တစ်ခါတစ်ရံမှာ စားသုံးလိုက်တဲ့ အစားအစာတွေကြောင့် ဖြစ်စေ၊ သွားနဲ့ ခံတွင်းသန့်ရှင်းကို သေချာ ဂရုမစိုက်လို့ဖြစ်စေ ခံတွင်းနံ့ဆိုးတတ်ပါတယ်။ ထို့အပြင် ကျန်းမာရေးကြောင့် ခံတွင်းနံ့ဆိုးတာမျိုး လည်းရှိတတ်ပါတယ်။ ကျန်းမာရေးကြောင့် ခံတွင်းနံ့ဆိုးတာမျိုးဆိုရင်လည်း ကွီးတို့ အနေနဲ့ မပေါ့ဆသင့်ပါဘူး။ ခံတွင်းနံ့ဆိုး တာဟာ ကွီးတို့ရဲ့ လူမှုဆက်ဆံရေးမှာ တစ်ခါတစ်ရံ အနည်းနဲ့ အများသက်ရောက်မှု ရှိပါတယ်။ ဒါ့အပြင် ကွီးတို့ကိုလည်း ကိုယ်ကိုယ်ကို ယုံကြည်မှု လျှော့နည်းစေပါတယ်။ ဒါကြောင့် ခံတွင်းနံ့ဆိုးခြင်းကို လျှော့ချနိုင်ရန် သို့မဟုတ် ကာကွယ်နိုင်ရန် လိုက်နာသင့်တဲ့ နည်းလမ်းများ ကိုလေ့လာမိသလောက် ဝေမျှပေးချင်ပါတယ်။

(၁) သွားကို သေချာတိုက်ပါ

ခံတွင်းနံ့ဆိုးခြင်းကို ကာကွယ်နိုင်ရန်

Photo : VistaCreate

ခံတွင်းနံ့ဆိုးခြင်းကို လျှော့ချနိုင်ရန် (သို့) ကာကွယ်နိုင်ရန် လိုက်နာရမဲ့ အရိုးရှင်းဆုံးနည်းလမ်းကတော့ ခံတွင်းသန့်ရှင်းရေးကို ဂရုစိုက်တာပါပဲ။ ခံတွင်းသန့်ရှင်းရန်အတွက် သွားကိုသေချာတိုက်ပါ။ အထူးသဖြင့် အစာစားပြီးနောက် တစ်နေ့လျှင် အနည်းဆုံး နှစ်ကြိမ် ဖလိုရိုက်ပါဝင်သော သွားတိုက်ဆေးကို အသုံးပြု၍ တိုက်ပါ။ သွားတိုက်ဆေးမှာ ဘက်တီးရီးယားပိုးမွှားတွေနဲ့ ခံတွင်းနံ့ဆိုးတွေကို လျော့ချပေးနိုင်တာကို တွေ့ရပါတယ်။ ခံတွင်းသန့်ဆေးရည်ကို အသုံးပြုခြင်းကလည်း ခံတွင်းနံ့ဆိုးခြင်းကို လျှော့ချပေးနိုင်ပါတယ်။ ထို့အပြင် သုံးလမှ လေးလတစ်ကြိမ်ခန့် ကွီးတို့ရဲ့ သွားတိုက်တံကို အသစ်လဲပေးဖို့ လိုပါတယ်။

(၂) သွားပွတ်ကြိုးကို အသုံးပြုပါ

ခံတွင်းနံ့ဆိုးခြင်းကို ကာကွယ်နိုင်ရန်

Photo : Montpelier Family Dentistry

ကွီးတို့အနေနဲ့ သွားပွတ်ကြိုးကို တစ်နေ့လျှင် အနည်းဆုံး ၁ ကြိမ်ခန့် အသုံးပြုပေးပါ။ သွားပွတ်ကြိုးကို အသုံးပြုခြင်းက သွားများကြားမှ အစာအမှုန်အမွှားများနှင့် အညစ်အကြေးများကို ဖယ်ရှားပေးကာ ခံတွင်းနံ့ဆိုးခြင်းကို ထိန်းချုပ်ရန် ကူညီပေးနိုင်ပါတယ်။

(၃) လျှာကို သေချာပွတ်တိုက်ပါ

ခံတွင်းနံ့ဆိုးခြင်းကို ကာကွယ်နိုင်ရန်

Photo : Carefree Dental

ပုံမှန်အားဖြင့် ကျွန်တော်တို့ရဲ့ လျှာပေါ်မှာရှိသော အလွှာသည် အနံ့အသက်ရှိသော ဘက်တီးရီးယားများကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ၎င်းတို့ကို ဖယ်ရှားရန် ကွီးတို့ရဲ့လျှာကို သွားတိုက်ရင်းနှင့် တစ်ခါတည်း သွားတိုက်တံဖြင့် ညင်သာစွာ ပွတ်ပေးပါ။ ထို့သို့ ပြုလုပ်ခြင်းက ခံတွင်းအနံ့ဆိုးများကို လျှော့ချပေးနိုင်ပါတယ်။ အကယ်၍ ကွီးတို့ရဲ့ သွားတိုက်တံက ကြီးလွန်းပြီး သက်တောင့်သက်သာမရှိပါက လျှာခြစ်တံကို အသုံးပြုလို့ရပါတယ်။

(၄) ဆေးလိပ်ဖြတ်ပါ

ခံတွင်းနံ့ဆိုးခြင်းကို ကာကွယ်နိုင်ရန်

Photo : Avalon Dental Care

‌ဆေးလိပ်သောက်ခြင်းက ခံတွင်းကို ခြောက်စေပါတယ်။ ဆေးလိပ်သောက်တာဟာ ကွီးတို့ရဲ့ သားဖုံးသာမက သွားတွေကိုပါ ပျက်စီးစေပြီး ခံတွင်းနံ့ကို ဆိုးစေပါတယ်။ ထို့အပြင် ဆေးလိပ်ဟာ ခံတွင်းနဲ့ပတ်သတ်တဲ့ ကင်ဆာရောဂါတွေကိုပါ ဖြစ်စေနိုင်ပါတယ်။ ထို့ကြောင့် ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်ဖြတ်ခြင်းက ကွီးတို့အတွက် ခံတွင်းနံ့ဆိုးခြင်းကို လျှော့ချနိုင်ရန် (သို့) ကာကွယ်နိုင်ရန် အတွက် တကယ်ကို ထိရောက်တဲ့ အပြင် ကျန်းမာရေးအတွက်ပါ များစွာအထောက်အကူ ဖြစ်စေပါတယ်။

(၅) ခံတွင်းကို မခြောက်ပါစေနဲ့

breath

Photo : Medicine

ကျွန်တော်တို့ရဲ့ ခံတွင်းထဲမှာ တံတွေးအလုံအလောက်မထုတ်ရင် ခံတွင်းခြောက်ကာ သွားပိုးစားပြီး ခံတွင်းနံ့ဆိုးနိုင်ပါတယ်။ ကော်ဖီ၊ အချိုရည် သို့မဟုတ် ဆေးလိပ်သောက်ခြင်းတို့ဟာ ခံတွင်းခြောက်ခြင်းကို ဖြစ်စေပါတယ်။ ကွီးတို့အနေနဲ့ ခံတွင်းခြောက်နေပါက တစ်နေ့တာအတွက် ရေများများသောက်ပေးပါ။ သို့သော်လည်း နာတာရှည် ခံတွင်းခြောက်ခြင်း ဖြစ်လာပြီးဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့လိုပါတယ်။

(၆) ခံတွင်းနံ့ဆိုး စေတဲ့ အစားအစာတွေကို သတိထားပါ

breath

Photo : Times of India

ကွီးတို့အနေနဲ့ ခံတွင်းနံ့ဆိုးစေနိုင်တဲ့ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူလိုမျိုး အစားအစာတွေကို ရှောင်ပါ။ သကြားပါတဲ့ အစားအစာတွေ အများကြီးစားတာကလည်း ခံတွင်းနံ့ဆိုးခြင်းနဲ့ ဆက်စပ်နေပါတယ်။ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီ အနံ့ဟာ ကွီးတို့သွားတိုက်ရုံနဲ့ ချက်ချင်းမပျောက်သွားပါဘူး။ ဒါကြောင့် ကွီးတို့အနေနဲ့ အနည်းဆုံး အလုပ် အလုပ်မသွားမီ သူငယ်ချင်းများနှင့် မတွေ့ခင် ထိုအစားအစာများ စားခြင်းကို ရှောင်ပါ။ ထို့အပြင် ဝမ်းချုပ်ပြီး ခန္ဓာကိုယ်တွင်း အပူအပုပ်များခြင်းကလည်း ခံတွင်းနံ့ကို ဆိုးစေပါတယ်။ ဒါကြောင့် ဝမ်းမချုပ်စေရန် သတိပြုပါ။

(၇) ဆရာဝန်နဲ့ ပြသပါ

breath

Photo : New York Center for Dentistry

ကွီးတို့ရဲ့ အချိန်ဇယားထဲမှာ ပုံမှန်သွားနှင့်ခံတွင်း စစ်ဆေးဖို့အတွက် သို့မဟုတ် သန့်စင်ဖို့အတွက် အစီအစဉ်ထည့်ထားပါ။ ကွီးတို့ရဲ့ ခံတွင်းနံ့များကောင်းဖို့အတွက်သာမက သွားနဲ့ ခံတွင်းကျန်းမာရေးအတွက်ပါ ဆရာဝန်နဲ့ ပုံမှန်စစ်ဆေးသင့်ပါတယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ ခံတွင်းနံ့ဆိုးခြင်းကို လျှော့ချနိုင်ရန် (သို့) ကာကွယ်နိုင်ရန် လိုက်နာသင့်တဲ့ နည်းလမ်းများ ပဲဖြစ်ပါတယ်။ ဒီနည်းလမ်းများက ကွီးတို့ရဲ့ ခံတွင်းနံ့ အတွက်သာမက ခံတွင်းကျန်းမာရေးကိုပါ အမှန်တကယ်ပင် အထောက်အကူပြုပါလိမ့်မယ်။ ဖော်ပြပါနည်းလမ်းတွေကို အစွမ်းကုန် ကြိုးစားကြည့်သော်လည်း ခံတွင်း အနံ့အသက်ဆိုးများ ဆက်လက်ရှိနေပါက ဆရာဝန်နှင့် သေချာပြသဖို့ လိုလာပါပြီ။ ဒါမှသာ ကွီးတို့ရဲ့ကျန်းမာရေးအခြေအနေနှင့် ဆက်စပ်မှုရှိမရှိ စစ်ဆေးကြည့်ရှုနိုင်မှာ ဖြစ်ပြီး အချိန်မှီကုသမှု ခံယူနိုင်မှာ ဖြစ်ပါတယ်။

Source : MAYO Clinic

Featured Photo : Halotosis