ကျန်းမာစွာနေထိုင်ခြင်း ဆိုတာ ကွီးတို့အနေနဲ့ ဆရာဝန်နဲ့ မကြာခဏ တွေ့ဆုံတာ၊ ဗီတာမင်နှင့် ဆေးဝါးတွေကို အသင့်ဆောင်ထားပြီး နေတာကို ဆိုလိုတာ မဟုတ်ပါဘူး။ ထို့အပြင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ လှုပ်ရှားမှုတွေကို လျစ်လျူရှုပြီး အိပ်ရာပေါ်မှာ အချိန်ကုန် နေတာမျိုးလည်း မဖြစ်သင့်ပါဘူး။ အသက်အရွယ်မရွေး ကွီးတို့ရဲ့ ကျန်းမာရေးကို ထိန်းသိမ်းဖို့ အလေ့အထများကို ပြုပြင်ပြောင်းလဲသင့်ပါတယ်။ ကွီးတို့အတွက် နေ့စဉ်လုပ်ရိုးလုပ်စဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ကျန်းမာတဲ့  အလေ့အကျင့်ကောင်းတွေ ရှိပါတယ်။  ကျန်းမာရေးကောင်းဖို့ ကြိုတင်ကာကွယ်ခြင်း က အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ကွီးတို့ အမြဲ ကျန်းမာနေဖို့ ပြုလုပ်သင့်တဲ့ အချက် ၅ ချက်ကို ဖော်ပြလိုက်ပါတယ်။

ပုံမှန်ကျန်းမာရေး စစ်ဆေးပါ

အမြဲ ကျန်းမာနေဖို့

Photo : INTEGRIS Health

ကွီးရဲ့ နှလုံးကျန်းမာရေးအတွက် သွေးပေါင်ချိန်ပုံမှန်စစ်ဆေးပါ။ သွေးတွင်းကိုလက်စထရော အခြေအနေကို အသက်အရွယ်ပေါ်မူတည်၍ (၁-၅) နှစ်တစ်ကြိမ် စစ်ဆေးခြင်းဖြင့် နှလုံးကို ကာကွယ်ပါ။ အထူးသဖြင့် ကွီးတို့မှာ အနည်းငယ် အဝလွန်နေပါက သို့မဟုတ် မိသားစုရာဇဝင်ရှိပါက ဆီးချိုရောဂါရှိမရှိ စစ်ဆေးပါ။ ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်းက ကွီးတို့အမြဲ ကျန်းမာနေဖို့ ပြုလုပ်သင့်တဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။

ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ

အမြဲ ကျန်းမာနေဖို့

Photo : Comos Clinic

ကွီးတို့အနေနဲ့ မိမိရဲ့ ခန္ဓာကိုယ်ကိုလည်း ကျန်းမာသောကိုယ်အလေးချိန် ဖြစ်အောင် ထိန်းသိမ်းဖို့လိုပါတယ်။ ဒီလိုမှ မဟုတ်ဘဲ အစားအသောက်မဆင်ခြင်တာ၊ ကိုယ်လက်လှုပ်ရှားမှုမရှိတာ၊ အထိုင်များတာတွေကြောင့် အဝလွန်တာမျိုး ဖြစ်တတ်ပါတယ်။ အဝလွန်ခြင်းကြောင့် နှလုံး ရောဂါ၊ ဆီးချိုရောဂါ၊ အဆစ်ပြဿနာများ၊ စိတ်ဓာတ်ကျခြင်း၊ အိပ်မပျော်ခြင်း နှင့် အခြားပြဿနာများကို ဖြစ်စေနိုင်ပါတယ်။

လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ

အမြဲ ကျန်းမာနေဖို့

Photo : Healthy Digest

ကွီးရဲ့ နှလုံးကျန်းမာရေး အတွက် ရက်သတ္တပတ် တစ်ပတ်လျှင် (၃) ကြိမ်မှ (၅)ကြိမ် တစ်ခါလုပ်ရင် မိနစ်(၃၀) လေ့ကျင့်ခန်း လုပ်ပါ။ ကွီးတို့ တတ်နိုင်သမျှ များများလုပ်ပါ။ အကျိုးများပါတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းထားနိုင်တဲ့အပြင် စိတ်ဖိစီးမှုတွေကို ပြေပျောက်စေပြီး စိတ်ခံစားချက်၊ ကိုယ့်ကိုယ်ကို လေးစားမှု၊ နှလုံးကျန်းမာရေး၊ လိင်ပိုင်းဆိုင်ရာကျေနပ်မှု၊ အိပ်စက်ခြင်းနဲ့ အခြားသော အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။

အိပ်ရေးဝအောင် အိပ်ပါ

to be healthy

Photo : The Sleep Doctor

နာရီအနည်းငယ်လောက် ရက်ဆက် အိပ်ရေးပျက်တာက ကွီးရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အိပ်ရေးပျက်တာက ကိုယ်အလေးချိန်တက်တာနဲ့ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

ကင်ဆာရောဂါရှိမရှိ စစ်ဆေးပါ

to be healthy

Photo : Philadelphia Inquirer

ကွီးတို့ အမျိုးသားအများစုအနေနဲ့ ဆီးကျိတ်ကင်ဆာစစ်ဆေးခြင်းကို အများအားဖြင့် အသက် (၅၀) ဝန်းကျင်တွင် စတင်စစ်ဆေးမှု ခံယူသင့်ပါတယ်။ ဒါ့အပြင် အသက်(၅၀)မှာ အူမကြီးကင်ဆာကို စစ်ဆေးဖို့ လိုပါတယ်။ ဒါထက်စောပြီး စစ်ဆေးနိုင်လေ ကောင်းလေဖြစ်ပါတယ်။ ကွီးအနေနဲ့ လက်ရှိနှင့် ယခင် ဆေးလိပ်သောက်ခဲ့မယ်ဆိုရင်  အဆုတ်ကင်ဆာစစ်ဆေးဖို့ ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။ ဆေးလိပ်သောက်ရင် ဖြတ်လိုက်ပါ။ ဆေးလိပ်ဖြတ်လိုက်တာနဲ့  နှလုံးရောဂါ၊ ပန်းနာရင်ကျပ် ၊ အဆုတ် ကင်ဆာနှင့် အခြားသော ကျန်းမာရေးဆိုင်ရာ ပြဿနာများ ဖြစ်နိုင်ခြေကို လျှော့ချပေး နိုင်ပါတယ်။

အခုဖော်ပြလိုက်တဲ့ အချက်တွေက အလွယ်တကူလုပ်နိုင်တဲ့ ကွီးတို့ အမြဲ ကျန်းမာနေဖို့ ပြုလုပ်သင့်တဲ့ အချက် ၅ ချက်ဘဲ ဖြစ်ပါတယ်။

Source : Healthy Driven Blogs

Featured Photo : The Ladders