မကြာခင် ဆောင်းဝင်လာတော့မှာဆိုတော့ ပူပူနွေးနွေး အနွေးဓာတ်ပေးမယ့် Brandy Hot Toddy ကော့လ်တေး ဖျော်စပ်နည်းလေး မျှဝေပေးချင်ပါတယ်။ Brandy Hot Toddy ကော့လ်တေးက ရာသီဥတုအေးတဲ့ အချိန်တွေအတွက် ပြီးပြည့်စုံတဲ့ သောက်စရာ Drink တစ်ခု ဖြစ်ပါတယ်။ သစ်ကြံပိုးခေါက် ၊ ပန်းသီးတို့နဲ့ ရောစပ်ဖျော်ထားတာ ဖြစ်လို့ နွေးထွေးတဲ့ အရသာနဲ့ ဆေးဖက်ဝင်တဲ့ ကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။

Photo : A Couple Cooks

Brandy Hot Toddy ကော့လ်တေးဟာ ၁၇၈၀ ပြည့်လွန်နှစ်တွေမှာ ဗြိတိန်မှာ စတင်ပေါ်ပေါက်ခဲ့တာ ဖြစ်ပြီး အိန္ဒိယနိုင်ငံကနေ ဆင်းသက်လာတဲ့ ကော့လ်တေးတစ်မျိုးလို့ ယုံကြည်ထားကြပါတယ်။ ၁၈၀၀ ပြည့်နှစ်တွေမှာတော့ အနောက်နိုင်ငံတော်တော်များများကို ပြန့်နှံ့သွားခဲ့ပြီး အမေရိကန်လူမျိုးတွေက ဆေးဖက်ဝင်တဲ့ အအေးမိဖျားနာပျောက်ဆေးအဖြစ် သောက်သုံးခဲ့ကြတာ ဖြစ်ပါတယ်။

Brandy Hot Toddy တစ်ခွက်ဖျော်စပ်ဖို့ နှစ်သက်ရာ Brandy တစ်မျိုး ၊ ချိုမြမြအရသာအတွက် Maple Syrup သို့မဟုတ် ပျားရည် ၊ ရေနွေးနဲ့ ပန်းသီးစိပ်လေးတွေ အဓိက လိုအပ်ပါတယ်။ ပြင်ဆင်ဖျော်စပ်ရ အရမ်းလွယ်ကူပြီး အေးချမ်းတဲ့ ဆောင်းညတွေမှာ တည်ခင်းဖို့ အလိုက်ဖက်ဆုံး ကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။ ကဲဒါဆို ကွီးတို့အိမ်မှာပဲ Brandy Hot Toddy ကော့လ်တေးတစ်ခွက် အလွယ်တကူ ဖျော်စပ်သောက်နိုင်ဖို့ ဖျော်နည်းအဆင့်ဆင့်ကို ကြည့်လိုက်ရအောင်ပါ။

Photo : A Couple Cooks

အရင်ဆုံး ဖန်ခွက်ထဲမှာ နှစ်သက်ရာ Brandy ၁ အောင်စခွဲ ၊ Maple Syrup သို့မဟုတ် ပျားရည် အောင်စဝက်တို့ကို ရောထည့်ပြီး မွှေပေးပါ။ အသင့်လှီးဖြတ်ထားတဲ့ ပန်းသီးစိပ် ၃ စိပ်ခန့်နဲ့ သစ်ကြမ်းပိုးခေါက် ၁ ခုတို့ကို ဖန်ခွက်ထဲရောထည့်ပြီး အပေါ်က ရေနွေး ခွက်တစ်ဝက်ခန့် လောင်းထည့်လိုက်ပါ။  ဒါဆိုရင်တော့ ဆောင်းရဲ့အအေးဒဏ်ကို တွန်းလှန်ပေးမယ့် ပူပူနွေးနွေး ချိုပြင်းမွှေး Brandy Hot Toddy ကော့လ်တေး တစ်ခွက် အသင့်သောက်သုံးလို့ ရပါပြီ။ နှစ်သက်ပါက သံပုရာသီးတစ်စိပ်ခန့် ရောထည့်သောက်နိုင်ပါတယ်။

Featured Photo : Cocktails – LoveToKnow