ပေါလ် ပေါ့ဂ်ဘာ ဟာ ဂျူဗင်တပ်စ် အသင်းကို ပြောင်းရွှေ့ခဲ့ပြီးနောက် ၂ ပတ်အကြာမှာပဲ ဒူးဒဏ်ရာ ရရှိခဲ့တာကြောင့် အသင်းနဲ့ ပွဲကစားဖို့ ၂ လကြာ လွဲချော်ဖွယ်ရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
Photo : The Sun
ပြင်သစ်ကြယ်ပွင့်ဟာ အိုးထရက်ဖို့ဒ် မှာ ၆ နှစ်တာ ကစားခဲ့ပြီးတဲ့နောက် ယခုနှစ်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဂျူဗင်တပ်စ်အသင်းကို ပြန်လည်ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလက ယူနိုက်တက် အသင်းနဲ့အတူ လီဗာပူးကို ၄ – ၀ ဂိုး ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ခြေသလုံး ကြွက်သား ဒဏ်ရာရရှိခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် ပြင်သစ်သားဟာ အခုလက်ရှိ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွေ့လာခဲ့ပြီးနောက် ပြီးခဲ့တဲ့ စနေ့နေ့က ချီဗက်စ် ဂွါဒါလာဂျာရာအသင်းကို ၂ – ၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲစဉ်မှာ ပါဝင်ကစားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ပေါ့ဂ်ဘာတစ်ယောက် ဂျူဗင်တပ်စ်အသင်းနဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ ဒူးဒဏ်ရာရရှိသွားခဲ့တာ ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားဆုရှင် ပြင်သစ်လက်ရွေးစင် ကစားသမား ပေါ့ဂ်ဘာ ဟာ ဂျူဗင်တပ်စ် ရဲ့ လေ့ကျင့်ရေးကွင်းမှာ ရခဲ့တဲ့ ဒူးဒဏ်ရာကြောင့် ခွဲစိတ်ကုသမှုခံယူရမှာဖြစ်ပြီး ၂ လနီးပါး အနားယူရနိုင်ဖွယ်ရှိတယ်လို့ အီတလီသတင်းဌာနတစ်ခုက အခိုင်အမာပြောကြားထားပါတယ်။
ဂျူဗင်တပ်စ် အသင်းဘက်ကလည်း လက်ရှိ ကစားသမားရဲ့ဒဏ်ရာနဲ့ ပတ်သတ်ပြီး စစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်သွားဖို့ စီစဉ်ထားပြီး အင်္ဂါနေ့မှာကစားရမယ့် အသင်းရဲ့ခြေစမ်းပွဲခရီးစဉ်မှာ ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ အတည်ပြုပြောကြားသွားခဲ့ပါတယ်။
Photo : The Sun
ပေါ့ဂ်ဘာ ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ လူငယ်ကစားသမားဘဝ စတင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက် အသင်းကို ဂျူဗင်တပ်စ် အသင်းကနေ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၈၉ သန်းနဲ့ ပြောင်းရွေ့လာခဲ့တာ ဖြစ်ပြီး ယခုနှစ် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ချိန်မှာ ဂျူဗင်တပ်စ်အသင်းကို ပြန်လည်ပြောင်းရွေ့သွားခဲ့တာ ဖြစ်ပါတယ်။
Featured Photo : Football Devils