ကွီးတို့ရေ ကျန်းမာခြင်းသည် လာဒ်တစ်ပါး ဆိုသည့်အတိုင်း ကျန်းမာမှ အလုပ်လုပ်နိုင်ပြီး မိမိဘဝ ရည်မှန်းချက်ပန်းတိုင်သာမက မိမိအလိုရှိရာကို စိတ်သွားတိုင်း ကိုယ်ပါပြီး ပြီးမြောက်နိုင်မှာ ဖြစ်ပါတယ်။ အချို့သောရောဂါများဟာ အမျိုးသားနဲ့ အမျိုးသမီးများအပေါ် ဖြစ်ပွားမှု မတူကြပါဘူး။ ဒါကြောင့် အမျိုးသားတွေမှာ ပိုပြီး ဖြစ်ပွားနိုင်ခြေရှိတဲ့ ရောဂါများ ကို ကွီးတို့ သိရှိသတိပြုနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။
(၁) နှလုံးရောဂါ
Photo : Narayana Health
အမျိုးသားတွေမှာ ပိုပြီး အဖြစ်များလေ့ရှိတဲ့ ရောဂါများမှာ နှလုံးရောဂါဟာထိပ်ဆုံးက ပါဝင်ပါတယ်။ နှလုံးရောဂါကြောင့် အမျိုးသားသေဆုံးမှုနှုန်းဟာ ၂၄ ရာနှုန်းရှိပြီး အမျိုးသမီးတွေမှာ ၂၁ ရာနှုန်း ရှိပါတယ်။ အမျိုးသားများဟာ အမျိုးသမီးတွေထက် နှလုံးရောဂါ ပိုဖြစ်နိုင်ချေများခြင်းက အမျိုးသမီးများထက် အရက်နှင့်ဆေးလိပ် အလွန်အကျွံသောက်ခြင်းကလည်း အဓိက အကြောင်းပြချက်တစ်ခုဖြစ်ပါတယ်။ အသက်၄၅နှစ်အထက် အမျိုးသားတွေမှာ သွေးတိုးရောဂါ ဖြစ်နိုင်ချေများလာပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ဒီဆိုးကျိုးတွေကနေတဆင့် နှလုံးကို ထိခိုက်ပြီး နှလုံးရောဂါဖြစ်စေပါတယ်။
(၂) အဆုတ်ကင်ဆာ
Photo : CubaHeal
အမျိုးသားတွေမှာ နောက်ထပ်အဖြစ်များတဲ့ ရောဂါတစ်ခုကတော့ အဆုတ်ကင်ဆာရောဂါ ဖြစ်ပါတယ်။ အမျိုးသမီးများထက် အမျိုးသားမျာက ဆေးလိပ်သောက်သုံးသူ ပိုများတာကြောင့် အဆုတ်ကင်ဆာ ဖြစ်နိုင်ချေ ပိုများပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ အဆုတ်ကင်ဆာဖြစ်ဖို့ အဓိက အကြောင်းတစ်ရပ် ဖြစ်ပါတယ်။ ဆေးလိပ်သောက်သူတွေဟာ ဆေးလိပ်မသောက်သူတွေထက် အဆုတ်ကင်ဆာဖြစ်နိုင်ချေ ပိုများပြီး သေဆုံးနိုင်ချေ အဆ ၃၀ ပိုများပါတယ်။
(၃) ပါကင်ဆန်ရောဂါ
Photo : University of Bath
ပါကင်ဆန်ရောဂါ (Parkinson’s Disease) ဆိုသည်မှာ ဦးနှောက် နှင့် အာရုံကြောရောဂါ တစ်မျိုးဖြစ်ပြီး ဦးနှောက် အတွင်းရှိ လှုပ်ရှားမှုကို ထိန်းချုပ်ပေးသော ဆဲလ်တွေ ပုံမှန်အလုပ်မလုပ်သောအခါ သို့မဟုတ် ထိုဆဲလ်တွေ သေဆုံးတဲ့အခါ ပါကင်ဆန်ရောဂါလက္ခဏာတွေ စတင်လာပါတယ်။ ရောဂါလက္ခဏာ တွေကတော့ ခြေလက်တုန်ခြင်း၊ လှုပ်ရှားမှု နှေးကွေးလာခြင်း၊ ကြွက်သားများတောင့်တင်းခြင်း၊ ဟန်ချက်မညီခြင်း၊ လှုပ်ရှားမှုကို ထိန်းချုပ်မရခြင်း တွေ ဖြစ်လာပါတယ်။ ဖြစ်ပွားတဲ့အကြောင်းရင်းကို အတိအကျ မသိသေးပါဘူး။ အမျိုးသားတွေမှာ အမျိုးသမီးများထက် ပါကင်ဆန်ရောဂါဖြစ်ပွားမှု ၅၀ ရာခိုင်နှုန်းပိုများပါတယ်။
(၄) အရေပြားကင်ဆာ
Photo : Today
အရေပြားကင်ဆာရောဂါဟာ အမျိုးသားတွေမှာ အမျိုးသမီးတွေထက် ပိုဖြစ်ပါတယ်။ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် နေရောင်အောက်မှာ ပိုပြီး အလုပ်လုပ်ရတဲ့အတွက် နေရောင်ကြောင့် ရောဂါဖြစ်နိုင်ချေ ပိုများပါတယ်။ နေရောင်ခံလိမ်းဆေးတွေကို အမျိုးသမီးတွေလောက် အသုံးမပြုကြပါဘူး။ နောက်တချက်က အမျိုးသားတွေဟာ အမျိုးသမီးတွေထက်စာရင် ဆံပင်တိုတဲ့အတွက် ဦးရေပြားနဲ့ နားရွက်တွေမှာ နေရောင်ဒါဏ် ပိုခံရပြီး ရောဂါဖြစ်နိုင်ချေ ပိုများပါတယ်။ ဒါကြောင့် နေရောင်ဒါဏ် ကာကွယ်ဖို့ အကြံပြုလိုပါတယ်။ မိမိရဲ့ အရေပြားပေါ်မှာ ပုံမှန်မဟုတ်တဲ့ အခြေအနေတွေ တွေ့ရှိတယ်ဆိုရင် အရေပြားရောဂါဆိုင်ရာ ဆရာဝန်တွေနဲ့ ပြသတိုင်ပင်ဖို့လိုအပ်ပါတယ်။ အရေပြားကင်ဆာဟာလည်း အမျိုးသားတွေမှာ ပိုပြီး အဖြစ်များလေ့ရှိပြီး ဂရုပြုရမယ့်ရောဂါ တစ်ခုဖြစ်ပါတယ်။
ခုခံအားကျဆင်းမှုရောဂါ (HIV/ AIDS)
Photo : Vox
ခုခံအားကျရောဂါ (HIV/ AIDS) ဟာ အမျိုးသားတွေမှာ ပိုပြီး ဖြစ်များတဲ့ရောဂါတစ်ခုဖြစ်ပါတယ်။ ဗိုင်းရပ်ပိုးကြောင့် ဖြစ်တဲ့ရောဂါ ဖြစ်ပါတယ်၊ ရောဂါရှိတဲ့လူကတဆင့် လိင်တူ လိင်ကွဲ လိင်ဆက်ဆံမှုကနေ ကူးစက်တာဖြစ်ပါတယ်။ ဒီရောဂါဟာ ကိုယ်ခန္ဓာခုခံမှုစနစ်ကို ပျက်စီးစေတဲ့အတွက် အခြားရောဂါ ပေါင်းစုံဝင်ရောက်ခြင်း၊ လူမှုစီးပွားထိခိုက်ခြင်း၊ ပတ်ဝန်းကျင် အသိုင်းအဝန်းတွင် ဖယ်ကျဉ်ခံရခြင်းတွေ ကြုံတွေ့နိုင်ပါတယ်။ တစ်လင်တစ်မယားစနစ်ကို တန်ဖိုးထားခြင်းနဲ့ ကွန်ဒုံးကို စနစ်တကျသုံးစွဲခြင်းတို့ဖြင့် ရောဂါပိုး ကူးစက်ခြင်းကို ကာကွယ်နိုင်တဲ့အကြောင်း အသိပေးလိုက်ပါတယ်။
Source : Healthgrades
Featured Photo : pond5