လုပ်ငန်းခွင်မှာဖြစ်စေ၊ သူငယ်ချင်းအပေါင်းအသင်းထဲမှာဖြစ်စေ၊ အိမ်နီးနားချင်းကဖြစ်စေ၊ ပတ်ဝန်းကျင်က တစ်စုံတစ်ယောက်ကဖြစ်စေ ကိုယ့်ကို စိတ်အနှောင့်အယှက် တစ်နည်းမဟုတ်တစ်နည်း ပေးနေတဲ့သူတွေ ရှိပါသလား။ နေ့စဉ်လှုပ်ရှားရုန်းကန်နေရတဲ့ ခေတ်ကြီးထဲမှာ ကိုယ့်ပတ်ဝန်းကျင်က ကိုယ့်ကို စိတ်အနှောင့်အယှက် ပေးတဲ့သူတွေကြောင့် ကွီးတို့စိတ်ရောကိုယ်ပါ ပင်ပန်းနေပြီလား။ နေ့စဉ်ရက်ဆက် ကွီးတို့ကို စိတ်အနှောင့်အယှက်ပေးသူတွေနဲ့ ကြုံတွေ့နေရတဲ့အခါ နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာပါ ပျော်ရွှင်တက်ကြွမှုမရှိတော့အထိ အကျိုးသက် ရောက်မှု ရှိလာနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးနဲ့ ရင်ဆိုင်နေရပြီဆိုရင် ကိုယ့်ကို စိတ်အနှောင့်အယှက် ပေးနေသူတွေ ကိုရှောင်ရှားနိုင်ဖို့ သေချာတဲ့ နည်းလမ်းကောင်းလေးတွေ ရှိပါတယ်။ ထိုနည်းလမ်းလေးတွေကတော့
၁။ လျစ်လျူရှုလိုက်ပါ
Photo : Medium
ပထမဆုံးနဲ့ အရေးကြီးဆုံး နည်းလမ်းကတော့ ကိုယ့်ကို စိတ်အနှောင့်အယှက်ပေးနေတဲ့လူကို အရေးတယူမပြုဘဲ လျစ်လျူရှု့ထားရမှာ ဖြစ်ပါတယ်။ လျစ်လျူရှု့ထားခြင်းက အနည်းနဲ့အများတော့ ထိရောက်လေ့ရှိပါတယ်။ ကိုယ့်ကို စိတ်အနှောင့်အယှက်ပေးနေသူတွေ လက်လျော့ပြီး ကိုယ့်ကို အနှောင့်အယှက်မပေးတော့တဲ့အထိ လျစ်လျူရှု့ထားလိုက်ပါ။
၂။ သူတို့ကို မတုံ့ပြန်ပါနဲ့
Photo : Love Devani
ကိုယ့်ကို စိတ်အနှောင့်အယှက်ပေးနေသူကို ဘယ်လိုအခြေအနေမျိုး မဆိုဖြစ်စေ၊ ဘယ်လို အပြုအမူမျိုးကိုဖြစ်စေ ဘာမှတုံ့ပြန့်မှု မပေးဘဲနေကြည့်ပါ။ကိုယ့်ကို စိတ်ဆိုးဒေါသထွက်ပြီး ပြန်လည်တုံ့ပြန်စေဖို့ ဘယ်လိုပဲ စိတ်အနှောင့်အယှက်ပေးနေပါစေ လုံးဝမတုံ့ပြန်မိစေရန် ကြိုးစားကြည့်ပါ။ ကိုယ့်ဆီက ဘာတုံ့ပြန်မှုမှမရရင် ထိုသူရဲ့ စိတ်ဝင်စားမှုက ကိုယ့်အပေါ်မှာနည်းသွားပြီး စိတ်အနှောင့်အယှက်ပေးနိုင်မှုလည်း လျော့နည်းသွားပါလိမ့်မယ်။
၃။ ယဉ်ကျေးစွာ တောင်းဆိုပါ
Photo : New York Post
ကိုယ့်ကို စိတ်အနှောင့်အယှက်ပေးနေတဲ့သူကို သူ့ကြောင့် ကိုယ်စိတ်အနှောင့်အယှက်ဖြစ်နေရကြောင်း နဲ့ အကြောင်းအရာကို သေချာနားလည်အောင် ပွင့်ပွင့်လင်းလင်း ပြောပြပါ။ ကိုယ့်ကို ဘာကြောင့် ဒီလိုစိတ်အနှောင့်အယှက်ပေးနေရသလဲဆိုတာ မေးကြည့်ပြီး ကိုယ့်ဘက်ကလည်းပြုပြင်သင့်တာ ပြုပြင်ပါ။ ကိုယ့်ကိုလည်း ထပ်ပြီး စိတ်အနှောင့်အယှက်မပေးဖို့ ယဉ်ယဉ်ကျေးကျေး တောင်းဆိုကြည့်ပါ။ ဒီနည်းလမ်းလေးကလည်း ပြဿနာကို ဖြေရှင်းဖို့တကယ်ကို အထောက်အကူပြုပါတယ်။
၄။ ကိုယ့်ကိုယ်ကို ပိုပြီးဂရုစိုက်ပါ
Photo : The Guardian
ကိုယ့်ရဲ့ ကျန်းမာရေး၊ အသွင်အပြင်နဲ့ နေ့စဉ်နေထိုင်မှု ပုံစံတို့ကို စောင့်ကြည့်ပြီး ကိုယ့်ကိုယ်ကို ပိုဂရုစိုက်ပေးပါ။ ဘက်ပေါင်းစုံကနေ ကိုယ့်ကိုယ်ကို တိုးတက်ကောင်းမွန်လာစေရန် အလေးပေးပြီး အာရုံစိုက်နေလိုက်ပါ။ ထိုသို့ ကိုယ့်ကိုယ်ကို အဓိကထားပြီး ဂရုစိုက်နေတဲ့အခါ ဘေးပတ်ဝန်းကျင်က တစ်စုံတစ်ယောက်ရဲ့ စိတ်အနှောင့်အယှက်ပေးနေမှုတွေဟာ ကွီးတို့အပေါ် ထင်သလောက် သက်ရောက်မှု မရှိတော့ပါဘူး။ ဒီနည်းလမ်းလေးကတော့ ကွီးတို့ကိုယ်တိုင် အတွက်ပါ အကျိုးရှိစေပြီး တကယ်ထိရောက်မှုရှိပါတယ်
၅။ ထိုသူနဲ့ ဝေးဝေးနေပါ
Photo : iStock
ကိုယ့်ဘက်က ဘယ်လိုပဲ အပြုသဘောဆောင်ဖို့ ကြိုးစားပါစေ၊ ကိုယ့်ကိုစိတ်အနှောင့်အယှက်ပေးနေသူနဲ့ အဆင်ပြေဖို့ လုပ်ဆောင်ပါစေ၊ ထိုသူကို မကိုင်တွယ်နိုင်တော့တဲ့ အခြေအနေမှာ အကောင်းဆုံးကတော့ ကိုယ့်ဘက်ကပဲစပြီး တတ်နိုင်သလောက် သူနဲ့ဝေးရာကို ရှောင်ရှားလိုက်ပါ။ စစချင်းမှာ ခက်ခဲနိုင်ပေမဲ့လည်း ဖြေးဖြေးချင်း သူနဲ့ဝေးရာမှာနေကြည့်ပါ။ ဒီနည်းလမ်းလေးက အချို့အခြေအနေများ အတွက်တော့ တကယ်ကို အမြန်ဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းလေးဖြစ်ပါတယ်။
၆။ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြည့်ပါ
Photo : ChicagoNow
အကယ်၍ ကွီးတို့ကို စိတ်အနှောင့်အယှက်ပေးနေသူက ကွီးတို့လုပ်ငန်းခွင်ကလုပ်ဖော်ကိုင်ဖက် တစ်ယောက် ဖြစ်နေမယ်ဆိုရင် ထိုသူနဲ့ရေရှည် ရှောင်ရှားနေဖို့ ကအဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် အကောင်းဆုံး နည်းလမ်းကတော့ အခြေအနေကို ပွင့်ပွင့်လင်းလင်း ပြောပြခြင်းပဲ ဖြစ်ပါတယ်။ ကာယကံရှင်ကိုယ်တိုင် သိ၍ဖြစ်စေ၊ မသိ၍ဖြစ်စေ၊ မိမိကိုစိတ်အနှောင့်အယှက်ဖြစ်စေကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြလိုက်ပါ။ ကိုယ်ခံစားရတဲ့အတိုင်း ကိုယ့်ကို စိတ်အနှောင့်အယှက်ပေးနေသူက အမှန်တကယ် သိရှိပါစေ။ ထို့နောက် ကောင်းမွန်တဲ့ ရလဒ်တစ်ခုရအောင် နှစ်ဦးနှစ်ဖက် အချင်းချင်းဆွေးနွေး တိုင်ပင်ညှိနှိုင်းကြည့်ပါ။ ဒီနည်းလမ်းဟာလည်း တကယ်ကို အလုပ်ဖြစ်စေပါတယ်။
၇။ ကိုယ့်ရဲ့ စွမ်းအင်ကို အကုန်မခံပါနဲ့
Photo : Love Devani
ကိုယ့်ကို စိတ်အနှောင့်အယှက်ပေးနေသူနဲ့ မဖြစ်မနေ ထိပ်တိုင်ရင်ဆိုင်နေရပြီလျှင် ထိုသူနဲ့အတူ အပြန်အလှန် စကားပြောဆိုရာတွင် ကုန်သည့်အချိန်ကို နည်းနိုင်သမျှ နည်းအောင်လုပ်ပါ။ အချိန်တစ်ခု သတ်မှတ်ပြီး “အစည်းအဝေး စတော့မှာမလို့ သွားပြီနော်” ” အလုပ်ရှိသေးလို့ နောက်မှ ဆက်ပြောကြမယ်” စသည်ဖြင့် အကြောင်းပြချက်ပေးပြီး စကားစဖြတ်ပါ။ လုပ်ငန်းခွင်မှာ အတူတူ အလုပ်လုပ်နေပါကလည်း မိမိအလုပ်တာဝန်ပေါ်မှာပဲ အာရုံပိုစိုက်လိုက်ပါ။ ထိုလူတွေကြောင့် ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာဖြစ်စေ စွမ်းအင်ကို အကုန်မခံပါနဲ့။ ဒီနည်းလမ်းလေးက ကွီးတို့ရဲ့ စွမ်းအင်ကို ချွေတာပြီးသားဖြစ်သလို ကိုယ့်ကိုစိတ်အနှောင့်အယှက်ပေးနေသူကိုလည်း ရှောင်ရှားပြီးသားဖြစ်စေပါတယ်။
၈။ အခြားသူများထံမှ အကူအညီရယူပါ
Photo : Westend61
ကိုယ့်ကို စိတ်အနှောင့်အယှက်ပေးနေသူကို မိမိတစ်ယောက်တည်း ရင်ဆိုင်ဖို့အတွက် ခက်ခဲနေလျှင်ဖြစ်စေ၊ ကိုယ်ဘက်လည်း အပြုသဘောဆောင်ပြီး အတတ်နိုင်ဆုံးကြိုးစားပေမဲ့လည်း ကောင်းမွန်တဲ့အခြေအနေ ရောက်မလာလျှင်ဖြစ်စေ၊ ကိုယ်တစ်ယောက်တည်း မဖြေရှင်းတော့ဘဲ အခြားသူတစ်ဦးတစ်ယောက်ထံမှ အကူအညီရယူလိုက်ပါ။ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်စေ၊ ကိုယ်ရဲ့လုပ်ငန်းခွင်က အထက်လူကြီးကိုဖြစ်စေ၊ ကိုယ့်ရဲ့မိသားစုဝင်ကိုဖြစ်စေ၊ အခြေအနေ ကို သေချာပြောပြပြီး အကောင်းဆုံးကိုင်တွယ် ဖြေရှင်းနည်းအတွက် အကြံဉာဏ် သို့မဟုတ် အကူအညီရယူပါ။
အထက်မှာ ဖော်ပြခဲ့တဲ့ နည်းလမ်းကောင်းလေးတွေက ကွီးတို့ နေ့စဉ်လှုပ်ရှားသွားလာနေရတဲ့ ပတ်ဝန်းကျင်မှာ ဖြစ်စေ၊ လုပ်ငန်းခွင်မှာဖြစ်စေ၊ အပေါင်းအသင်း သူငယ်ချင်းကြားမှာ ဖြစ်စေ၊ စိတ်အနှောင့်အယှက်ပေးနေတဲ့သူတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ မပျော်ရွှင်မှုတွေ ကို အတတ်နိုင်ဆုံး ဖယ်ရှား နိုင်ဖို့ အထောက်အကူပြုပါလိမ့်မယ်။ တကယ်ကို ထိရောက်တဲ့ နည်းလမ်းလေးတွေ ဖြစ်တာကြောင့် လိုက်နာကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။
Source : Mensxp
Featured Photo : Susanadam