ခေါင်းလျှော်တာဟာ ဘာများခက်ခဲသလဲလို့ မေးစရာရှိပါတယ်။ မှန်ပါတယ် အပေါ်ယံကြည့်မယ်ဆိုရင်တော့ ခေါင်းလျှော်တာဟာ ဘာမှထွေထွေထူးထူး ခက်ခက်ခဲခဲ မရှိပါဘူး။ ဒါပေမယ့် Shampoo တွေနဲ့ ခေါင်းလျှော် တဲ့အခါမှာ နည်းစနစ်တကျမရှိရင် အချိန်ကြာလာတာနဲ့အမျှ ကွီးတို့ရဲ့ ဆံသားနဲ့ ဦးရေပြား ကျန်းမာရေးအတွက် ဆိုးကျိုးတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ နည်းမှန်လမ်းမှန် ခေါင်းလျှော် ရာမှာ သိထားသင့်တဲ့ အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။
(၁) ဦးရေပြားကို နှိပ်နယ်ပေးပါ
Photo : Newsweek
ခေါင်းလျှော် တဲ့အခါမှာ ပထမဆုံးအဆင့်အနေနဲ့ ဆံပင်ကို ကြက်သီးနွေးရေနဲ့ စိုစွတ်အောင် ပြုလုပ်ပေးပါ။ ထို့နောက် ခေါင်းလျှော်ရည်အနည်းငယ်ကို လက်ထဲထည့်ပြီး ဆံပင်နဲ့ ဦးရေပြားကို သေချာစွာ နှံ့စပ်အောင် သုတ်လိမ်းပြီး အမြုပ်ထသည်အထိ ပွတ်လျှော်ပေးပါ။ ခေါင်းလျှော်နေချိန်မှာ ပြီးပြီးရောလျှော်ပြီး ရေလောင်းချတာမျိုး မလုပ်ပါနဲ့။ ဦးရေပြားကို အချိန်ယူပြီးသေချာစွာ နှိပ်နယ်ပေးဖို့ လိုပါတယ်။ ဒါမှလည်း ဦးရေပြား သွေးလည်ပတ်မှုကို အားကောင်းစေပြီး ဆံသားကျန်းမာရေးကို မြှင့်တင်ပေးမှာ ဖြစ်ပါတယ်။
(၂) ရေအေးနဲ့ ဆေးချပါ
Photo : Rolling Stone
ပထမတဆင့် ကြက်သီးနွေးရေနဲ့ ခေါင်းကို စိုစွတ်အောင်လုပ်ချိန်မှာ ဦးရေပြား မွေးညှင်းပေါက်တွေက ပွင့်သွားပါတယ်။ ခေါင်းလျှော်ရည်နဲ့ သေချာ နှိပ်နယ်လျှော်ဖွတ်ပြီးတဲ့ အခါမှာတော့ နောက်တစ်ကြိမ်ရေနွေးနဲ့ ထပ်ပြီး ဆေးချတာမျိုး မလုပ်သင့်ပါဘူး။ ဦးရေပြား မွေးညှင်းပေါက်တွေပြန်ပိတ်စေဖို့ ရေအေး (ရိုးရိုးရေ)နဲ့သာ ဆေးချသင့်ပါတယ်။ ဦးရေပြားမွေးညှင်းပေါက်တွေ ပြန်ပိတ်အောင် မလုပ်ပေးဘူးဆိုရင် ဦးရေပြား အစိုဓာတ်ကို ဆုံးရှုံးသွားစေနိုင်ပါတယ်။
(၃) Conditioner သုံးပါ
Photo : Oars + Alps
ခေါင်းလျှော် ပြီးတာနဲ့ မပြီးသေးပါဘူး၊ Conditioner မဖြစ်မနေ သုံးပေးဖို့လည်း လိုပါတယ်။ ဆံသား သန်စွမ်းကျန်းမာပြီး ပျော့ပျောင်းနူးညံ့နေစေဖို့ Conditioner က များစွာ အထောက်အပံ့ ဖြစ်စေပါတယ်။ Conditioner လိမ်းတဲ့အခါ ဆံသားကို သေချာနှံ့အောင် လိမ်းပေးရပါမယ်။ ဦးရေပြားကို Conditioner မထိစေဖို့ ဂရုပြုပါ။ Conditioner လိမ်းပြီး ၅ မိနစ်လောက် နှပ်ထားလိုက်ပါ။ ပြီးတဲ့အခါ ရေလောင်းချလိုက်လို့ ရပါပြီ။
(၄) ပုဝါနဲ့ ညင်သာစွာ ရေသုတ်ပါ
Photo : SPY
ခေါင်းလျှော် ပြီးချိန် ဆံပင်ကို အခြောက်ခံတဲ့အခါ ပုဝါနဲ့ ခပ်ကြမ်းကြမ်း သုတ်တာမျိုး အထူးရှောင်ကြဉ်သင့်ပါတယ်။ အကြောင်းကတော့ ပုဝါနဲ့ ကြမ်းကြမ်းသုတ်မယ်ဆိုရင် ဆံသားကိုအလွယ်တကူ ကျိုးကြေလွယ်စေလို့ပါပဲ။ နူးညံ့တဲ့ မျက်နှာသုတ်ပုဝါနဲ့ ညင်သာစွာပဲ သုတ်ပြီးအခြောက် ခံပေးပါ။ လေမှုတ်စက်နဲ့ အခြောက်ခံတာဟာ အပူလွန်ကဲမှုကို ဖြစ်စေပြီး ဆံသားကို ကြမ်းတမ်း ၊ ခြောက်သွေ့ကာ ကျိုးလွယ်ကြေလွယ်ဖြစ်စေနိုင်တာကြောင့် သဘာဝအတိုင်း အခြောက်ခံတဲ့နည်းက ပိုကောင်းပါတယ်။
(၅) နေ့တိုင်း ခေါင်းလျှော်ခြင်းကို ရှောင်ပါ
Photo : Kevin Murphy
ကျွန်တော်တို့ရဲ့ ဆံပင်နဲ့ ဦးရေပြားဟာ နေ့တိုင်းလျှော်ဖို့ မလိုအပ်ပါဘူး။ နေ့တိုင်း ခေါင်းလျှော် တာဟာ ဦးရေပြားမှာရှိတဲ့ သဘာဝအဆီတွေကို ခမ်းခြောက်စေပြီး ဆံသား ခြောက်သွေ့ကြမ်းတမ်းမှုကို ဖြစ်စေနိုင်ပါတယ်။ တစ်ပတ်မှာ နှစ်ကြိမ် ကနေ သုံးကြိမ်ခန့် ခေါင်းလျှော်ပေးမယ်ဆိုရင်ပဲ လုံလောက်ပါပြီ။
Photo : Medical News Today