မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဘင်ဖီကာတိုက်စစ်မှူး ဂွန်ဂါလိုရာမို့စ် ကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အသက် ၂၁ နှစ်အရွယ် ကစားသမားဟာ ယခုရာသီမှာ ဘင်ဖီကာအသင်းတွက် ပွဲပေါင်း ၁၂ ပွဲ ကစားပြီး သွင်းဂိုး ၈ ဂိုးအထိ သွင်းယူပေးထားပါတယ်။

Photo : Daily Mail

The Sun ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်အသင်းဟာ ဂွန်ဂါလိုရဲ့ အပြောင်းအရွေ့နဲ့ပတ်သတ်ပြီး ဘင်ဖီကာအသင်း ကိုယ်စားလှယ်တွေနဲ့ ဆက်သွယ်ထားပြီး ဖြစ်ပေမယ့် ကစားသမားကို ခေါ်ယူနိုင်ရေးအတွက် ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းထက် ပိုပြီးအသုံးပြုသွားဖွယ် မရှိသေးဘူးလို့ သိရပါတယ်။

နည်းပြအဲရစ်တန်ဟတ်ကတော့ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မတိုင်မီ ဘတ်ဂျက်ထက်ကျော်လွန်ပြီး ကြီးမားတဲ့ အပြောင်းအရွေ့မျိုး ပြုလုပ်နိုင်ခြေမရှိဘူးလို့ ယုံကြည်ရပြီး ဂလေဇာ မိသားစုကလည်း နွေရာသီမှာ အပြောင်းအရွေ့အတွက် ပေါင်သန်း ၂၃၀ အသုံးပြုခဲ့ပြီးနောက် တိတ်တဆိတ် အပြောင်းအရွေ့တစ်ခုပြုလုပ်ဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒါပေမယ့်လည်း ယူနိုက်တက်အသင်းအနေနဲ့တော့ တိုက်စစ်ပိုင်းမှာ အလွန်အားနည်းနေပြီး အဓိကတိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုကလည်း အသင်းကနေ ထွက်ခွာဖို့ ကြိုးစားနေဆဲဖြစ်ကာ အသင်းရဲ့အားထားတဲ့ တိုက်စစ်ကစားသမား ၂ ဦးဖြစ်တဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ အန်တိုနီမာရှယ်တို့ကလည်း ဒဏ်ရာပြဿနာတွေနဲ့ ကြုံနေရပါတယ်။

တိုက်စစ်ကစားသမား တစ်ဦးရှာဖွေနေတဲ့ နည်းပြအက်ဒီဟောင်းရဲ့ နယူးကာဆယ်အသင်းကလည်း အခုနွေရာသီအပြောင်း အရွှေ့ကာလအတွင်းမှာ ဘင်ဖီကာတိုက်စစ်မှူး ဂွန်ဂါလိုရာမို့စ်ကို ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ဖူးပေမယ့် သူ့အစား အလက်ဇန္ဒားအီဆက် ကို ပေါင် ၆၃ သန်း အထိ ပေးချေကာ ခေါ်ယူသွားခဲ့ပါတယ်။

Photo : Daily Mail

ပေါ်တူဂီ U21 လက်ရွေးစင် ကစားသမား ဂွန်ဂါလို ဟာ ဘင်ဖီကာအသင်းအတွက် ပြိုင်ပွဲစုံ စုစုပေါင်း ၅၉ ပွဲကစားကာ သွင်းဂိုး ၂၀ အထိ သွင်းယူပေးထားပါတယ်။ ဂွန်ဂါလိုဟာ ပြီးခဲ့တဲ့ရာသီကလည်း လီဗာပူးနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ အသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့ပြီး နွေရာသီမှာ ခေါ်ယူခဲ့တဲ့ ဒါဝင်နယူနက်ဇ်ကို အကောင်းဆုံး ပံ့ပိုးကစားပေးခဲ့ကာ သူ့ရဲ့ကောင်းမွန်တဲ့ပုံစံကို ဆက်လက်ရရှိထားပြီး မကြာခင်မှာ အဓိက ဥရောပလိဂ်တစ်ခုကို ပြောင်းရွှေ့ဖို့ စီစဉ်ထားတာပဲ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းကတော့ ယခုနှစ် ပရီမီးယားလိဂ်ရာသီအစမှာ ဘရိုက်တန်အသင်းနဲ့ ဘရန့်ဖို့ဒ် အသင်းတို့ကို ၂ပွဲဆက် ရှုံးနိမ့်ခဲ့ပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာ လီဗာပူးအသင်းနဲ့ အာဆင်နယ်အသင်းတို့ကို အနိုင်ရခဲ့တဲ့နိုင်ပွဲတွေ အပါအဝင် ၄ ပွဲဆက်တိုက် အနိုင်ရပြီး အသင်းရဲ့ကောင်းမွန်တဲ့ပုံစံကို တည်ဆောက်နိုင်မယ်လို့ မျှော်လင့်နေပါတယ်။

Featured Photo : The Sun