လူသားများရဲ့ ခန္ဓာကိုယ်ကို ရေဓာတ် ၈၀ ရာခိုင်နှုန်းဖြင့် ဖွဲ့စည်းထားတယ်ဆို သိရှိပြီးသား ဖြစ်မှာပါ။ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်ရှိ အင်္ဂါအစိတ်အပိုင်းများ၊ ဆဲလ်များနှင့် တစ်ရှူးအားလုံးတို့ကို ကောင်းမွန်စွာလည်ပတ်စေရန် ရေဓာတ်ကို အသုံးပြုသောကြောင့် နေ့စဉ် ရေ ကို လုံလောက်စွာသောက်သုံးရန်မှာ အမှန်တကယ်ပင် အရေးကြီးပါတယ်။ Henry Ford Health မှ မိသားစုဆေးပညာဆရာဝန် Marjan Moghaddam က လူတစ်ယောက်အတွက် တစ်နေ့လျှင် ရေခြောက်ခွက် ကနေ ရှစ်ခွက် အထိသောက်ဖို့ အကြံပြုထားပါတယ်။ ဒီလို လူခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ရေကို ကွီးတို့နေ့စဉ် ပုံမှန် သတိထားပြီး သောက်သုံးဖြစ်ပါသလား။ ဒီဆောင်းပါးလေးမှာတော့ ရေ လုံလောက်စွာ မသောက်ခြင်းကနေ ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက် ဆိုးကျိုးများ ကိုဖော်ပြပေးချင်ပါတယ်။
ခေါင်းကိုက်ခြင်း

Photo : Rush University Medical Center
တစ်နေ့တာအတွက် ရေ ကိုလုံလုံလောက်လောက် မသောက်မိလို့ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးများ ထဲက ပထမဆုံး သတိပြုမိနိုင်တဲ့ အရာကတော့ ခေါင်းကိုက်ခြင်းပါပဲ။ ကွီးတို့အနေနဲ့ ခေါင်းကိုက်ခြင်းက ရေဓာတ်ခန်းခြောက်ရခြင်းရဲ့ အကြောင်းအရင်း ဖြစ်ပါက ရေတစ်ခွက်သောက်ပြီး မကြာမီ ပျောက်ကင်းသွားပါလိမ့်မယ်။
အူလမ်းကြောင်းလုပ်ဆောင်ချက် နှေးကွေးခြင်း

Photo : Live Science
ကွီးတို့ရေ ရေ လုံလောက်စွာ မသောက်ခြင်းက အူလမ်းကြောင်းလုပ်ဆောင်ချက် နှေးကွေးခြင်းကို ဖြစ်စေပါတယ်။ ရေ လုံလုံလောက်လောက်သောက်ခြင်းဖြင့် အူမကြီးထဲမှာ ရေဓာတ်တွေ ရှိနေပြီး ဝမ်းပျော့သွားအောင် ခန္ဓာကိုယ်ထဲက ရေတွေကို ဆွဲထုတ်ပါတယ်လို့ ဒေါက်တာ Moghaddam က ဆိုပါတယ်။ ဒါကြောင့် ရေဓာတ်လုံလောက်မှု မရှိရင် ဝမ်းချုပ်ခြင်းကို ဖြစ်စေပါတယ်။ ဝမ်းချုပ်တာကတစ်ဆင့် ဗိုက်နာတာနဲ့ ကြွက်တက်တာစတဲ့ ဘေးထွက် ဆိုကျိုးတွေအထိ ဖြစ်လာနိုင်ပါတယ်။
အသားအရေ မွဲခြောက်ခြင်း

Photo : Fashion Beans
ရေဓာတ်ခမ်းခြောက်တာက ကျွန်တော်တို့ရဲ့ အသားအရေကို ခြောက်သွေ့စေနိုင်ပါတယ်။ ဒီအချက်ကလည်း ရေ လုံလောက်စွာ မသောက်ခြင်းရဲ့ ဘေးထွက် ဆိုးကျိုးများ ထဲက သိသာတဲ့ တစ်ချက်ပါပဲ။ ဒါကြောင့် အလှအပ ရေးရာပညာရှင်တွေက အသားအရေ စိုပြေဖို့အတွက် ရေကိုလုံလောက်စွာ သောက်သုံးဖို့ အကြံပြုထားပါတယ်။
ပင်ပန်းနွမ်းနယ်ခြင်း
Photo : Great People Inside
တစ်နေ့တာအတွက် ခန္ဓာကိုယ်က လိုအပ်တဲ့ ရေဓာတ်ကို လုံလောက်စွာ ဖြည့်တင်းခြင်း မရှိပါက ကွီးတို့ရဲ့ စွမ်းအင်နဲ့ စွမ်းဆောင်ရည်များ ကျဆင်းနိုင်ပြီး ပင်ပန်းနွမ်းနယ်မှုနဲ့ လေးလံထိုင်းမှိုင်းမှုကို ခံစားရနိုင်ပါတယ်။ တချိူ့နေ့ရက်တွေမှာ ပင်ပန်းနွမ်းနယ်မှုကို ခံစားရတာက ရေလုံလုံလောက်လောက် မသောက်မိတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကွီးတို့အနေနဲ့ နေ့လည်ပိုင်းမှာ ပင်ပန်းနွမ်းနယ်မှုကို ခံစားရရင် ကော်ဖီတစ်ခွက်ကို လှမ်းမဲ့အစား ရေသောက်ဖို့လိုတာလားဆိုတာ အရင်သုံးသပ်ကြည့်ပါ။ ဒါ့အပြင် ရေအလုံအလောက် မသောက်သုံးခြင်းက ကွီးတို့ရဲ့ အာခေါင်ကို ခြောက်စေပြီး စကားပြောရန် ၊ မျိုချရန်နှင့် အသက်ရှုရန်ပင် ခက်ခဲစေတဲ့အထိ ဖြစ်စေနိုင်ပါတယ်။
ကွီးတို့ရေ ရေကိုလုံလုံလောက်လောက် မသောက်ခြင်းကြောင့် ရေဓာတ်ခမ်းခြောက်ပြီး အခြားသော ဆိုးကျိုးများလည်း ခံစားနိုင်ပါသေးတယ်။ ဒါကြောင့် လူတစ်ယောက်အတွက် လိုအပ်တဲ့ ရေပမာဏကို အလေးထား သောက်သုံးဖို့ တိုက်တွန်းလိုက်ပါတယ်။
Source : Henry Ford Health
Featured Photo : Eat This, Not That

