အခုလို ဆောင်းရာသီမှာ အဖြစ်အများဆုံး အသားအရေ ဆိုင်ရာပြဿနာတစ်ခုက အသားခြောက်တာပါပဲ။ ကျွန်တော်တို့ရဲ့ အသားအရေဟာ ရှိသင့်ရှိထိုက်တဲ့ အစိုဓာတ်ပမဏ မရှိပဲ ခြောက်သွေ့နေမယ်ဆိုရင် မွဲခြောက်ခြောက်နဲ့ အိုမင်းရင့်ရော်တဲ့ ပုံပေါက်စေနိုင်ပါတယ်။ တကယ်တော့ ဆောင်းရာသီမှ မဟုတ်ပါဘူး ဘယ်လိုအချိန်ရာသီမျိုးမှာမဆို ကျွန်တော်တို့ရဲ့ အသားအရေ အတွက် အစိုဓာတ် ပြည့်ဝနေဖို့ လိုအပ်ပါတယ်။ အစိုဓာတ်ထိန်းခရင်မ် နေ့စဉ်ပုံမှန်လိမ်းပေးတာဟာ အသားအရေကို ကျန်းမာစိုပြေစေပြီး အသားအရေအတွင်းပိုင်းအထိ နက်ရှိုင်းစွာအစိုဓာတ်ကို ပေးစွမ်းနိုင်ပါတယ်။ အခုပြောပြမယ့် သဘာဝနည်းလမ်းလေးတွေနဲ့လည်း ကွီးတို့ရဲ့ အသားအရေကို အစိုဓာတ်ထိန်းထားပေး နိုင်ပါတယ်။
(၁) ပျားရည်လိမ်းပါ

Photo : Healthline
ပျားရည်ဟာ အသားအရေအတွက် အကောင်းဆုံး သဘာဝ အစိုဓာတ်ထိန်းပစ္စည်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ပျားရည်ဟာ အသားအရေရဲ့အတွင်းပိုင်းအလွှာအထိ စိမ့်ဝင်နိုင်စွမ်းရှိပြီး အသားအရေကို သဘာဝအတိုင်း အစိုဓာတ် ဖြည့်တင်းပေးကာ နူးညံ့ချောမွေ့တဲ့ အသားအရေ ရရှိစေဖို့ ကူညီပေးပါတယ်။ ဒါတင်မကသေးပါဘူး ချွေးပေါက်တွေအတွင်းက အညစ်အကြေးတွေကိုလည်း သန့်စင်ပေးပြီး အသားအရေမွဲခြောက်ခြင်းနဲ့ ဝက်ခြံပြဿနာတွေကို ကုစားပေးနိုင်စွမ်း ရှိပါတယ်။
အသုံးပြုနည်းအဆင့်ဆင့်
အော်ဂဲနစ်ပျားရည်စစ်စစ်ကို မျက်နှာ ၊ လည်ပင်းနဲ့ လက်မောင်းနေရာတွေမှာ အညီအညာလိမ်းကျံပေးပါ။ ထို့နောက် ၁၅ မိနစ်ကနေ မိနစ် ၂၀ ခန့်အထိ ထားလိုက်ပါ။ အချိန်စေ့ရင်တော့ ကြက်သီးနွေးရေနဲ့ ဆေးချလိုက်လို့ ရပါပြီ။ အသားခြောက်တက်သူတွေအနေနဲ့ တစ်ပတ်လျှင် နှစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ထက်ပိုပြီး မကြာခဏ ပြုလုပ်ပေးနိုင်ပါတယ်။
(၂) ရှားစောင်းလက်ပတ်ဂျယ် လိမ်းပါ

Photo : Vogue India
ရှားစောင်းလက်ပတ်ဂျယ်ဟာ အလှအပအရေးအတွက် အသုံးတည့်လွန်းတဲ့ အိမ်တွင်းအလှကုန်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ရှားစောင်းလက်ပတ်ဂျယ်မှာ ဗီတာမင် E နဲ့ ဗီတာမင် A တို့လို အာဟာရဓာတ်တွေ အများအပြားပါဝင်တာကြောင့် အသားအရေအတွက် အထူးကောင်းမွန်ပါတယ်။ ဒါ့အပြင် ရှားစောင်းလက်ပတ်ဂျယ်မှာ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ဂုဏ်သတ္တိတွေ ပါဝင်ပြီး ဝက်ခြံနဲ့ အသားခြောက်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ နီမြန်းယားယံခြင်းနဲ့ ရောင်ရမ်းခြင်းပြဿနာတွေကို ထိထိရောက်ရောက် ကာကွယ်ကုစားပေးနိုင်ပါတယ်။
အသုံးပြုနည်းအဆင့်ဆင့်
ရှားစောင်းလက်ပတ်ပင်ကရတဲ့ သဘာဝဂျယ်ကို ခြစ်ထုတ်ပြီး ရလာတဲ့ ဂျယ်ကို အရေပြားပေါ် လိမ်းပေးပါ။ ၁၀ မိနစ်ကနေ ၁၂ မိနစ်ခန့် အခြောက်ခံထားလိုက်ပါ။ ထို့နောက် ရေခပ်နွေးနွေးနဲ့ ရေဆေးချလိုက်လို့ရပါပြီ။ ၃ ရက်တစ်ကြိမ်လောက်ပြုလုပ်ပေးခြင်းဖြင့် အသားအရေကို သဘာဝအတိုင်း အစိုဓာတ်ပြည့်ဝနေစေမှာ ဖြစ်ပါတယ်။ ပိုတဲ့ ရှားစောင်းလက်ပတ်ဂျယ်တွေကိုတော့ လေလုံဗူးထဲမှာ ထည့်သိမ်းပြီး ရေခဲသေတ္တာထဲမှာ သိမ်းဆည်းထားနိုင်ပါတယ်။
(၃) ပျားဖယောင်းနဲ့ ဆီ လိမ်းပါ
Photo : Natural Apiary
ပျားဖယောင်းဟာ အသားအရေကို နူးညံ့ပျော့ပျောင်းစေပြီး အသားအရေရဲ့ Elasticity ကို မြှင့်တင်ပေးပါတယ်။ အုန်းဆီနဲ့ သံလွင်ဆီတို့ကလည်း အသားအရေ အတွက် အကောင်းဆုံး အစိုဓာတ် ကို ဖြည့်တင်းပေးနိုင်ပါတယ်။ ၎င်းတို့မှာ Antioxidant နဲ့ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိများလည်း ပါဝင်ပါတယ်။ လိုအပ်တဲ့ ပစ္စည်းတွေကတော့ သံလွင်ဆီ ၁ ခွက် ၊ အုန်းဆီ ၁ ခွက် ၊ ပျားဖယောင်း ၂ အောင်စခန့်နဲ့ ဗီတာမင်အီး အဆီတောင့် ၅ – ၆ တောင့်ခန့်တို့ လိုအပ်ပါတယ်။
အသုံးပြုနည်းအဆင့်ဆင့်
ဖန်ပန်းကန်လုံးတစ်ခုထဲမှာ သံလွင်ဆီ ၊ အုန်းဆီနဲ့ ပျားဖယောင်းတို့ကို ရောထည့်ပြီး မီးခပ်အေးအေးနဲ့ ဖယောင်းပျော်ဝင်သွားသည်အထိ မိနစ်အနည်းငယ်ကြာ အပူပေးပါ။ ဆီနဲ့ ပျားဖယောင်းတို့ သေချာရောစပ်သွားပြီဆိုပါက မီးပိတ်ပြီး အအေးခံထားပါ။ ဖယောင်းတွေ ပြန်မခဲခင်မှာ ဗီတာမင်အီး အဆီရောထည့်ပြီး သမအောင် မွှေပေးရပါမယ်။ ထို့နောက်ရလာတဲ့ ပျားဖယောင်းအရည်ကို အရေပြားပေါ်မှာ လိမ်းပြီး ကောင်းကောင်း နှိပ်နယ်ပေးပါ။ ညဘက်မှာ ဒီပျားဖယောင်းအရည်ကို လိမ်းအိပ်လို့ရပါတယ်။ အသားခြောက်သူတွေအနေနဲ့ ဒီနည်းလမ်းကို နေ့တိုင်းအသုံးပြုနိုင်ပါတယ်။
(၄) ထောပတ်သီး အနှစ်လိမ်းပါ

Photo : CNN
ထောပတ်သီးမှာ ဗီတာမင်တွေ ၊ သတ္တုဓာတ်နဲ့ အာဟာရဓာတ်တွေဖြစ်တဲ့ Fatty Acids ၊ ကာရိုတီးနွိုက် ၊ ဗီတာမင် C နဲ့ ဗီတာမင် E တို့ ပါဝင်ပြီး ၎င်းဓာတ်တွေက အသားအရေကို အာဟာရဖြစ်စေကာ ဖရီးရယ်ဒီကယ်တွေ ပျက်စီးခြင်းကနေလည်း ကာကွယ်ပေးပါတယ်။ ထောပတ်သီးမှာပါဝင်တဒဲ့ ဗီတာမင် C ဓာတ်က Collagen နဲ့ Elastin ပေါင်းစပ်မှုကို အထောက်အကူဖြစ်စေပြီး အသားအရေ ကို တင်းရင်းနုပျိုစေပါတယ်။
အသုံးပြုနည်းအဆင့်ဆင့်
ထောပတ်သီးကို လှီးဖြတ်ပြီး အတွင်းက အသားတွေကို ပန်းကန်ထဲ ခြစ်ထုတ်ကာ အနှစ်ရတဲ့အထိ ဇွန်းနဲ့ သို့မဟုတ် စက်နဲ့ မွှေပေးပါ။ ရလာတဲ့ ထောပတ်သီးအနှစ်ကို အသားအရေ ပေါ် တိုက်ရိုက်လိမ်းကျံပြီး ၁၀ မိနစ်ခန့် ထားပေးပါ။ အချိန်ပြည့်ရင် ရေခပ်နွေးနွေးနဲ့ ရေဆေးချလိုက်လို့ ရပါပြီ။ တစ်ပတ်ကို နှစ်ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။
Featured Photo : Robb Report

