အသက်အရွယ် တဖြည်းဖြည်း ကြီးရင့်လာပြီး ဆံပင် အလွန်အမင်းကျွတ်လို့ စိတ်ညစ် နေပါသလား။ ဘာ့ကြောင့် ဆံပင်တွေ ကျွတ်ပြီး တဖြည်းဖြည်း ပါးလာရသလဲ။
ဆံပင် အလွန်အမင်း ကျွတ်စေတဲ့ အဓိကအကြောင်းအရင်း (၄) မျိုး ရှိပါတယ်။ ပထမတစ်မျိုးကတော့ စိတ်ဖိစီးခြင်းပါ။ အလုပ်ကြောင့်ပဲဖြစ်ဖြစ်၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက်ကြောင့် စိတ်ဖိစီးမှုများ ဖြစ်ပေါ်လာခြင်းကြောင့် စိတ်ဖိစီးမှုများ ခံစားလာရတဲ့အခါ ဆံပင် အလွန်အမင်း ကျွတ်တတ်ပါတယ်။
ဒုတိယတစ်မျိုးကတော့ မျိုးရိုးကြောင့် ဖြစ်ပါတယ်။ မိသားစု မျိုးရိုးအလိုက် ဆံပင် ပါးသူများကလည်း မျိုးရိုးလိုက်ပြီး ဆံပင် ပါးတတ်ပါတယ်။ တတိယတစ်မျိုးကတော့ ရောဂါအခြေအနေကြောင့်ပါ။ တကယ်လို့ ကွီးတို့မှာ ဦးရေပြား ပြဿနာများ၊ သိုင်းရွိုက်ရောဂါနှင့် ပတ်သက်တဲ့ အခြေအနေမျိုး ခံစားနေရပါက ဆံပင် အလွန်အမင်း ကျွတ်တတ်ပါတယ်။ နောက်ဆုံး တစ်ခုကတော့ ဆေးဝါးများကြောင့် ဖြစ်ပါတယ်။ နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ စိတ်ကျရောဂါ၊ ဂေါက်ရောဂါ၊ လေးဘက်နာရောဂါများကြောင့် ဆေးဝါးများ မှီဝဲနေရပါက ထိုဆေးဝါးများကြောင့် ဆံပင် အလွန်အမင်း ကျွတ်တတ်ပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် ဆံပင် အလွန်အမင်း ကျွတ်လို့ စိတ်ညစ်နေရတဲ့ ကွီးတို့အတွက် ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းကောင်းများ ရှိပါတယ်။
ဆံပင်စိုက်ခြင်း
Photo: Freepik
ဒီနည်းလမ်းကတော့ ဘေးထွက်ဆိုးကျိုးနည်းပြီး ထိရောက်မှုရှိတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။ လူတော်တော်များများလည်း ဒီနည်းလမ်းကို အသုံးပြုကြပါတယ်။ အသုံးပြုသူများရဲ့ ရီဗျူးများအရလည်း အမှန်တကယ် လက်တွေ့ကျတဲ့ နည်းလမ်းတစ်ခုဖြစ်ကြောင်း သိရှိနိုင်ပါတယ်။
ဦးရေပြားကို နှိပ်နယ်ပါ
၂၀၁၆ ခုနှစ်က ပြုလုပ်ထားတဲ့ လေ့လာတွေ့ရှိချက်အရ ဦးရေပြားကို နှိပ်နယ်ပေးခြင်းသည်လည်း ဆံပင် အလွန်အမင်း ကျွတ်ခြင်းမှ တားဆီးပေးပြီး ဦးရေပြားကို သန်မာစေကာ ဆံကေသာကိုလည်း ကျန်းမာလှပစေပါတယ်။ ထိုသုတေသန လေ့လာချက်ထဲတွင် အမျိုးသားများကို ရက်သတ္တပတ် ၂၄ ပတ်တိတိ တစ်ရက်လျှင် ၄ မိနစ်ခန့် ဦးရေပြားကို နှိပ်နယ်ခံစေပါတယ်။ ထိုကဲ့သို့ နှိပ်နယ်ပေးလိုက်တဲ့အခါ ဆံပင် မွှေးညှင်းပေါက်လေးများ သန်မာလာပြီး ဆံကေသာ ထူထဲလာတာကို တွေ့ရှိရပါတယ်။
အာဟာရမျှတစွာ စားသောက်ပါ
၂၀၁၉ ခုနှစ်က လေ့လာချက်အရ အာဟာရမျှတစွာ စားသုံးခြင်းသည် ဆံကေသာကို ကျန်းမာလှပစေကြောင်း၊ ဆံပင် ကျွတ်ခြင်းကိုလည်း တားဆီးပေးနိုင်ကြောင်း သိရှိရပါတယ်။ ဆံကေသာ ကျွတ်ခြင်းမှ တားဆီးချင်တယ်ဆိုရင်တော့ သံဓာတ် ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ အမဲသား၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ၊ အိုမီဂါ သရီးဓာတ် ကြွယ်ဝတဲ့ ဆော်လမွန်ငါး၊ မက်ကရယ်ငါး၊ တူနာငါး၊ အစေ့အဆံအမျိုးမျိုးတို့အပြင် ပရိုတင်းဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့ အစားအစာများကိုလည်း စားသုံးရမှာပဲ ဖြစ်ပါတယ်။
ဒီအချက်များကို ပြုလုပ်ပေးမယ်ဆိုရင်တော့ ဆံပင် အလွန်အမင်း ကျွတ်လို့ စိတ်ညစ် နေရတဲ့ ပြဿနာများမှ ကင်းဝေးသွားမှာပဲ ဖြစ်ပါတယ်။
Source: Healthline
Featured Image: Menshealth