ကော့လ်တေးချစ်သူတွေအတွက် ဒီတစ်ခါမှာတော့ အရမ်းကို လွယ်ကူရိုးရှင်းတဲ့ ပါဝင်ပစ္စည်း ၂ ခုတည်းနဲ့ ဖျော်စပ်နိုင်မယ့် Stinger ကော့လ်တေး ဖျော်စပ်နည်းလေး မျှဝေပေးချင်ပါတယ်။ Stinger ကော့လ်တေးဟာ ဒီဘက်ခေတ်မှာ တကယ့်ကော့လ်တေးသရဲ စစ်စစ်တွေက လွဲရင် တော်ရုံသိပ်မသိကြပေမယ့် ၁၉၇၀ ပြည့်လွန်နှစ်တွေ တုန်းကတော့ အတော်လေးကို လူကြိုက်များကျော်ကြားခဲ့တဲ့ ကော့လ်တေးတစ်ခွက်ပါ။ အမှန်တကယ်တော့ ဒီကော့လ်တေးက ၁၈၉၀ ခုနှစ်ကတည်းက နယူးယောက်စီးတီးမှာ စတင်ပေါ် ပေါက်ခဲ့တာ ဖြစ်ပါတယ်။

Photo : A Couple Cooks

ကော့လ်တေး တစ်ငုံသောက်လိုက်တိုင်းမှာ Cognac ရဲ့ သင်းပျံ့တဲ့မွှေးရနံ့နဲ့ အံ့သြစရာကောင်းလောက်တဲ့ လန်းဆန်းမှုတို့ကို ခံစားရစေမယ့် စွဲမက်ဖွယ် ရွှေရောင် Cognac ကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။ ပါဝင်ပစ္စည်းတွေကတော့ Cognac နဲ့ ကော့လ်တေး ဖျော်စပ်ရာမှာသုံးတဲ့ ချိုမြမြ ရှိန်းတိန်းတိန်းအရသာ White Crème De Menthe အရက်ချိုမွှေး ၂ မျိုးသာ အဓိက လိုအပ်ပါတယ်။ အိမ်မှာ အလွယ်တကူ ပြင်ဆင်ဖျော်စပ်လို့ ရတာကြောင့် ကော့လ်တေး ဖျော်စပ်ပုံဖျော်စပ်နည်း အသေးစိတ်ကို လေ့လာကြည့်ရအောင်ပါ။

Photo : A Couple Cooks

အရင်ဆုံး Lowball ဖန်ခွက်တစ်လုံးထဲမှာ Cognac ၂ အောင်စ နဲ့ White Crème De Menthe ၁ အောင်စမပြည့်တပြည့်တို့ကို ရေခဲလက်တဆုပ်စာခန့်နဲ့ ရောထည့်ပြီး အေးခဲလာတဲ့အထိ မွှေပေးပါ။ ဖန်ခွက်အပေါ်က ပူစီနံရွက်လေး အနည်းငယ် အလှဆင်ပြီး ချိုမြရှိန်းအေးတဲ့ Stinger ကော့လ်တေး တစ်ခွက် အသင့်သောက်သုံးနိုင်ပြီ ဖြစ်ပါတယ်။

Featured Photo : Spirits Hunters