အသုံးအဆောင်ပစ္စည်းများကို တစ်ကိုယ်ရည်လိုအပ်သည်ထက် ပို၍အသုံးပြုခြင်းသည် ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့်လည်း ယခုအချိန်မှာ Minimalist ပုံစံဖြင့် နေထိုင်ကြသော နေထိုင်မှုပုံစံသည် ခေတ်စားလာတာဖြစ်ပါတယ်။ ဒါ့အပြင် အသုံးမလိုတော့တဲ့ ပစ္စည်းများကို Recycle ပြန်လည်အသုံးချကာ ခေတ်မီလှပသော အိမ်ထောင်ပရိဘောဂ ပစ္စည်းများအဖြစ်သို့ ပြောင်းလဲဖန်တီးခြင်းသည်လည်း လက်ရှိမှာ ခေတ်စားလျက်ရှိပါတယ်။
ဒီလိုမျိုး အသုံးမလိုတော့တဲ့ပစ္စည်းများကို ချက်ချင်းမလွှင့်ပစ်ဘဲ Recycle ပြန်လုပ်ကာ အိမ်ထောင်ပရိဘောဂ ပစ္စည်းအဖြစ် ပြန်လည်အသုံးပြုခြင်းသည် ပိုက်ဆံကုန် သက်သာစေနိုင်သလို သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်းမှလည်း ကာကွယ်ရာရောက်ပါတယ်။
ကွီးတို့လည်း ပိုက်ဆံချွေတာပြီး သဘာဝပတ်ဝန်းကျင်ကို မထိခိုက်ရလေအောင် အခုဖော်ပြပေးမယ့် နည်းလမ်းများကို အသုံးပြုနိုင်ပါတယ်။
အပ်ချုပ်စက်ကို ပြန်ပြင်ထားတဲ့ စားပွဲခုံ
အသုံးမလိုတော့တဲ့ အပ်ချုပ်စက်ကို မလွှင့်ပစ်ဘဲ စားပွဲခုံအဖြစ် ပြောင်းလဲလိုက်တဲ့ အိုင်ဒီယာလေးပဲဖြစ်ပါတယ်။ အိမ်လည်း ရှုပ်ပွမနေတော့ဘဲ သူ့နေရာနဲ့သူ အံဝင်ခွင်ကျပြီး သပ်သပ်ရပ်ရပ်ဖြစ်သွားမှာပါ။
ဂျင်းဖြင့် အလှဆင်ထားတဲ့ ဆိုဖာဆက်တီခုံများ
ဂျင်းဘောင်းဘီတွေ၊ ဂျင်းရှပ်တွေ မတော်တော့လို့၊ မဝတ်ချင်တော့လို့ဆိုပြီး မလွှင့်ပစ်လိုက်ပါနဲ့။ ဆိုဖာအစွပ်ဖြင့် အခုလို လှလှပပအလှဆင်နိုင်ပါသေးတယ်။ ဆိုဖာအစွပ်ပြောင်းချင်တယ်ဆိုရင်လည်း လျှော်ဖွတ်ကာ နောက်ထပ် အသစ်တစ်ခု ပြောင်းလဲလိုက်ရုံပါပဲ။
ရေသန့်ဘူးဖြင့် ဒီလိုအလှဆင်ပါ
ပလပ်စတစ်ရေသန့်ဘူးတွေသည် သဘာဝပတ်ဝန်းကျင်ကို ကောင်းကောင်းကြီး ဒုက္ခပေးနေတဲ့အရာတွေပဲ ဖြစ်ပါတယ်။ ထိုပလပ်စတစ်ရေသန့်ဘူးတွေကို မလွှင့်ပစ်ဘဲ အခုလိုလေး အလှဆင်ပေးလိုက်မယ်ဆိုရင် အခန်းတစ်ခန်းအဖြစ် သီးသန့်အခန်းတစ်ခုထွက်လာဦးမှာ ဖြစ်ပါတယ်
ကြက်ဥကဒ်များဖြင့် အလှဆင်ထားတဲ့ ထိုင်ခုံများ
ကြက်ဥကဒ်တွေ အသုံးမလိုတော့ဘူးဆိုရင် သေသေချာချာ ဆေးကြောသန့်စင်ပြီးနောက် အခြောက်ခံထားလိုက်ပါ။ ထို့နောက် အခုလိုမျိုး အမိုက်စားထိုင်ခုံအဖြစ် ပြောင်းလဲပစ်နိုင်ပါတယ်။
တာယာကို အသုံးပြုထားတဲ့ ထိုင်ခုံ
ခုံက ကြိုးပဲ့သွားလို့ စိတ်မညစ်လိုက်ပါနဲ့။ တာယာကို ပြန်လည်ဆေးကြောသန့်စင်ပြီးနောက် အခုလိုမျိုး အသုံးပြုနိုင်ပါတယ်။ တာယာကလည်း ခိုင်ခံ့မာကြောတဲ့အပြင် ထိုင်ရတာလည်း သက်သောင့်သက်သာဖြစ်စေမှာပါ။
အမိုက်စားဖိနပ်စင်
တချို့ပစ္စည်းတွေ ဝယ်တဲ့အခါ ကတ္ထူစက္ကူပုံးတွေ၊ သစ်သားပုံးတွေနဲ့အတူ ထုပ်ပိုးတတ်ပါတယ်။ ထိုကတ္ထူစက္ကူပုံးတွေ၊ သစ်သားပုံးတွေကို မလွှင့်ပစ်ဘဲ အခုလိုလေး ဖိနပ်စင်အဖြစ် ပြောင်းလဲပစ်နိုင်ပါတယ်။ ဒါဆိုရင်တော့ ဖိနပ်စင်အတွက် အပိုဝင်ငွေကုန်တော့မှာ မဟုတ်ပါဘူး။
စက်ဘီးဖြင့် အလှဆင်ထားတဲ့ လှေကားလက်ရန်း
ဒီနည်းလမ်းလေးကတော့ ကျွမ်းကျင်လက်သမားနဲ့ သေသေချာချာပြင်ဆင်ထားတဲ့ ဒီဇိုင်းလေးဖြစ်ပါတယ်။ အသုံးမပြုတော့တဲ့ စက်ဘီးတွေကို မလွှင့်ပစ်ဘဲ လှေကားလက်ရန်းမှာ တပ်ဆင်ကာ အလှဆင်ထားတာ ဖြစ်ပါတယ်။
ကွီးတို့အားလုံးလည်း အခုဖော်ပြသွားတဲ့ Recycle ပစ္စည်းများဖြင့် ပြန်လည်အလှဆင်ထားတဲ့ ခေတ်မှီ အိမ်ထောင်ပရိဘောဂ ပစ္စည်းများကို သဘောကျကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
Source: Mydesiredhome
Featured Image: Bestofexports