ကွီးတို့ ခရီးသွားရင်း ထိုနေရာဒေသရဲ့ Nightlife ကိုသေချာခံစားချင်ပါသလား။ ကမ္ဘာပေါ်က အချို့သော မြို့ကြီးတွေက ၂၄ နာရီပတ်လုံး အသက်ဝင်လှုပ်ရှားနေကြပါတယ်။ ဒါဟာ ညဘက်မှာ Nightlife ကို သေချာခံစားချင်တဲ့ ခရီးသွားတွေအတွက်တော့ ဆွဲဆောင်မှုတစ်ခါပါပဲ။ ဒါကြောင့် ဒီတစ်ခါမှာတော့ ကွီးတို့အတွက် ညဘက်မှာ လည်ပတ်လို့ကောင်းတဲ့ ညမအိပ်မြို့ကြီးများ ကိုဖော်ပြပေးချင်ပါတယ်။
(၁) နယူးယောက်မြို့

Photo : WIRED
ညဘက်မှာ ရောင်စုံမီးရောင်များနဲ့ တတ်ကြွစွာ သက်ဝင်လှုပ်ရှားနေတဲ့ ညမအိပ်မြို့ကြီးများ ကို ပြောပါဆိုရင် နယူးယောက်မြို့ က တော့ အမြဲတမ်းအတွက် မပါမဖြစ်ပါပဲ။ နယူးယောက်ရဲ့ မြေအောက်ရထားစနစ်က မည်သည့်အခါမျှ မပိတ်ပါဘူး။ စားသောက်ဆိုင်များနှင့် ဘားအများအပြားသည် နံနက်ပိုင်းအထိ ဖွင့်လှစ်ထားပါတယ်။ အထင်ကရဖြစ်တဲ့ နယူးယောက် Times Square ကိုလည်းသွားရောက် လည်ပတ်နိုင်ပါတယ်။ နယူးယောက်မြို့ မှာ စားသောက်ဆိုင်တွေ၊ ဘားတွေနှင့် ဖျော်ဖြေရေးများကို အချိန်မရွေး ရှာဖွေရန် အခက်အခဲမရှိသော်လည်း၊ ကုန်ကျစရိတ်များနိုင်တာကိုတော့ သတိပြုရပါမယ်။
(၂) Buenos Aires၊ အာဂျင်တီးနား

Photo : CozyCozy
အာဂျင်တီးနားနိုင်ငံ ကို ဘယ်တော့မှ အိပ်မပျော်သောနိုင်ငံဟု ကောင်းကောင်းကြီးခေါ်နိုင်ပြီး ၎င်းရဲ့ မြို့တော် Buenos Aires ကလည်း ညဘက်မှာ အမြဲတစေ တတ်ကြွနေကာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာတွေ ပေးစွမ်းပါလိမ့်မယ်။ ကွီးတို့အနေနဲ့ ညဘက်မှာ ကခုန်ချင်တယ်၊ တိုက်ရိုက်ဂီတကို ကြည့်ချင်တယ်၊ ဒါမှမဟုတ် အရသာရှိတဲ့ အစားအစာတွေ စားချင်တာပဲဖြစ်ဖြစ်၊ ဝိုင်ဘားမှာ အနားယူပြီး တစ်ခွက်ပြီးရင် တစ်ခွက်သောက်တာပဲဖြစ်ဖြစ်၊ ညတိုင်း အချိန်တိုင်းအတွက် လည်ပတ်စရာတွေ၊ လုပ်စရာတွေ နဲ့ စိတ်လှုပ်ရှားစရာတွေ အများကြီးနဲ့ ပြည့်နှက်နေပါတယ်။
(၃) ကိုင်ရို ၊ အီဂျစ်

Photo : TripSavvy
နောက်ထပ် ညဘက်မှာ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေတဲ့ ညမအိပ်မြို့ကြီးများ ထဲက တစ်မြို့ကို ဖော်ပြရမယ်ဆိုရင် အီဂျစ်နိုင်ငံ က ကိုင်ရိုမြို့ပါပဲ။ ကိုင်ရိုမြို့က ဒဏ္ဍာရီဆန်တဲ့ မြို့တစ်မြို့ဖြစ်ပြီး ဒီမြို့ရဲ့ Nightlife ကတော့ အခြားသော မြို့ကြီးများနဲ့မတူဘဲ ညနှောင်းပိုင်းများတွင် အာရဗီ ကော်ဖီသောက်ခြင်း၊ သူငယ်ချင်းများနှင့် အချိုရည်သောက်ခြင်း၊ ကော်ဖီဆိုင်ထိုင်ကာ ညဘက်တွင် ကောင်းစွာ စားသောက်ခြင်းတွေ ပိုမို ပြုလုပ်ကြပါတယ်။ သက်ဝင်လှုပ်ရှားနေသော နိုက်ကလပ် အတွေ့အကြုံကို လိုချင်ပါကလည်း Cairo Jazz Club သို့ သွားပါ။ Jazz နဲ့ Blues တေးဂီတများကိုလည်း တိုက်ရိုက် နားဆင်နိုင်ပါသေးတယ်။
(၄) တိုကျို၊ ဂျပန်

Photo : Japan Wonder Travel
ဂျပန်နိုင်ငံရဲ့ မြို့တော် တိုကျိုမြို့ကလည်း ညဘက်မှာ တောက်ပတဲ့ နီယွန်မီးရောင်စုံတွေနဲ့အတူ စိတ်လှုပ်ရှားဖွယ်ရာ အပြည့်နဲ့ သက်ဝင်လှုပ်ရှားနေတဲ့ ညမအိပ်မြို့ကြီးများ ထဲက တစ်မြို့ပါပဲ။ တကယ်တော့ တိုကျိုမြို့မှာ နေ့ဘက်ဖြစ်ဖြစ်၊ ညဘက်ဖြစ်ဖြစ် အမြဲတမ်းတောက်ပပြီး သက်ဝင်လှုပ်ရှားနေတာပါ။ တိုကျိုမှာ ညဘက် ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်တဲ့ နည်းလမ်းတွေ တကယ်ကို များပြားပါတယ်။ တစ်နေရာမှ တစ်နေရာပြောင်းပြီး မတူညီတဲ့ ရသမျိုးစုံကို တိုကျို Nightlife မှာ ခံစားလိုက်ပါ။
Source : USA Today
Featured Photo : Time Out
