မကျန်းမာခြင်းတွေဟာ လူလည်းခံရသလို ငွေလည်း သောက်သောက်လဲ ကုန်ပါတယ်။ ဒါဆို ကျန်းမာအောင် ဘယ်လိုနေရမလဲ မေးခွန်းထုတ်စရာ ရှိပါတယ်။ အဖြေကတော့ ရှင်းပါတယ်။ ကျွန်တော်တို့ရဲ့ နေ့စဉ် နေထိုင်မှုပုံစံတချို့ကို ပြောင်းလဲလိုက်ရုံနဲ့ ကျန်းမာတဲ့ Lifestyle တစ်ခု ပိုင်ဆိုင်နိုင်မှာပါ။ အဓိက ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ စားသောက်မှုပုံစံတစ်ခုကို ထိန်းထားဖို့နဲ့ လေ့ကျင့်ခန်းကို‌ ပုံမှန်လေး လုပ်သွားဖို့ပါပဲ။ လေ့ကျင့်ခန်း လုပ်ရာမှာ Gym တွေပဲ သွားဖို့မလိုပါဘူး။ ပိုက်ဆံချွေတာချင်သူတွေအတွက် ငွေကုန်ကြေးကျမရှိပဲ လေ့ကျင့်ခန်း လုပ်လို့ရမယ့် နည်းလမ်းလေးတွေ ရှိပါတယ်။

(၁) အခမဲ့ Fitness Classes တွေ Join ပါ

Photo : Muslim.uz

ဆိုရှယ်မီဒီယာနဲ့ ဝက်ဘ်ဆိုဒ်တွေပေါ်မှာ အသင်းဝင်ကြေးပေးစရာမလိုတဲ့ Free Fitness Classes တွေရှိပါတယ်။ ယောဂ ကစားနည်းသင်တန်းတွေ ၊ ကိရိယာလွတ် Workouts ကစားနည်း Classes တွေနဲ့ တခြား Cardio Classes တွေ အများကြီးရှိပါတယ်။ Free Fitness Classes တွေ Join ထားမယ်ဆိုရင် အိမ်မှာပဲ အင်တာနက်ရှိရုံနဲ့ သင်ကြားရေး ဗီဒီယိုတွေကြည့်ပြီး  နည်းစနစ်မှန်မှန်ကန်ကန်နဲ့ ထိထိရောက်ရောက် လေ့ကျင့်ခန်း လုပ်နိုင်မှာ ဖြစ်ပါတယ်။

(၂) အပြေးလေ့ကျင့်ခန်းလုပ်ပါ

Photo : Men’s Journal

အပြေးလေ့ကျင့်ခန်းက အချိန်နေရာမရွေး လူတိုင်းလုပ်နိုင်တဲ့ လေ့ကျင့်ခန်း တစ်ခုဖြစ်ပါတယ်။ ၄၅ မိနစ်ခန့် ပြေးရုံနဲ့ ကယ်လိုရီ ၃၅၀ ကနေ ၅၅၀ ကြား လောင်ကျွမ်းနိုင်စွမ်း ရှိပါတယ်။ သက်လုံကောင်းစေပြီး ကြံ့ခိုင်မှုစွမ်းအား မြှင့်တင်ချင်တယ်ဆိုရင်တော့ တစ်ရက်ကို နာရီဝက် ၄၅ မိနစ်လောက် အပြေးလေ့ကျင့်ခန်း လုပ်ပေးသင့်ပါတယ်။

(၃) ဘောလုံးကန်ပါ

Photo : Groupe Apicil

ဘော်ဒါတွေနဲ့ အဖွဲ့လိုက် ပျော်ပျော်ပါးပါး လေ့ကျင့်ခန်း လုပ်ချင်တယ်ဆိုရင်တော့ ဘောလုံးကန်ဖို့ အကြံပြုချင်ပါတယ်။ အဖွဲ့လိုက်အားကစားနည်းတွေဟာ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်မှုပိုင်းမှသာမက ပေါင်းသင်းဆက်ဆံရေးမှာပါ အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ အခမဲ့ ကစားလို့ရတဲ့ ရပ်ကွက်အခြေပြု အားကစားကွင်းတွေကို အသုံးပြုနိုင်သလို ၊ Charges ပေးရတဲ့ အားကစားကွင်းတွေ သုံးမယ်ဆိုလည်း ဘော်ဒါတွေနဲ့ စုခံမယ်ဆိုရင် တစ်ယောက်ကို အများကြီး မပေးရပဲ ကစားလို့ရမှာ ဖြစ်ပါတယ်။ ဘောလုံးကန်ခြင်းနဲ့ အလားတူ ဘက်စကတ်ဘော ကစားတာ ၊ ခြင်းလုံးခတ်တာ ၊ ဘောလုံးဘောကစားတာ စတဲ့ အဖွဲ့လိုက် အားကစားနည်းတွေလည်း ဆော့လို့ရပါတယ်။

(၄) စက်ဘီးနင်းပါ

Photo : Forbes

Outdoor Activities တွေ စိတ်ဝင်စားတယ်ဆိုရင် Running ၊ Jogging ပြေးတာတွေအပြင် စက်ဘီးနင်းလို့လည်း ရပါတယ်။ စက်ဘီးနင်းတာက အကောင်းဆုံး ကိုယ်လက်လှုပ်ရှားမှုတစ်ခု ဖြစ်သလို စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျခြင်းတွေကိုလည်း တိုက်ထုတ်ပေးပါတယ်။ ကယ်လိုရီများများလောင်ကျွမ်းစေတဲ့အတွက် ဝိတ်ကျချင်သူတွေ ဆော့ကစားနိုင်မယ့် အကောင်းဆုံး လေ့ကျင့်ခန်း နည်းတစ်ခုလည်း ဖြစ်ပါတယ်။ မိသားစုဝဝင်တွေ ၊ သူငယ်ချင်းတွေနဲ့လည်း အတူတူ ပြုလုပ်လို့ ရပါတယ်။

(၅) ကြိုးခုန်ပါ


Photo : Nike

ကြိုးခုန်ဖို့လုံလောက်တဲ့ အကျယ်အဝန်းနေရာတစ်ခုနဲ့ Jump Rope တစ်ချောင်းရှိရုံနဲ့ ဆော့ကစားလို့ရမယ့် Cardio လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ကြိုးခုန်တဲ့ လေ့ကျင့်ခန်းဟာ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကြံ့ခိုင်မှုကို တိုးစေပြီး အရိုးသိပ်သည်းဆကို မြှင့်တင်ပေးပါတယ်။ အချိန်အနည်းအငယ်အတွင်း ကယ်လိုရီအများကြီးလောင်ကျွမ်းစေတဲ့အပြင် Cardiovascular System ကိုလည်း ကောင်းမွန်စေတဲ့အတွက် အမျိုးသားတိုင်း စိုးရိမ်ရတဲ့ လေဖြတ်ခြင်းကဲ့သို့ရောဂါအန္တရာယ်တွေကိုလည်း ကာကွယ်ပေးပါတယ်။

Featured Photo : Men’s Health