လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းက လူတိုင်းအတွက် ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာအတွက်ပါ အကျိုးရှိစေတယ်ဆိုတာ သိရှိပြီးသားဖြစ်မှာပါ။ လေ့ကျင့်ခန်းများက ကျွန်တော်တို့အတွက် အလုံးစုံကြံ့ခိုင်မှုနှင့် ကျန်းမာရေးကို ထိန်းသိမ်းရန် ကူညီပေးသည့် အဓိကအစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းလုပ်ခြင်း က သက်ကြီးရွယ်အိုများအတွက်သာမက လူငယ်များပါမကျန် အသက်အရွယ်မျိုးစုံအတွက် ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်မဲ့ အကောင်းဆုံးနည်းလမ်းလည်း ဖြစ်ပါတယ်။
ကိုယ်လက်လှုပ်ရှားမှုများက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကို တက်ကြွစေပြီး အန္တရာယ်ရှိသော ဗိုင်းရပ်စ်များ၊ ဘက်တီးရီးယားများ၊ အဆိပ်အတောက်များနှင့် ရောဂါပိုးမွှားများကို တိုက်ခိုက်ပြီး ခုခံကာကွယ်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းများကို အသက်အရွယ်မရွေး ပြုလုပ်သင့်ပါတယ်။ ဆက်လက်ပြီးတော့ ကျွန်တော်တို့ရဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးမဲ့ အကောင်းဆုံး လေ့ကျင့်ခန်းများကို ကြည့်လိုက်ရအောင်။
လမ်းလျှောက်ခြင်း

Photo : The New York Time
လမ်းလျှောက်ခြင်းကဲ့သို့ အလယ်အလတ် လေ့ကျင့်ခန်းကို နာရီဝက်ခန့် ပုံမှန်လုပ်ခြင်းက ကွီးတို့ရဲ့ ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်မဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ လမ်းလျှောက်ခြင်းဟာ အသက်အရွယ်မရွေးလုပ်လို့ရတဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး အသက်အရွယ်ကြီးသူများ မဖြစ်မနေ ပြုလုပ်သင့်ပြီး ထိခိုက်မှုနည်းသော လေ့ကျင့်ခန်းတစ်ခုလည်း ဖြစ်ပါတယ်။ နေ့စဉ်ပုံမှန်လမ်းလျှောက်ခြင်းက ခုခံအားဆဲလ်အရေအတွက်ကို တိုးစေပြီး ရောဂါပိုးများကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ အေးဆေးဆေးဆေး လမ်းလျှောက်ခြင်းကတော့ သိပ်ပြီး ထူးခြားမှာမဟုတ်ပါဘူး။ လျင်လျင်မြန်မြန်နဲ့ သွက်သွက်လတ်လတ် အားစိုက်ပြီး လျှောက်ဖို့လိုပါတယ်။
အေရိုးဗစ် လေ့ကျင့်ခန်းများ

Photo : Workout Trends
ဒီလေ့ကျင့်ခန်းများကလည်း ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပါတယ်။ အေရိုးဗစ်လေ့ကျင့်ခန်းသည် နှလုံးအတွက် အကောင်းဆုံးဖြစ်ပြီး ကျန်းမာသောကိုယ်အလေးချိန်ကို ထိန်းသိမ်းရန် ကူညီပေးပါတယ်။ ဒါ့အပြင် နှလုံးရောဂါ၊ ဆီးချို၊ လေဖြတ်တာနဲ့ ကင်ဆာဖြစ်နိုင်ခြေကိုလည်း လျော့ကျစေပါတယ်။ အေရိုးဗစ်လေ့ကျင့်ခန်းများက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်တွင်း ရောဂါပိုးများကို တိုက်ဖျက်ရာတွင် အထောက်အကူဖြစ်စေသော ခန္ဓာကိုယ်အပူချိန်ကို မြင့်မားစေပါတယ်။ ဒါ့အပြင် အဆစ်အမြစ်ကိုက်ခဲတတ်သော သက်ကြီးရွယ်အိုများအတွက် ခုခံအားမြှင့်တင်ပေးသည့် အကောင်းဆုံးဆေးမှာ အေရိုးဗစ် လေ့ကျင့်ခန်းများပဲ ဖြစ်ပါတယ်။
ယောဂ

Photo : Bodybuilding.com
အခုနောက်ပိုင်းမှာ ယောဂ လေ့ကျင့်ခန်းများက ရရှိသော အကျိုးကျေးဇူးများကို ပိုမိုသိရှိလာကြပြီး စိတ်ဝင်စားမှုများ မြင့်တတ်လာခဲ့ပါတယ်။ ယောဂသည် ကွီးတို့ရဲ့ စိတ်ကိုဗဟိုပြုပြီး ကိုယ်ခံအားစနစ်ကို အကောင်းဆုံးအခြေအနေတွင် ထိန်းသိမ်းထားနိုင်တဲ့ လေ့ကျင့်ခန်းတစ်ခုဆိုလည်းမမှားပါဘူး။ ယောဂက စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများကိုသာမက ကွီးတို့ရဲ့ ကျန်းမာရေးအတွက်ပါများစွာ အထောက်အကူပြုတယ် ဆိုတာလည်း လက်ခံထားကြပါတယ်။ ယောဂကျင့်ခြင်းသည် ကျန်းမာသော ကိုယ်ခံအားစနစ်အတွက် အနှောင့်အယှက်ဖြစ်စေသော စိတ်ဖိစီးမှုများကို လျှော့ချပေးပါတယ်။
Strength Training

Photo : Eat This, Not That
ကွီးတို့ရဲ့ ကြံ့ခိုင်မှုနဲ့ ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်မဲ့ နောက်ထပ်နည်းလမ်းတစ်ခုကတော့ Strength Training ပဲဖြစ်ပါတယ်။ Strength Training လို့ခေါ်တဲ့ ခွန်အားလေ့ကျင့်ပေးခြင်းက ကယ်လိုရီများကို လောင်ကျွမ်းစေခြင်း၊ အဆီလျှော့ချခြင်းနှင့် သက်ကြီးရွယ်အိုများတွင် ကြွက်သားထုထည်ကို တိုးတက်ကောင်းမွန်စေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ခါးနာခြင်းကို သက်သာစေပြီး မှတ်ဉာဏ်စွမ်းရည်ကို မြှင့်တင်ပေးနိုင်တယ်လို့ ဆိုပါတယ်။ အလေးမခြင်းကဲ့သို့သော ခွန်အားလေ့ကျင့်ပေးခြင်းက ကွီးတို့ရဲ့ ခန္ဓာကိုယ်ကို သဘာဝအတိုင်း တွန်းအားပေးပြီး ခန္ဓာကိုယ်အနှံ့ သွေးစီးဆင်းမှုကို တိုးစေကာ စိတ်ဖိစီးမှုကို သက်သာစေပါတယ်။ Strength Training က အသက်အရွယ်မရွေး အတွက် ကိုယ်ခံအားစနစ်ကို သိသိသာသာ သက်ရောက်မှုပါတယ်။ လူကြီးများအတွက် သင့်တော်သော Strength Training ကို ပြုလုပ်နိုင်ပြီး၊ လူငယ်များကတော့ မိမိရဲ့ ခံနိုင်ရည်အားအလိုက် Strength Training ပြင်းထန်မှုကို မြှင့်တင်သွားနိုင်ပါတယ်။
Source : Seasons
Featured Photo : Eat This, Not That
