Red Sangria ၊ White Sangria တို့လို ကော့လ်တေးတွေ ကြိုက်နှစ်သက်တယ်ဆိုရင် Rosé Sangria ကော့လ်တေး ကိုလည်း မြည်းစမ်းကြည့်သင့်ပါတယ်။ Rosé Sangria ကော့လ်တေး က အဓိကအားဖြင့် ပန်းနုရောင် Rosé Wine နဲ့ ဖျော်စပ်ထားပြီး အသီးရနံ့ သင်းပျံ့တဲ့ လန်းဆန်းစေတဲ့ ကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။

Photo : A Couple Cooks

နွေရာသီ အပန်းဖြေ Drink တစ်ခုအနေနဲ့သောက်ကြသလို Pool ပါတီ ၊ Dinner ပါတီတွေမှာ သောက်လို့ အလိုက်ဖက်ဆုံး ဖြစ်ပါတယ်။ အသီးအနေနဲ့ကတော့ စတော်ဘယ်ရီသီးကို အဓိက သုံးထားပြီး လိမ္မော်သီး ၊ သံပုရာသီးတို့ပါ ထပ်ပေါင်းထည့်ထားတဲ့အတွက် အသီးအနံ့ သင်းသင်းလေးမွှေးတဲ့ စူးရှချိုမြိန်တဲ့အရသာ ကော့လ်တေး ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းတွေအနေနဲ့ကတော့ စတော်ဘယ်ရီသီး ၊ လိမ္မော်သီး ၊ သံပုရာသီး ၊ သကြား ၊ Rosé Wine ၊ ဘရန်ဒီ ၊ Sparkling Water နဲ့ အလှဆင်ဖို့ ပူစီနံရွက် အနည်းငယ်လိုပါတယ်။ ကဲဒါဆို လွယ်ကူရိုးရှင်းသလောက် သောက်လို့ကောင်းတဲ့ စတော်ဘယ်ရီ Sangria ကော့လ်တေး ဖျော်စပ်နည်းအဆင့်ဆင့်ကို ကြည့်လိုက်ရအောင်ပါ။

Photo : A Couple Cooks

အရင်ဆုံး အခွံနွာထားတဲ့ လိမ္မော်သီး ၁ လုံး နဲ့ အသင့်လှီးဖြတ်ထားတဲ့ စတော်ဘယ်ရီသီး ၂ ခွက်စာကို ကော့လ်တေး ဖျော်စပ်မယ့် ကရားထဲထည့်ပါ။ ပြီးတဲ့အခါ သကြား စားပွဲတင်ဇွန်း ၂ ဇွန်းခန့်ပေါင်းထည့်ပြီး သမအောင်မွှေပေးပါ။ လိမ္မော်သီး ၊ စတော်ဘယ်ရီသီးနဲ့ သကြားတို့ ရောမွှေထားတဲ့ ကရားကို အခန်းအပူချိန်မှာပဲ မိနစ် ၂၀ လောက်ထားပေးပါ။ အချိန်ပြည့်ပြီဆိုရင် ကရားထဲကို နှစ်သက်ရာ Rosé Wine ၁ ပုလင်း ၊ ဘရန်ဒီ ၂ အောင်စခွဲလောက် ရောထည့်ပေးပါ။ ပြီးတဲ့အခါ အကွင်းလေးတွေ လှီးဖြတ်ထားတဲ့ သံပုရာသီး ၂ လုံးခန့်နဲ့ ပူစီနံရွက် အနည်းငယ်ကို ကရားထဲ ပေါင်းထည့်ပြီး ရေခဲသေတ္တာထဲ ၁ နာရီမှ ၄ နာရီထိထားပါ။ ၄ နာရီထက် ကျော်လွန်ပါက အသီးတွေရဲ့ လက်ဆတ်မှု လျော့ကျသွားနိုင်ပါတယ်။ ဒါဆိုရင်တော့ အရသာအရမ်းရှိတဲ့ စတော်ဘယ်ရီ Sangria ကော့လ်တေး ရပါပြီ။ ရေခဲဖြည့်ထားတဲ့ နှစ်သက်ရာ ကော့လ်တေးဖန်ခွက်ထဲကို လောင်းထည့်ပြီး အရသာရှိရှိ သုံးဆောင်နိုင်ပြီ ဖြစ်ပါတယ်။