ယနေ့ခေတ်မှာ အရက် တစ်နည်းအားဖြင့် အယ်လ်ကိုဟော ကို အပေါင်းအသင်းတွေနဲ့ တွေ့ဆုံရာမှာ၊ ပါတီပွဲတွေဖြစ်စေ၊ ပျော်လို့၊ ဝမ်းနည်းလို့ စသည်ဖြင့် အကြောင်းအမျိုးစုံနဲ့ သောက်သုံးဖြစ်နေကြပါတယ်။ တစ်ခါတစ်ရံနဲ့ အနည်းငယ်သောက်ခြင်း သို့မဟုတ် သင့်တင့်မျှတစွာ သောက်သုံးခြင်းက ကွီးတို့ကို စိတ်ဖိစီးမှု တွေပြေလျော့စေနိုင်ရုံသာမက တချို့သောကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေကို ပါရှိစေနိုင်ပါတယ်။ သို့သော်လည်း အမြဲလိုလိုနဲ့ အလွန်အကျွံ သောက်မိနေပြီဆိုရင်တော့ ကွီးတို့ရဲ့ ကျန်းမာရေးအပြင် ဘက်ပေါင်းစုံက ထိခိုက်လာမှာဖြစ်ပါတယ်။ ဒီနေ့မှာတော့ ကွီးတို့ကို အယ်လ်ကိုဟော က ကွီးတို့ရဲ့ စိတ်ကျန်းမာရေး အပေါ် ဘယ်လို ဆိုးကျိုးတွေသက်ရောက် စေသလဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) အယ်လ်ကိုဟောနဲ့ စိတ်ကျရောဂါ

အယ်လ်ကိုဟော စိတ်ကျန်းမာရေး

Photo : NBC News

လေ့လာမှုများအရ အရက် သို့မဟုတ် အယ်လ်ကိုဟော ကို အလွန်အကျွံ သောက်ဖြစ်သူများဟာ စိတ်ကျရောဂါကဲ့သို့သော စိတ်ကျန်းမာရေး ပြဿနာများဖြစ်နိုင်ခြေ ပိုများတယ်လို့ ဆိုပါတယ်။ ပြင်းထန်သော စိတ်ကျန်းမာရေးမကောင်းသူတွေက အရက်ကြောင့် ဖြစ်နိုင်ခြေများကြောင်းလည်း ဆိုထားပါသေးတယ်။ အရက်သောက်တတ်တဲ့ စိတ်ကျရောဂါရှိသူတွေဟာ အရက်သောက်ခြင်းကို ရပ်လိုက်တဲ့အခါ ရက်သတ္တပတ်အနည်းငယ် အတွင်းမှာ စိတ်ပိုင်းဆိုင်ရာ အခြေအနေ ပိုကောင်းလာတတ်တာကို တွေ့ရပါလိမ့်မယ်။

 (၂) အယ်လ်ကိုဟောနဲ့ စိုးရိမ်ပူပန်မှုများ

အယ်လ်ကိုဟော စိတ်ကျန်းမာရေး

Photo : The Dawn Rehab Thailand

အယ်လ်ကိုဟော ဟာ အာရုံကြောများကို ငြိမ်သက်စေပါတယ်။ ဒါကြောင့် လူတော်တာ်များများက စိုးရိမ်ပူပန်မှုတွေ၊ စိတ်ညစ်စရာတွေနဲ့ စိတ်ဖိစီးမှုတွေကို ဖြေဖျောက်ဖို့ အယ်လ်ကိုဟောကို သောက်သုံးကြပါတယ်။ စိတ်ဖိစီးမှုတွေကို ခဏတာပြေလျော့ဖို့ အယ်လ်ကိုဟောကို မှီဝဲလို့ရပါတယ်။ ဒါပေမဲ့ ဒါဟာ ရေတိုဖြေရှင်းခြင်းပါ။ စိုးရိမ်ပူပန်မှုတွေက ခဏတာ ဖြေဖျောက်ဖို့ အယ်လ်ကိုဟော ပါဝင်သော အဖျော်ယမကာများ သောက်သုံးခြင်းကို နည်းလမ်းအဖြစ်တော့ အမြဲမသုံးသင့်ပါဘူး။ စိတ်ညစ်တိုင်း အရက်သောက်တာ ၊ အရက်ကြောင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပိုထိလာတာ စသည်ဖြင့် သံသရာလည်နေပြီး ပိုပိုဆိုးဝါးသော အကျိုးဆက်များဆီကိုသာ ဦးတည်ပါလိမ့်မယ်။ အရက်နာကျခြင်းက ကွီးတို့ရဲ့ စိုးရိမ်စိတ်တွေ၊ စိတ်အခြေအနေတွေကို ပိုမိုဆိုးဝါးစေတာကို တွေ့ရှိနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေကို ဖြေလျော့ဖို့ အယ်လ်ကိုဟော မှီဝဲခြင်းကို သတိထားဆင်ခြင်ပြီး တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း စတာတွေကို အချိန်ပေးပြီး လုပ်ကြည့်ပါ။

(၃) အရက်နဲ့ စိတ္တဇ

Alcohol

Photo : North Bound Treatment

အရက်အများကြီးကို ပုံမှန်သောက်သုံးဖြစ်နေတာကနေ ဒါမှမဟုတ် အရက်အလွန်အကျွံသောက်ပြီး ရုတ်တရက် ရပ်လိုက်တာနဲ့ စိတ်ရောဂါခံစားရနိုင်ပါတယ်။ အရက်သေစာသောက်စားပြီး ကိုယ့်ကိုယ်ကို သတ်သေတဲ့ ဖြစ်စဉ်တွေလည်း ရှိပါတယ်။ အရက်က ကွီးတို့ကို ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း နဲ့ မှန်ကန်စွာဆုံးဖြတ်နိုင်ခြင်းတို့အား ဆုံးရှုံးစေတာကြောင့် ပိုမိုပြီး စိတ်မြန်လက်မြန် ပြုမူနိုင်စေပါတယ်။ ၎င်းက မိမိကိုယ်ကို အန္တရာယ်ပြုခြင်း သို့မဟုတ် သတ်သေခြင်းကဲ့သို့သော လုပ်ရပ်များဆီသို့ ဦးတည်သွားစေနိုင်ပါတယ်။ အရက်အလွန်အကျွံသောက်ခြင်းသည် သေကြောင်းကြံရန် ကြံစည်မှုများနှင့် ဆက်စပ်မှုရှိတယ် လို့ဆိုထားပါတယ်။ ထို့အပြင် ကားမတော်တဆ မှုလိုမျိုး ဖြစ်ရပ်များလည်း ဖြစ်ပွားနိုင်ပါတယ်။

အခု ဖော်ပြပေးလိုက်တာကတော့ အယ်လ်ကိုဟော က ကွီးတို့ရဲ့ စိတ်ကျန်းမာရေး အပေါ် သက်ရောက်စေတဲ့ ဆိုးကျိုးတွေပဲ ဖြစ်ပါတယ်။ ထို့အပြင် အယ်လ်ကိုဟော အလွန်အကျွံသောက်သုံးခြင်းက ကွီးတို့ရဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။ ဒါကြောင့် ကွီးတို့အနေနဲ့ အယ်လ်ကိုဟောကို တတ်နိုင်သလောက်ရှောင်ပါ။ မဖြစ်မနေသောက်သုံးရမဲ့ အခြေအနေဆိုလျှင်လည်း သတိထားကာ သင့်တင့်သောပမာဏကိုသာ သောက်သုံးရန် အကြံပြုလိုက်ပါတယ်။

Source : Mental Health Foundation

Featured Photo : Alcohol