ရုံးပိတ်ရက်မှာ ချစ်သူကောင်မလေးနဲ့ ဒိတ်လုပ်ဖို့ စဉ်းစားထားပါသလား။ ဒိတ်လုပ်တဲ့အခါ ချစ်သူနှစ်ဦးအတွက် ပျော်ရွှင်စရာ အမှတ်တရကောင်းတွေ ထင်ကျန်ရစ်ခဲ့စေဖို့က အရေးကြီးဆုံးပါပဲ။ ပျော်စရာလည်းကောင်း ၊ အမှတ်တရလည်းဖြစ်ပြီး ငွေကုန်ကြေးကျလည်း မများမယ့် လူငယ်စုံတွဲ တွေအတွက် ပျော်စရာကောင်းတဲ့ ဒိတ်လုပ်နည်း လေးတွေကို အခုဆောင်းပါးလေးကနေတဆင့် မျှဝေပေးပါမယ်။ စိတ်ဝင်စားတယ်ဆိုရင် အတူတူကြည့်လိုက်ရအောင်ပါ။
(၁) တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာသို့ သွားပါ
Photo : Hartz
ကွီးတို့ ချစ်သူနှစ်ဦးစလုံးက တိရစ္ဆာန်ချစ်သူတွေဆိုရင် အားလပ်ရက် ဒိတ်လုပ်တဲ့အခါ တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာကိုသာ သွားရောက်လည်ပတ်လိုက်ပါ။ တိရစ္ဆာန်လေးတွေနဲ့အတူတူ အချိန်ဖြုန်းရတာဟာ ပျော်ရွှင်စရာကောင်းသလို စိတ်လက်ပေါ့ပါးတဲ့ ခံစားချက်ကိုလည်း ရရှိခံစားစေနိုင်ပါတယ်။ တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာမှာ တစ်ရက်တာ စေတနာ့ဝန်ထမ်းအဖြစ် လုပ်အားပေးခြင်းဖြင့် ပျော်ပျော်ပါးပါး ဒိတ်လုပ်နိုင်ပါတယ်။
(၂) ဈေးအရောင်းပွဲတော်တွေ သွားပါ
Photo : Favim.com
ဟိုဟိုဒီဒီ လျောက်သွားလျောက်စားရတာ ကြိုက်တဲ့ လူငယ်စုံတွဲ တွေအတွက်ကတော့ ဈေးအရောင်းပွဲတော်တွေဆီ ခြေဆန့်တာဟာ အကောင်းဆုံး ဒိတ်လုပ်နည်း တစ်ခုပဲ ဖြစ်ပါတယ်။ မုန့်တွေစားမယ် ၊ ဈေးဝယ်မယ် ၊ ဓာတ်ပုံလေးတွေရိုက်မယ် စသည်ဖြင့် ချစ်သူနှစ်ဦးရဲ့ တစ်ရက်တာကို ပျော်ပျော်ပါးပါး ဖြတ်သန်းလို့ရပါတယ်။ ဒီတစ်ပတ် Weekend မှာဆိုရင် Time City နဲ့ ဝန်ကြီးများရုံးမှာ ဈေးအရောင်းပွဲတော်တွေ ကျင်းပမှာ ဖြစ်တဲ့အတွက် စိတ်ဝင်စားရင်သွားရောက် လည်ပတ်နိုင်ပါတယ်။
(၃) ကော်ဖီဒိတ်ပါ
Photo : Healthy Framework
ကော်ဖီဒိတ်ကတော့ လူငယ်စုံတွဲ တွေအတွက် ဘယ်တော့မှ မရိုးနိုင်တဲ့ ဒိတ်လုပ်နည်း လေးတစ်ခုပါပဲ။ ပတ်ဝန်းကျင် တိတ်ဆိတ်ငြိမ်သက်မှုရှိပြီး အေးအေးဆေးဆေး ထိုင်လို့ကောင်းတဲ့ ကော်ဖီဆိုင်မျိုးကို ရှာပါ။ စာရေးသူကတော့ ယောမင်းကြီးလမ်းထဲက Alex’s Food Loft and Alex Deli Garden Cafe ဆိုင်လေးကို ညွှန်းပေးချင်ပါတယ်။ ဒီဆိုင်လေးက ချစ်သူလေးနဲ့ အေးအေးဆေးဆေး ဒိတ်လုပ်လို့ကောင်းတဲ့ Hidden Place လေးတစ်ခုပါ။ ချစ်သူလေးနဲ့ အတူတူ စာအုပ်ဖတ်တာ ၊ ကိုယ်ပိုင်လက်ပ်တော့လေး ယူသွားပြီး Movie ဒိတ်လေးလုပ်တာတွေ လုပ်နိုင်ပါတယ်။
(၄) စာအုပ်ဆိုင်သွားပါ
Photo : POPSUGAR
စာဖတ်ဝါသနာပါတဲ့ စာကြမ်းပိုးလေးတွေ အတွက်ကတော့ စာအုပ်ဆိုင်ဒိတ်လေးက တကယ့်ကိုပဲ ရိုးရှင်းပြီး ရိုမန်တစ်ဆန်စေမှာ ဖြစ်ပါတယ်။ ချစ်သူလေးနဲ့အတူ လက်တလော ဖတ်ဖြစ်နေတဲ့ စာအုပ်အကြောင်း ဆွေးနွေးမယ် ၊ အသစ်ထွက်ထားတဲ့ စာအုပ်တွေ ရှာဖတ်မယ် ၊ ချစ်သူလေးကို ဖတ်စေချင်တဲ့ စာအုပ်ကောင်းလေးတွေ ညွှန်းပေးမယ် ၊ နှစ်ယောက်သား အတူတူ စာအုပ်တွေနဲ့ ဓာတ်ပုံရိုက်မယ် စသည်ဖြင့် ပြုလုပ်နိုင်ပါတယ်။
Featured Photo : Thought Catalog