El Diablo ကော့လ်တေး ဆိုတာ Tequila နဲ့ Ginger Beer  ရောစပ်ဖျော်ထားတဲ့ အရသာ ဆန်းသစ်တဲ့ ကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။ သူ့မှာ ထူးခြားတာက ဘယ်ရီသီး အရသာ Crème De Cassis Liqueur ရောထည့်ဖျော်စပ်ထားတဲ့အတွက် အသီးရနံ့ သင်းသင်းလေးမွှေးပြီး Ginger Beer ရဲ့ Spicy Taste လေးနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ချိုချဉ်စပ်မွှေး လန်းဆန်းစေတဲ့ ခပ်မိုက်မိုက် ကော့လ်တေးရဲ့ အရသာလေးကို ခံစားရစေမှာ ဖြစ်ပါတယ်။

Photo : A Couple Cooks

El Diablo ကော့လ်တေးကို Mai Tai တို့လို နာမည်ကျော် Tiki ကော့လ်တေးတွေ ဖန်တီးခဲ့တဲ့ ဖခင်ကြီး Trader Vic ( နာမည်အရင်း Victor Jules Bergeron, Jr.) က ၁၉၄၀ ခုနှစ်ဝန်းကျင်မှာ စတင် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ El Diablo ကော့လ်တေးမှာ အဓိက Tequila Reposado ၊ Crème De Cassis ၊ Lime Juice နဲ့ Ginger Beer တို့ ပါဝင်ပါတယ်။ Highball ဖန်ခွက်ရှည်ကို အသုံးပြုထားပြီး လွယ်ကူအရိုးရှင်းဆုံး ပြင်ဆင်ဖျော်စပ်နိုင်တဲ့ ကော့လ်တေးတစ်ခွက်အဖြစ် လူသိများပါတယ်။ ကွီးတို့အိမ်မှာပဲ အရသာဆန်းတဲ့ El Diablo ကော့လ်တေးတစ်ခွက် အလွယ်ဆုံး ဖျော်စပ်သောက်နိုင်ဖို့ ပြုလုပ်နည်းအဆင့်ဆင့်ကို ပြောပြပေးချင်ပါတယ်။

Photo : A Couple Cooks

အရင်ဆုံး ရေခဲဖြည့်ထားတဲ့ Highball ဖန်ခွက်ရှည်ထဲကို Tequila Reposado ၁ အောင်စခွဲ ၊ Crème De Cassis အောင်စဝက် နဲ့ Lime Juice အနည်းငယ် ရောထည့်လိုက်ပါ။ ပြီးရင် အပေါ်က Ginger Beer ၃ အောင်စခန့် လောင်းထည့်ပြီး Bar Spoon လေးနဲ့ ဖြည်းဖြည်းမွှေပေးပါ။ အသင့်လှီးဖြတ်ထားတဲ့ သံပုရာခြမ်းလေး အလှဆင်ပြီးရင် လွယ်ကူရိုးရှင်းတဲ့ ချိုချဉ်စပ်မွှေး အမိုက်စား El Diablo ကော့လ်တေး တစ်ခွက်အသင့် သောက်သုံးနိုင်ပြီ ဖြစ်ပါတယ်။

Featured Photo : The Infatuation