ကွီးတို့ဘဝမှာ အောင်မြင်မှုကို ရယူပိုင်ဆိုင်လိုပါသလား။ ဒါဆိုရင်တော့ မကောင်းမြင်စိတ်ရှိသူများရဲ့ ဝေဖန် လေကန်ရေးတွေကို ခေါင်း ထဲက ထုတ်ထားနိုင်မှ ရပါလိမ့်မယ်။ ပတ်ဝန်းကျင်ဆိုတာကတော့ ချီးမွမ်း (၇) ရက်၊ ကဲ့ရဲ့ (၇) ရက်ပါ။ သူတို့ မကောင်းပြောတာ မှန်သမျှကို ရင်ဘတ်ထဲထည့်ပြီး လိုက်ခံစားနေမယ်ဆိုရင် ကွီးတို့ပဲ စိတ်ညစ်ရပါလိမ့်မယ်။ ကွီးတို့ ဘဝ တိုးတက်ရေးအတွက်လည်း ဘာမှ အထောက်အကူမပြုနိုင်ပါဘူး။
မကောင်းမြင်စိတ်ရှိသူများရဲ့ ဝေဖန် လေကန်ရေးတွေကို ဘာ့ကြောင့် ခေါင်း ထဲကနေ ထုတ်ပစ်သင့်သလဲ။
အကြောင်းအရင်းတွေကတော့ အများကြီးပါပဲ။ ကွီးတို့ကိုယ်တိုင် သိရှိပြီး ရှောင်ကြဥ်နိုင်ဖို့ရန်အတွက် ဒီဆောင်းပါးလေးကို ဆက်လက်ဖတ်ကြည့် လေ့လာကြည့်လိုက်ပါ။
သင့်ရဲ့ စိတ်ခံစားချက်ကို ဖျက်ဆီးပစ်နိုင်လို့
ကိုယ်က အလုပ်အကိုင်တွေ အောင်မြင်လို့ ပျော်ရွှင်နေတဲ့အချိန်မှာ မကောင်းတဲ့ ဝေဖန်ချက်များကို ကြားလိုက်ရတဲ့အခါ ဘယ်လို ခံစားလိုက်ရမလဲ။
ကွီးတို့ စိတ်ထဲမှာ အောင့်သက်သက် ခံစားရမှာဖြစ်ပြီး ပျော်ရွှင်နေတဲ့ ခံစားချက်များသည်လည်း ချက်ချင်းဆိုသလို ကြက်ပျောက် ငှက်ပျောက် ပျောက်ကွယ်သွားမှာပဲ ဖြစ်ပါတယ်။ မကောင်းမြင်စိတ်ရှိသူများထံတွင် မနာလို ဝန်တိုစိတ်များသာ ပြည့်နှက်နေပြီး ကွီးတို့ရဲ့ အောင်မြင်မှုကိုလည်း မလိုလားကြပါဘူး။ ဒါ့ကြောင့်ပဲ ကွီးတို့ကို အောင်မြင်မှု ပန်းတိုင်နဲ့ ဝေးသထက် ဝေးအောင်သာ မကောင်းတဲ့ ဝေဖန်ချက်များနှင့် ဆွဲချနေတာဖြစ်ပါတယ်။ သူတို့ရဲ့ ထိုးနှက်ချက်များကို ကွီးတို့က အာရုံစိုက်လေလေ၊ သူတို့က ပိုမို ပျော်ရွှင်လေဖြစ်ပြီး ဝမ်းသာနေကြမှာပါ။
ကွီးတို့ရဲ့ အတွေးအခေါ်အပေါ် မကောင်းတဲ့ သက်ရောက်မှုသာ သက်ရောက်စေလို့
မကောင်းတဲ့ ဝေဖန်ချက်များ၊ ထိုးနှက်ချက်များသည် ကွီးတို့ အတွေးအခေါ်အပေါ်မှာ များစွာ လွှမ်းမိုးမှုများ ရှိနေနိုင်ပါတယ်။ မကောင်းတဲ့ ထိုးနှက်ချက်များသည် ကွီးတို့အတွေးအခေါ်အပေါ် လွှမ်းမိုးထားတဲ့အခါ မှန်ကန်တဲ့ ဆုံးဖြတ်ချက်များလည်း မချမှတ်နိုင်တော့ပါဘူး။ ဒါဆိုရင်တော့ ကွီးတို့ရဲ့ ဘဝအတွက် အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
ကွီးတို့ရဲ့ စွမ်းအင်တွေကိုသာ စုပ်ယူပစ်လိုက်မှာ
ကွီးတို့ရဲ့ ကောင်းတဲ့ စွမ်းအင်တွေကို မကောင်းတဲ့ ထိုးနှက်ချက်တွေက အကုန်လုံး စုပ်ယူပစ်မှာဖြစ်ပါတယ်။ ကိုယ့်မှာက ကြိုးစားချင်စိတ်အပြည့်၊ အလုပ်လုပ်ချင်စိတ် အပြည့်နဲ့ နိုးကြား တက်ကြွနေချိန်မှာ မကောင်းမြင်စိတ်ရှိသူများရဲ့ ထိုးနှက်ချက်များက ကွီးတို့ကို အားယုတ်သွားအောင်သာ တွန်းပို့နေမှာဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ မကောင်းမြင်စိတ် ရှိသူများနှင့် သူတို့ရဲ့ ထိုးနှက်ချက်များကို ခေါင်းထဲက ထုတ်ထားနိုင်မှသာလျှင် ကိုယ်လုပ်စရာရှိတာများကို ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်မှာပဲ ဖြစ်ပါတယ်။
ကွီးတို့ကို အားတက်လာစေမယ့်အစား အားဆုတ်ယုတ်သွားစေမှာပါ
ပတ်ဝန်းကျင်က ဝေဖန် လေကန်ရေးတွေသည် ခေါင်း ထဲက ထုတ်ဖို့ အင်မတန်ခက်ပါတယ်။ ဒါပေမဲ့ သူတို့ကို ခေါင်းထဲထည့်ပြီး ကိုယ့်ရဲ့ အနာဂတ် အပျောက်ခံမလားဆိုတာကတော့ ကွီးတို့ ကိုယ်တိုင် ဆုံးဖြတ်ရမှာပဲ ဖြစ်ပါတယ်။ ကိုယ့်ကို အားယုတ်သွားစေတဲ့ စကားတွေကို အလေးမထားပါနဲ့။ ကိုယ့်ကို အားတက်စေမယ့်စကားများ၊ အားပေးစကားများကိုသာ စိတ်နှလုံး သွင်းထားပြီး ကိုယ့်ဘဝကြီးကို ပိုမိုတိုးတက်လာအောင် ကွီးတို့ကိုယ်တိုင် အလှဆင်နိုင်ပါတယ်။
ဘဝကြီးက တိုတိုလေးပါ
ဘဝကြီးက တိုတိုလေးပါပဲ။ မကောင်းတဲ့ ဝေဖန်ချက်များကိုသာ ခေါင်းထဲ ထည့်ထားနေမယ်ဆိုရင်တော့ ကွီးတို့အတွက် စိတ်ညစ်စရာများ၊ စိတ်ဖိစီးစရာများပဲ တစ်ပုံ တစ်ပင်ကြီး တိုးလာမှာဖြစ်ပါတယ်။ လူ့ဘဝကြီးက တိုတိုလေးပဲဖြစ်ပါတယ်။ တိုတောင်းလှတဲ့ လူ့ဘဝကြီးမှာ မကောင်းတဲ့အရာများကို ခေါင်းထဲ ထည့်ထားနေမယ်ဆိုရင်တော့ ကွီးတို့အတွက် လူဖြစ်ရကျိုးနပ်မှာ မဟုတ်ပါဘူး။
ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့သာ ဖြတ်သန်းပါ။ ကိုယ် ချစ်ခင်ရတဲ့သူအတွက်သာ အချိန်ပေးပါ။ မကောင်းတဲ့ ဝေဖန်ချက်များ၊ ထိုးနှက်ချက်များကို ဂရုကို စိုက်မနေပါနဲ့။ ကိုယ် နှစ်သက်တဲ့အရာတွေအတွက်သာ အချိန်ပေးရင်း ဘဝကို ပျော်ပျော်ပါးပါးကြီးသာ ဖြတ်သန်းပစ်လိုက်ပါ။
အတင်းအဖျင်းပြောသူများသည် ဒရမ်မာတွေကိုသာ ကြိုက်နှစ်သက်ကြပါတယ်
ဟုတ်ပါတယ်။ အတင်းအဖျင်း ပြောသူတွေသည် ကွီးတို့ ဘယ်လောက် အောင်မြင်အောင် လုပ်နိုင်ခဲ့သလဲဆိုတာကို စိတ်မဝင်စားပါဘူး။ သူတို့သည် ဒရမ်မာများကိုသာ စိတ်ဝင်စားပြီး ဒရမ်မာတွေ မရှိတဲ့အခါ သူတို့ကိုယ်တိုင် ဒါရိုက်တာလုပ်၊ ဇာတ်ညွှန်းဆရာလုပ်ပြီး အတင်းအဖျင်းများကို ဖန်တီးပစ်လိုက်ကြပါတယ်။ အဲ့ဒီလောက်အထိကို သူများ အတင်းတုပ်ရတာ နှစ်သက်ကြတာပါ။
ကွီးတို့သည် ထိုကဲ့သို့သောလူမျိုးကို ဝေါင်ဝေါင်ရှေး ဝေးဝေးက ရှောင်ရမှာပဲ ဖြစ်ပါတယ်။ ကွီးတို့ရဲ့ တိုးတက်ရေးကို အထောက်အကူမဖြစ်စေပါဘူး။
ကိုယ့်ဘဝ တိုးတက်ဖို့အတွက် ဘယ်လို ဝေဖန်ချက်များကို နားထောင်သင့်သလဲ
ကိုယ့်ရဲ့ အကျိုးစီးပွားကို လိုလားသူများ၊ ကိုယ့်ရဲ့ ဆရာသမားများ၊ ကိုယ့်ကို အမြဲတစေ အကြံကောင်းများ ပေးလေ့ရှိတဲ့ စီနီယာများ၊ လုပ်ဖော်ကိုင်ဖက်များ၊ ကိုယ့်ရဲ့ မိသားစုဝင်များ၊ ချစ်သူ ခင်သူများထံမှ ဝေဖန်ချက်များကို နားထောင်သင့်ပါတယ်။ သူတို့သည် သင့်ရဲ့ တိုးတက်ရာ တိုးတက်ကြောင်း၊ သင့်ရဲ့ အောင်မြင်မှုကို လိုလားပြီး တစ်ချိန်ချိန်မှာ ကွီးတို့ အောင်မြင်လာခဲ့ပါက အားပါးတရ လက်ခုပ်လက်ဝါး တီးကြမှာဖြစ်ပါတယ်။ ကွီးတို့ရဲ့ အောင်မြင်မှုအတွက် ဂုဏ်ယူရမှာဖြစ်ပြီး ဝမ်းသာပီတ ဂွမ်းဆီထိကြမှာပဲ ဖြစ်ပါတယ်။
ကွီးတို့ရော ပတ်ဝန်းကျင်က ဝေဖန်လေကန်ရေးတွေကို ခေါင်းထဲ ထည့်ထားပြီး ရင်ဘတ်ကြီးနဲ့ ခံစားနေတုန်းပဲလား။
Source: Lifehack
Featured Image: Freepik