ကျွန်တော်တို့ ဘဝတစ်လျှောက်လုံးမှာ လူကြီးမိဘတွေ၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်းတွေက ငွေကိုစုဖို့၊ မလိုတာတွေ မသုံးမိစေဖို့နဲ့ ကြိုးကြိုးစားစားရှာဖွေဖို့ စသည်ဖြင့်ပြောဆိုကြတာ ကွီးတို့လည်း ကြားဖူးမှာပါ။ ငွေကြေး ကို ကြိုးစားရှာဖွေပြီး ချွေတာသုံးစွဲရမယ်ဆိုတာက မမှားပါဘူး။ ကြွယ်ဝချမ်းသာမှုကို ရဖို့အတွက်လည်း မရှိမဖြစ်လိုအပ်တာ မှန်ပါတယ်။ သို့သော်လည်း ကြိုးစားရှာဖွေရုံ စုဆောင်းရုံနဲ့ မလုံလောက်သေးပါဘူး။ ရေရှည်အတွက် ကွီးတို့ရဲ့ဝင်ငွေကို စနစ်တကျ သုံးစွဲတတ်ဖို့ လိုပါတယ်။ ဒါကြောင့်ကွီးတို့ ငွေကြေးကို စနစ်တကျ စီမံခန့်ခွဲတတ်စေဖို့ အတွက် ထိရောက်ပြီးရိုးရှင်းတဲ့ နည်းလမ်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

(၁) ကိုယ်ပိုင် Budget တစ်ခုဖန်တီးပါ

ငွေကြေးကို စနစ်တကျ စီမံခန့်ခွဲတတ်စေဖို့

Photo : Women Who Money

ကွီးတို့အတွက် ငွေကြေးကို စနစ်တကျ စီမံခန့်ခွဲတတ်စေဖို့ ဆိုရင် ပထမဆုံးနဲ့ အရေးကြီးဆုံးသော ကဏ္ဍတစ်ခုကတော့ ကိုယ်ပိုင် Budget တစ်ခုဖန်တီးဖို့ပါပဲ။ ကိုယ်ပိုင် Budget တစ်ခုဖန်တီးရန်အတွက် အရင်ဆုံး ကွီးတို့ရဲ့ဝင်ငွေ၊ နေထိုင်မှုကုန်ကျစရိတ်၊ စားစရိတ်၊ အခြားသောပေးဆောင်ရမည့် အခွန်များစသည်ဖြင့် လစဉ်လတိုင်း သုံးစွဲဖို့ ၊ လိုအပ်တဲ့ ငွေကြေး ပမာဏတစ်ခုကို ခန့်မှန်းသတ်မှတ်ပါ။ ထိုသို့ ငွေကြေးပမာဏ တစ်ခုကို သတ်မှတ်ထားခြင်းက ကွီးတို့ကို လစဉ်လတိုင်း ထိုပမာဏထက် ပိုမသုံးမိစေရန် ထိန်းချုပ်ထားပြီးသားလည်း ဖြစ်စေပါတယ်။ လစဉ်လတိုင်း ဘယ်နေရာမှာ ငွေကြေးပမာဏ ဘယ်လောက် သုံးမိနေလဲဆိုတာလည်း သတိထားမိစေပါတယ်။ ထို့အပြင် သတ်မှတ်ထားသော ကိုယ်ပိုင် Budget ထဲမှာမပါဝင်တဲ့ ငွေကြေးသုံးစွဲမှုများကိုလည်း ကန့်သတ်ထားပြီးသား ဖြစ်စေပါတယ်။

(၂) အရင်ဆုံးစုပါ ၊ ပိုမှသုံးပါ

ငွေကြေးကို စနစ်တကျ စီမံခန့်ခွဲတတ်စေဖို့

Photo : BCA

ကွီးတို့ရဲ့ လစဉ်ဝင်ငွေမှ မဖြစ်မနေသုံးစွဲရမဲ့ ပေးဆောင်စရာများ၊ စားစရိတ်၊ ကျန်းမာရေး  စသည်ဖြင့် အပေါ်မှာဖော်ပြခဲ့တဲ့ ကိုယ်ပိုင် Budget နဲ့သတ်မှတ်ထားသော ငွေပမာဏကိုဖယ်ပြီးတာနဲ့ အရင်ဆုံး စုပါ။ လစဉ်ဝင်ငွေရဲ့ ဆယ်ရာခိုင်နှုန်းကို ဖြစ်စေ၊ ပမာဏတစ်ခုကို ဖြစ်စေ ၊ စုပါ။  ပြီးမှသာ ကျန်ငွေထဲက သုံးစွဲပါ။ လစဉ်ဝင်ငွေကို အရင်စုဖို့မဖယ်ပဲ ပိုလျှံမှစုမယ်ဆိုတာမျိုး မလုပ်ပါနဲ့။ လူ့သဘာဝအရ ကုန်အောင်သုံးမိတတ်လို့ပါ။ ထို့အပြင် စုငွေကိုကြိုတင် မဖယ်ထားတဲ့အတွက် လကုန်တဲ့အခါမှာ ကွီးတို့ စုချင်တဲ့ ငွေကြေးပမာဏအတိုင်း စုမိဖို့ မလွယ်တော့ပါဘူး။ တတ်နိုင်သလောက် ငွေကြေးကို မည်သည့် ပမာဏဖြစ်ပါစေ စောစာစုဖို့ အကြံပေးချင်ပါတယ်။ ငွေစုခြင်းက မမျှော်လင့်ဘဲ ကြုံတွေ့နိုင်တဲ့ အရေးပေါ်ကိစ္စများ အတွက်သာမက ကွီးတို့ရဲ့ အနာဂတ်အတွက်ပါ တကယ်ကိုအရေးကြီးတဲ့ လုပ်ငန်းစဉ်ပဲ ဖြစ်ပါတယ်။

(၃) ငွေကြေးနဲ့ဆိုင်တဲ့ ပန်းတိုင်များထားရှိပါ

ငွေကြေးကို စနစ်တကျ စီမံခန့်ခွဲတတ်စေဖို့

Photo : Rae & Lipskie Investment Counsel Inc

ကွီးတို့အနေနဲ့ ငွေကြေးနဲ့ဆိုင်တဲ့ ပန်းတိုင်လေးများထားရှိခြင်းကလည်း တကယ်ကိုအကျိုးရှိစေပါတယ်။ ငွေကြေးနဲ့သက်ဆိုင်သော ပန်းတိုင်လို့ဆိုရာတွင် ကွီးတို့ဟာ ကိုယ်ပိုင်လုပ်ငန်းလုပ်နေတဲ့သူဆိုပါက ဒီလ ထက်နောက်လဝင်ငွေပမာဏ ပိုများအောင်ကြိုးစားခြင်း၊ လစာဝင်ငွေ ပုံသေရတဲ့ လုပ်ငန်းခွင်က ကွီးတို့ကတော့ ကိုယ်ပိုင် Budget ထက်ကျော်လွန်မသုံးစွဲမိခြင်း၊ လစဉ်ပိုငွေ သို့မဟုတ် စုငွေ ပိုများအောင် သတိထားပြုမူနေထိုင်ခြင်း စသည်တို့ ပဲဖြစ်ပါတယ်။ ထို့အပြင် ဘယ်အချိန်အတိုင်းအတာတွင် ငွေကြေးပမာဏ လောက်စုမိရမယ့်စတဲ့ ပန်းတိုင်မျိုးလည်း ထားရှိပါ။ ငွေကြေးနဲ့ဆိုင်တဲ့ ပန်းတိုင်လေးများ ထားရှိခြင်းကလည်း ကွီးတို့အတွက် ငွေကြေးကို စနစ်တကျ သုံးစွဲတတ်စေရုံသာမက စီမံခန့်ခွဲတတ်စေဖို့ လည်း ကြီးမားတဲ့ အကူအညီဖြစ်စေပါတယ်။

(၄) ငွေကြေး သုံးစွဲရာမှာ ဂရုစိုက်ပါ

Money Management

Photo : Forbes

ကွီးတို့ရေ ငွေကြေးကို သုံးစွဲတဲ့နေရာမှာ အသေးအဖွဲ သုံးစွဲခြင်းလေးတွေ ကစ၍ ဂရုပြုသင့်ပါတယ်။ အချိန်ပေးနိုင်လျှင် နေ့စဉ်နေ့တိုင်း တစ်နေ့တာသုံးစွဲငွေကို စာရင်းပြုစုပါ။ ဒါဆိုရင် ကွီးတို့အနေနဲ့ ဘယ်နေရာတွေမှာ ဘယ်လောက်တွေကုန်ခဲ့လဲဆိုတာ သတိပြုမိပြီး မလိုအပ်တာတွေ မသုံးစွဲမိအောင်လည်း ဂရုပြုလာမိပါလိမ့်မယ်။ ဒီလို ငွေကြေးကို အသေးအဖွဲကအစ စနစ်တကျသုံးစွဲခြင်းက ကွီးတို့အတွက်ရေရှည်မှာ တကယ်ကို အကျိုးကျေးဇူးများစေတဲ့ အမူအကျင့်ပဲ ဖြစ်ပါတယ်။

(၅) အကြွေးယူခြင်း သို့မဟုတ် ချေးငွေယူခြင်းကို ရှောင်ပါ

Money Management

Photo : Fortune India

ကွီးတို့အနေနဲ့ ငွေကြေးနဲ့ပတ်သတ်ပြီး တကယ်ကိုသတိထားရမဲ့ အချက်က အကြွေးယူခြင်းပါပဲ။ ကွီးတို့ရဲ့ ဘဝရည်မှန်းချက်တွေ အောင်မြင်ဖို့၊ လုပ်ငန်းပိုင်းဆိုင်ရာ ရင်းနှီးမြှပ်နှံဖို့အတွက် စသည်ဖြင့် ချေးငွေယူခြင်းကို တတ်နိုင်သလောက်ရှောင်ရင် အကောင်းဆုံးပါပဲ။ ဘဏ်ကယူသည်ဖြစ်စေ၊ အခြားသူတစ်ယောက်ဆီက ယူသည်ပဲဖြစ်စေ ထိုချေးယူသောငွေအတွက် အတိုးပေးရသော ငွေပမာဏဟာ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ကွီးတို့အတွက် ငွေကြေးပိုင်းဆိုင်ရာ ဝန်ထုတ်ဝန်ပိုး ဖြစ်လာနိုင်ပါတယ်။

ကွီးတို့အတွက် ငွေကြေးကို စနစ်တကျ စီမံခန့်ခွဲတတ်စေဖို့ နဲ့ အကျိုးရှိစွာ သုံးစွဲနိုင်ဖို့ လိုက်နာကျင့်သုံးသင့်တဲ့ အချက်လေးများကို ‌ဝေမျှပေးလိုက်တာပဲ ဖြစ်ပါတယ်။ ကွီးတို့ရေ ငွေကြေးဟာ သုံးစွဲရတာလွယ်သလောက် ရှာဖွေရတာခက်ခဲပါတယ်။ ဒါကြောင့် အခုဖော်ပြပေးလိုက်တဲ့ အချက်လေးတွေကို လိုက်နာကျင့်သုံးခြင်းဖြင့် ကွီးတို့အတွက် ငွေကြေးပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုကို အထောက်အကူပြုမယ်လို့ ယုံကြည်ပါတယ်။

Source : ICICI Prudential Life Insurance

Featured Photo : Touch