်းဘွိုင်လူသတ် မှုခင်းကားတစ်ကားပါ။ ဒီကားကို သရုပ်ဆောင်တာက Tommy Lee Jones ၊ Javier Bardem နဲ့ Josh Brolin တို့ ဖြစ်ပြီး ၁၉၈၀ တစ်ဝိုက် အနောက်တက္ကဆက်က မူးယစ်ဆေးရောင်းသူတွေ အဝေမတည့်လို့ ပစ်ခတ်ရာကနေ ကျန်နေတဲ့ ဒေါ်လာ ၂ သန်းကို တွေ့သွားတဲ့ လဝေးလန် မော့စ် (Josh Brolin) နောက်ကို အန်တွန် ချီးဂါး ( Javier Bardem) ဆိုတဲ့ လက်မရွံ့က အမဲလိုက်တော့တာပါပဲ။ ဒီဇာတ်ကားဟာ ၈၀ ကြိမ်မြောက် Academy Awards မှာ အကောင်းဆုံးရုပ်ရှင်ဆု အပါအဝင် ဆု ၄ ဆု ရခဲ့သလို British Academy Film Awards (BEFTA) ၃ ဆု နဲ့ ရွှေကမ္ဘာလုံး Golden Globes ၂ ဆုတို့ပါ ရခဲ့ပါတယ်။ American Film Institute ရဲ့ AFI Movie Of The Year နဲ့ ၂၀၀၇ ခုနှစ်အတွက် National Board Of Review ရဲ့ အကောင်းဆုံး ရုပ်ရှင်ကား အဖြစ်ပါ ရွေးချယ် ခံခဲ့ရပါတယ်။

ဒေါ်လာ ၂၅ သန်း အကုန်အကျခံ ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ဟာ ဒေါ်လာ ၁၇၁ သန်း ပြန်ဝင်ခဲ့ပြိး ငွေကြေးအရလည်း အောင်မြင်မှု ရခဲ့ပါတယ်။ ရုပ်ရှင်ဝေဖန်သူတွေဟာ ဒီဇာတ်ကားကို ရိုက်ကူးတဲ့ ဒါရိုက်တာ Joel Coen နဲ့ Ethan Coen နှစ်ဦးရဲ့ ဇာတ်အိမ်အခင်းအကျင်း ၊ ရုပ်ရှင်အယူအဆကို ချီးကျူးခဲ့သလို စပိန်မင်းသားကြီး Bradem ရဲ့ သရုပ်ဆောင်မှုအတတ်ပညာကိုလည်း ချီးကျူးဩဘာပြုခဲ့ကြပါတယ်။ ဇာတ်လမ်းဇာတ်အိမ်ထက် ဒီရုပ်ရှင်ထဲက သရုပ်ဆောင်မှု နဲ့ ဒါရိုက်တာရဲ့ အခင်းအကျင်း အတတ်ပညာကို သေချာ ခံစားကြည့်ဖို့လည်း ပြောချင်ပါတယ်။

(၂) The Bridge on the River Kwai (1957)

“ကွေးမြစ်ပေါ်က တံတား” ဆိုတဲ့ The Bridge on the River Kwai (1957) ရုပ်ရှင်ဟာ ဒါရိုက်တာ David Lean ရဲ့ ဂန္ဓဝင် စစ်ကားတစ်ကားဖြစ်ပြီး ဒီရုပ်ဟာ Pierre Boulle ရဲ့ ၁၉၅၂ ခုနှစ်ထွက် The Bridge on the River Kwai စာအုပ်ကို အခြေခံ ရိုက်ကူးထားတာပါ။ ၁၉၄၂-၄၃ ဂျပန်ခေတ် သေမင်းတမန်ရထားလမ်းလို့ ခေါ်တဲ့ ထိုင်း-ဗမာ သံဖြူဇရပ်ရထားလမ်းပိုင်း တည်ဆောက်မှုကို သမိုင်းအနေနဲ့ ယူထားပေမယ့် Boulle ရဲ့ ဇာတ်အိမ်နဲ့ ဇာတ်ကောင်တွေ အကုန်လုံးက စိတ်ကူးယဉ်ဇာတ်လမ်း ၊ ဇာတ်ကောင်တွေအဖြစ် ဖွဲ့နွဲ့ထားတာပါ။

ထူးခြားတာက ဇာတ်ညွှန်းကို ဟောလီဝုဒ် Black List စာရင်းဝင် ဇာတ်ညွှန်းသမားနှစ်ဦး ဖြစ်တဲ့ Carl Foreman နဲ့ Michael Wilson တို့က ရေးထားတာပါ။ ဒါကြောင့်ပဲ အင်္ဂလိပ်လို မပြောတတ်တဲ့ ပြင်သစ်စာရေးဆရာကြီး Boulle ဟာ အကောင်းဆုံးဇာတ်ညွှန်း အကယ်ဒမီဆု (Academy Award For Best Adapted Screenplay) ဆု ရသွားတာ ဖြစ်ပါတယ်။ နောက် နှစ်ပေါင်းများစွာ ကြာမှ Foreman နဲ့ Wilson တို့ အကယ်ဒမီဆုပေးခံရတာ ဖြစ်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် The Bridge on the River Kwai ဟာ ခေတ်တလျှောက် အကောင်းဆုံး ရုပ်ရှင်ကားတစ်ကားအဖြစ် အသိအမှတ်ပြုခံရသလို ရုပ်ရှင်ဝေဖန်သူတွေရဲ့ ချီးကျူးမှုလည်း သောသောညံညံ ရခဲ့ပါတယ်။

ရုပ်ရှင်အနုပညာအောင်မြင်မှုအနေနဲ့ အကြိမ် ၃၀ မြောက် အကယ်ဒမီဆုပေးပွဲမှာ အကောင်းဆုံး ရုပ်ရှင်ဆု အပါအဝင် Academy Awards ၇ ဆု ချီးမြှင့်ခံခဲ့ရပါတယ်။ ဒီရုပ်ရှင်ဟာ မော်ကွန်းဝင် မှတ်တမ်းရုပ်ရှင်အဖြစ် အမေရိကန်ကွန်ဂရက်လွှတ်တော် စာကြည့်တိုက်ထဲမှာ ထိန်းသိမ်းထားတဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။ ၁၉၉၉ မှာ British Film Institute ရဲ့ အကြီးကျယ်ဆုံး ၂၀ ရာစု ဗြိတိသျှရုပ်ရှင်တွေထဲမှာ နံပါတ်စဉ် ၁၁ နေရာကနေပါ ဖော်ပြခံရတဲ့ ရှပ်ရှင်ကား လည်း ဖြစ်လို့ မကြည့်ရ မရှိအောင် ကြည့်သင့်တဲ့ ကားတစ်ကားလို့ပဲ ညွှန်းပါရစေ။

(၃) Gone With the Wind (1939)

ဝတ္ထုအရလည်း ကမ္ဘာကျော်ခဲ့သလို ရုပ်ရှင်အဖြစ် အသက်သွင်းရာမှာလည်း အကြီးကျယ်ဆုံး ဂန္ဓဝင်စာရင်းဝင်ခဲ့တဲ့ ရုပ်ရှင်ကားကောင်းအကြောင်း ပြောရင် Gone With the Wind (1939) ကို ချန်ထားလို့ မရပါဘူး။ မာဂရက် မစ်တ်ချဲလ်ရဲ့ ၁၉၃၉ ခုနှစ်က ဝတ္ထု Gone With the Wind ကို ဇာတ်ကားအဖြစ် ပြန်အသက်သွင်းခဲ့တဲ့ ဒီရုပ်ရှင်ထဲမှာ လူတိုင်းကြိုက်တဲ့ ဇာတ်ကောင်နှစ်ယောက် ရှိပါတယ်။ စကားလက် အိုဟားရာ (Vivien Leigh) နဲ့ ရုသ်ဘတ္တလာ (Clark Gable) ပါပဲ။

Gone With the Wind (1939) ရုပ်ရှင်ကားအကြောင်း ပြောမယ်ဆိုရင် ပြောလို့ မကုန်အောင် များပါတယ်။ စကားပြောခန်းတွေအရရော ၊ ဇာတ်ကောင်စရိုက် ပြောင်းလဲပုံ ၊ ဇာတ်လမ်းက ပေးတဲ့ ရသ နဲ့ ရုပ်ရှင်ဆိုင်ရာ မြင့်မားတဲ့ အဆင့်အတန်းတွေကို တစ်ပုံကြီး ခံစားရမှာပါ။ “စစ်ပွဲတွေဟာ အထူးခြားဆုံး မုဆိုးမတွေ ပြလုပ်ပေးတာပဲ” ဆိုတဲ့ ရုသ် ဘတ္တလာရဲ့ စကားဟာ အမေရိကန်ပြည်တွင်းစစ်ကနေ ဒီနေ့ခေတ်အထိ မှန်နေဆဲ ဖြစ်သလို စကားလက်ရဲ့ “မနက်ဖြန်ဆိုတာ နောက်တစ်နေ့ပါပဲလေ” ဆိုတဲ့ ခံယူချက်ကလည်း ခေတ်ပျက်ကြီးကို ရင်ဆိုင်ရာမှာ တစ်နည်းတစ်ဖုံ ခွန်အားဖြစ်စေပါတယ်။

အတိုချုပ် ပြောရရင် ၁၂ ကြိမ်မြောက် Academy Awards မှာ အော်စကာ ၁၀ ဆု ရခဲ့ပါတယ်။ မင်းသမီး Vivien Leigh လည်း အော်စကာ ရခဲ့သလို အကောင်းဆုံး ရုပ်ရှင်ဆု ၊ ဒါရိုက်တာ ဆု ၊ ဇာတ်ညွှန်းဆု (ထူးထူးခြားခြား) ဇာတ်ပို့မင်းသမီးကြီး (စကားလက်ရဲ့ အိမ်တော်ထိန်းအဖြစ် သရုပ်ဆောင်တဲ့) Hattie McDaniel ပါ အော်စကာ ရခဲ့ပါတယ်။ McDaniel ဟာ အကယ်ဒမီရတဲ့ ပထမဆုံး အာဖရိကန်အမေရိကန် အမျိုးသမီးကြီးလည်း ဖြစ်ပါတယ်။

အကောင်းဆုံး ဂန္ဓဝင်ရုပ်ရှင်တွေထဲက တစ်ကားဖြစ်ပြီး ဒေါ်လာ ၃.၈၅ သန်း အကုန်အကျခံ ရိုက်ကူးခဲ့ရာကနေ ဒေါ်လာ သန်း ၃၉၀ ဝင်ခဲ့ပါတယ်။ ဒီနေ့ခေတ် ငွေကြေးနဲ့ဆို ဒေါ်လာ ဘီလျံနဲ့ချီ ဝင်ငွေရခဲ့တာလည်း ဖြစ်ပါတယ်။

(၄) Schindler’s List (1993)

ဒိုင်နိုဆောရုပ်ရှင်တွေ ၊ စက်ရုပ် ၊ စပိုင်နဲ့ ဂြိုလ်သားကားတွေအရိုက်များတဲ့ ဒါရိုက်တာကြီး Steven Spielberg ရဲ့  အကောင်းဆုံး ရုပ်ရှင်ကား တွေထဲက တစ်ကားပါ။ သမိုင်းမှာ အဆိုးဆုံး အမည်းကွက်ကြီးတစ်ခုဖြစ်ခဲ့တဲ့ ဂျူးလူမျိုး ၆ သန်း အသက်ခံရတဲ့ Holocaust လို့ ခေါ်တဲ့ လူသတ်ပွဲကြီးမှာ လူပေါင်း ၆၀၀ ကို ကယ်တင်နိုင်ခဲ့သူ အော်စကာ ရှင်းဒလား (Liam Neeson) ကို အသားပေး ရိုက်ထားတာပါ။

အနုပညာ အောင်မြင်မှုအ‌နေနဲ့ Best Picture ၊ Best Director ၊ Best Adapted Screenplay ၊ Best Original Score အပါအဝင် Academy Awards ၇ ဆုအထိ ရခဲ့သလို BAFTAs ဆု ၇ ဆု နဲ့ Golden Globe Awards ၃ ဆု ရခဲ့ပါတယ်။ Schindler’s List ဟာ American Film Institute ရဲ့ 100 Best American Film Of All Time မှာ အဆင့် ၈ နေရာက ရပ်တည်ခဲ့ပါတယ်။

(၅) The Godfather (1972)

The Godfather သုံးကားတွဲဟာ သမိုင်းမှာ အကောင်းဆုံး ရုပ်ရှင်ကား တွေထဲမှာ ဖော်ပြခံရတဲ့ ရုပ်ရှင်ကားတွေပါ။ Mario Puzo ရဲ့ ဝတ္ထု The Godfather ကို အခြေခံထားတဲ့ ရုပ်ရှင်တွေဟာ ဒိုင်ယာလော့ခ်အရရော ဇာတ်လမ်းကပေးတဲ့ သင်ခန်းစာ ၊ ရုပ်ရှင်သရုပ်ဆောင်မှုအတတ်ပညာ အဘက်ဘက်က ပြည့်စုံတယ်လို့ ပြောနိုင်တဲ့ ဂန္ဓဝင်ကားကောင်းတွေ ဖြစ်ပါတယ်။ ဇာတ်လမ်းရှည်လျားလွန်းတာပဲ ပြောစရာ ရှိပါတယ်။ ဒါပေမယ့်လည်း ဇာတ်အိမ်အရရော ဇာတ်လမ်းဆွဲဆောင်မှုအရပါ ငြီးငွေ့စရာတော့ ရှိမှာ မဟုတ်ပါဘူး။

ရုပ်ရှင်အတတ်ပညာပိုင်းမှာ အပြစ်ဆိုစရာ မရှိအောင် ထူးချွန်ကြတဲ့ Al Pacino ၊ Marlon Brando နဲ့ Robert De Niro တို့ အပြိုင် သရုပ် ဆောင်ထားကြပြီး ၁၉၄၅-၅၅ အထိ ကြာတဲ့ Corleone မိသားစု ဇာတ်ကြောင်းပါ။ The Godfather Trilogy ထဲမှာ အကောင်းဆုံးလို့ ပြောနိုင်တဲ့ ရုပ်ရှင်ကတော့ The Godfather (1972) ပါ။ ဇာတ်လမ်းအရ အရေးပါဆုံး အပိုင်းလည်း ဖြစ်သလို ရုပ်ရှင်သရုပ်ဆောင်မှုစွမ်းရည်တွေ ပုံအောချပြထားတယ်လို့ ဝေဖန်သူတွေ ချီးကျူးရတဲ့ ဇာတ်လမ်းပါ။

၄၅ ကြိမ်မြောက် Academy Awards မှာ Best Picture ၊ Best Actor (Marlon Brando) နဲ့ Best Adapted Screenplay ( Puzo & Coppola) တို့ ရခဲ့ပြီး အကောင်းဆုံး နဲ့ ရုပ်ရှင်သမိုင်းရဲ့ ဩဇာအကြီးဆုံး ဇာတ်ကားတစ်ကားဖြစ်လို့ မလွတ်တမ်း ကြည့်သင့်တဲ့ ရုပ်ရှင်ကား လို့ပဲ ညွှန်းလိုက်ပါရစေ။

Featured Photo : BBC