ကွီးတို့ရေ နှစ်တစ်နှစ် ကုန်ဆုံးပြီး နောက်ထပ်နှစ်သစ်ကို ရောက်ရှိဖို့ ရက်ပိုင်းသာလိုပါတော့တယ်။ ကွီးတို့အခု အချိန်ခဏလေးမှာ မျက်စိမှိတ်ပြီး ကိုယ့်ကိုယ်ကို ပြန်စဉ်းစားကြည့်ပါ။ ဒီနှစ်တစ်နှစ်လုံးကို ဖြတ်သန်းခဲ့တဲ့ အချိန်တွေမှာ စိတ်ကျေနပ်မှုရှိပါသလား။ မိမိဘဝ တိုးတက်အောင်မြင်ရေး အတွက် ဒီနှစ်မှာ ဘယ်လိုအရာတွေကို ချန်ထားခဲ့သင့်သလဲ ဆိုတာ တွေးကြည့်လိုက်ပါ။ ဘယ်သူမဆို မိမိဘဝအတွက် ကောင်းမွန်တဲ့ အရာတွေကို ဆက်လက်သယ်ဆောင်သွားပြီး မကောင်းတဲ့အရာတွေကို စွန့်လွှတ်ရပါတယ်။ ဒီအထဲမှာ ကိုယ်ကိုယ်တိုင် သိ၍ဖြစ်စေ၊ မသိဘဲ ဖြစ်စေ၊ လုပ်မိနေတတ်တဲ့ အမူအကျင့်တွေ လည်းပါဝင်ပါတယ်။ ဒီဆောင်ပါးလေးမှာတော့ ဒီနှစ်မှာပဲ အပြီးတိုင် ချန်ထားခဲ့သင့်တဲ့ မကောင်းတဲ့ အမူအကျင့်တွေ ကိုဝေမျှပေးသွားမှာ ဖြစ်ပါတယ်။
အချိန်မလေးစားခြင်း
Photo : MTD Training
အချို့သောသူများက အချိန်ကိုလေးစားမှု မရှိဘဲ အချိန်တိုင်းလိုလို နောက်ကျတတ်ပါတယ်။ ဒီလို အချိန်ကို လေးစားမှုမရှိခြင်းက ကိုယ့်ဘဝအတွက် မကောင်းသော သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ အပါအဝင် လူတော်တော်များများက တစ်ခါတစ်လေကျရင် ချက်ချင်းထလုပ်သင့်တဲ့ အရာမျိုးကို မလုပ်ပဲ အချိန်ရှိသေးတယ်၊ ညမှလုပ်မယ်။ မနက်မှလုပ်မယ်စသည်ဖြင့် အချိန်ဆွဲတတ်ကြပါတယ်။ ဒီလိုမျိုးလုပ်တတ်ရင် ချက်ချင်းရပ်တန့်လိုက်ပါ။
ယနေ့ခေတ်မှာ ကြီးမားတဲ့ အောင်မြင်မှုကို ပိုင်ဆိုင်နေတဲ့သူတွေဟာ အချိန်ရဲ့တန်ဖိုးကို သိရှိနားလည်ပြီး အချိန်ဆွဲတတ်တဲ့ အကျင့်မရှိပါဘူး။ ဒါကြောင့် ကွီးတို့အနေနဲ့လည်း တစ်စုံတစ်ခုကို လုပ်ရန်ဖြစ်စေ၊ တစ်ခုခုကို အစပျိူးတာမျိုးဖြစ်စေ ချက်ချင်းထလုပ်လိုက်ပါ။ ကွီးတို့ကို အချိန်ကစောင့်နေမှာ မဟုတ်ပါဘူး။ ကွီးတို့ရဲ့ အချိန်ကို အသုံးချပုံက တစ်ချိန်ချိန်မှာ ကွီးတို့ရဲ့အနာဂတ်ကို သတ်မှတ်ပေးမှာပါ။ ဒါ့ကြောင့် ဒီနှစ်မှာပဲ အချိန်ဆွဲတတ်တဲ့ အကျင့် သို့မဟုတ် အချိန်မလေးစားတဲ့ အမူအကျင့်တွေ ကို အပြီးတိုင် ထားခဲ့လိုက်ပါ။
သူတစ်ပါးကို အပြစ်တင်ခြင်း
Photo : Inc. Magazine
လူတွေက တစ်ခါတစ်လေကျရင် ကိုယ့်ရဲ့ ကျရှုံးမှုတွေ၊ စိတ်ပျက်စရာ အခြေအနေကြုံတွေ့ရမှုတွေကို သူတစ်ပါးကို အပြစ်တင်တတ်ကြပါတယ်။ ငါ မအောင်မြင်တာ အထောက်အပံ့ကောင်းကောင်းမရှိလို့၊ ကုမ္ပဏီကြောင့်၊ သူ့ကြောင့် စသည်ဖြင့် အပြစ်တင်တတ်ကြပါတယ်။ ဒါဟာ တကယ်တော့ အဓိပ္ပါယ်မရှိပါဘူး။
အချို့အရာများကို မထိန်းချုပ်နိုင်သော်လည်း မိမိအခြေအနေပေါ်မူတည်ပြီး အခြားသူများကို အပြစ်တင်ခြင်းက ကွီးတို့ရဲ့ စွမ်းအင်နှင့် အချိန်များကို ဖြုန်းတီးခြင်း သက်သက်သာဖြစ်ပါတယ်။ မိမိဘဝ တိုးတက်အောင်မြင်မှုအတွက် ဘယ်သူမှာမှာ တာဝန်မရှိပါဘူး။ မိမိကိုယ်တိုင်မှာသာ တာဝန်ရှိပြီး ကိုယ်ကိုယ်တိုင် ကြိုးစားလုပ်ဆောင်ရမှာပဲ ဖြစ်ပါတယ်။
အပျက်သဘောဆောင်တဲ့ အတွေးတွေကိုပဲ အာရုံစိုက်ခြင်း
Photo : Jerad Hill
အဆိုး သို့မဟုတ် အပျက်သဘောဆောင်တဲ့ အတွေးတွေကိုပဲ အာရုံစိုက်တတ်ခြင်းကလည်း ကွီးတို့ ဒီနှစ်မှာပဲ စွန့်လွှတ်ခဲ့ရမဲ့ အမူအကျင့်တွေ ထဲက တစ်ခုပါပဲ။ ကွီးတို့အနေနဲ့ ကိစ္စတစ်ခုပေါ်မှာဖြစ်စေ၊ အလုပ်တာဝန်တစ်ခုဖြစ်စေ၊ အခွင့်အလမ်းတစ်ခုခုအပေါ်မှာဖြစ်စေ သို့မဟုတ် ကိစ္စတိုင်းအပေါ်မှာဖြစ်စေ ” ဒါကိုမလုပ်နိုင်ဘူး” “အောင်မြင်အောင် မလုပ်နိုင်ဘူးထင်တယ်” ” ငါကသူ့လိုမတော်ဘူး” စသည်ဖြင့် မိမိကိုယ့်ကို တွေးနေထင်နေမိ ပါသလား။
ဒီလိုအတွေးတွေဟာ အပျက်သဘောဆောင်တဲ့ အတွင်းစိတ်က အတွေးသက်သက်သာ ဖြစ်ပါတယ်။ ဒီလိုအပျက်သဘောဆောင်တဲ့အတွေးတွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိခြင်းနဲ့ ကိုယ့်ကိုယ်ကိုလေးစားခြင်းကို ဆုတ်ယုတ်လျော့ပါးစေတာကြောင့် ချက်ချင်းရပ်တန့်ပစ်ဖို့ လိုပါတယ်။
Screen Time များခြင်း
Photo : ThedaCare
ယနေ့ခေတ်မှာ လူတော်တော်များများက Digital ပစ္စည်းများ ကို အသုံးပြုမှုများလာပြီး Screen Time လည်း များလာပါတယ်။ ဖုန်းများကို အချိန်ကြာကြာကြည့်ခြင်း၊ ထမင်းစားရင်း တီဗွီကြည့်ခြင်းတို့ကြောင့် အထိုင်များလာပြီး ကိုယ်လက်လှုပ်ရှားမှုမရှိတဲ့အခါ ကျန်းမာရေးအတွက် မကောင်းတဲ့ သက်ရောက်မှုများစွာ ဖြစ်လာနိုင်ပါတယ်။
Screen Time လွန်ကဲခြင်း၏ ကြောက်စရာအကောင်းဆုံး အကျိုးဆက်များထဲမှတစ်ခုမှာ ဦးနှောက် ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှု ပဲဖြစ်ပါတယ်။ Screen Time များလွန်းခြင်းက မှတ်ညဏ်ဆိုင်ရာ လုပ်ငန်းစဉ်များအတွက် ချို့ယွင်းမှုကို ဖြစ်စေပါတယ်။ ဒါကြောင့် ကျန်းမာရေးကို အလေးထား ဂရုပြုတဲ့ အနေနဲ့ ကွီးတို့အနေနဲ့ Screen Time များခြင်းကဲ့သို့ အမူအကျင့်တွေကို ပြုပြင်ဖို့လိုပါတယ်။
ဆင်ခြေပေးခြင်း
Photo : TL;DV
ကွီးတို့ရေ ဒီနှစ်မှာပဲ အပြီးတိုင်ထားခဲ့ရမဲ့ အမူအကျင့်တွေ ထဲမှာ ဆင်ခြေပေးခြင်းလည်း ပါဝင်ပါတယ်။ ကွီးတို့ လုပ်ငန်းခွင်မှာ သို့မဟုတ် ဘယ်နယ်ပယ်မှာမဆို ကိုယ့်ရဲ့အမှားတစ်ခုကိုဖြစ်စေ ၊ အလုပ်တစ်ခုကို ပြီးမြောက် အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသည့်အခါဖြစ်စေ၊ အကြောင်းပြချက်အမျိုးမျိုးနဲ့ ဆင်ခြေပေးခြင်းကိုရှောင်ပါ။
ကိုယ့်ရဲ့ အမှား၊ ကိုယ့်ရဲ့ ကြိုးစားမှုလိုအပ်ချက်ကို မပြုပြင်ဘဲ ဆင်ခြေပေးတတ်တဲ့ အကျင့်ဟာလည်း ကွီးတို့ဘဝ တိုးတတ်အောင်မြင်ရေးကို ထိခိုက်စေတဲ့ကြီးမားတဲ့ အနှောင့်အယှက်တစ်ခုပါ။
ဒီနှစ်မှာ ကွီးတို့ ကြိုးစားနေလျက်နဲ့ ထင်သလောက် တိုးတက်မှု မရှိဘူးဆိုရင် ဘယ်လို အမူအကျင့်တွေ ၊ အလေ့အကျင့်တွေက အဟန့်အတားဖြစ်စေတာလဲဆိုတာ သေချာစွာ လေ့လာပြီး အပြီးတိုင် စွန့်လွှတ်ပါ။ လူသစ် စိတ်သစ်နဲ့
တိုးတက်အောင်မြင်သော ဘဝကို လာမဲ့နှစ်သစ်မှာ ရယူပိုင်ဆိုင်နိုင်ဖို့ ဆန္ဒပြုလိုက်ပါတယ်။
Source : Lifehack
Featured Photo : Vista Create