အချိန်နဲ့အမျှ အရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲနေတဲ့ အရာကတော့ နည်းပညာပဲ ဖြစ်ပါတယ်။ နည်းပညာရဲ့  ဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ လူသားတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးစတဲ့ ဘက်ပေါင်းစုံမှာ ပြောင်းလဲတိုးတက်မှုတွေ၊ ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ အများကြီး ရှိလာပါတယ်။ ဒီ ၂၁ ရာစုမှာ နည်းပညာရဲ့ အခန်းကဏ္ဍက ပိုမို အရေးပါလာပြီး ပိုမို ဆန်းသစ်ကောင်းမွန်သော နည်းပညာများ ကိုလည်း အပြိုင်အဆိုင် ဆန်းသစ်တီထွင်လာ ကြပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့အတွက် စိတ်ဝင်စားဖွယ် အမိုက်စား နည်းပညာတွေ ထဲမှ အချို့ကို ဝေမျှပေးချင်ပါတယ်။

ChatGPT

အမိုက်စား နည်းပညာတွေ

Photo : Forbes

ChatGPT အကြောင်းမပြောခင် AI အကြောင်းအရင် တင်ပြပါရစေ။ ထိပ်တန်း နည်းပညာတစ်ခုဖြစ်တဲ့ A I လို့ခေါ်တဲ့ Artificial Intelligence ဟာ ယနေ့ခေတ်မှာ ရေပန်းအစားဆုံး နည်းပညာထဲက တစ်ခုပါ။ မြန်မာလို ဉာဏ်ရည်တု လို့ခေါ်တဲ့ AI ဆိုသည်မှာ လူသားတို့ရဲ့ ဉာဏ်ရည်ဉာဏ်သွေး လုပ်ငန်းစဉ်ကို စက်ဖြင့်ပုံဖော်ခြင်း၊ အထူးသဖြင့် ကွန်ပြူတာစနစ်ဖြင့် ပုံဖော်ခြင်းကိုရည်ညွှန်းပါတယ်။ AI မှာ ကျွမ်းကျင်သူစနစ်တွေ၊ အသံမှတ်မိခြင်း၊ စက်ဖြင့် အမြင် အာရုံမှတ်ခြင်းနဲ့ ဘာသာစကားဆိုင်ရာ လုပ်ဆောင်ချက် တွေပါဝင်ပါတယ်။ အခုဆိုရင် AI ကို နယ်ပယ်အသီးသီး ကဏ္ဍအသီးသီးမှာ အသုံးချနေကြပါတယ်။

အခုလက်ရှိမှာ လူပြောများရေပန်းစားနေတဲ့ ChatGPT ကလည်း AI နည်းပညာကို အသုံးပြုထားတာ ဖြစ်ပါတယ်။ ၎င်းကို OpenAI မှတီထွင်ထုတ်လုပ်ထားပြီး Artificial-Intelligence Chatbot တစ်ခုဖြစ်ပါတယ်။ လွယ်လွယ်ပြောရရင်တော့ ChatGPT က မိမိ မေးလိုသမျှ ဘယ်လိုအကြောင်းအရာမျိုးကိုမဆို အလိုအလျောက် ဖြေကြားပေးနိုင်တဲ့ Chatbot တစ်ခုပါ။ လက်ရှိအချိန်မှာတော့ ChatGPT ကို အခမဲ့ အသုံးပြုလို့ရပါသေးတယ်။ ကွီးတို့လည်း စမ်းသုံးကြည့်ဖို့ အကြံပေးချင်ပါတယ်။

3D Printing

အမိုက်စား နည်းပညာတွေ

Photo : Parts Badger

အရင်တစ်ချိန်တုန်းက  ပရင့်တာမှ အရာဝတ္ထုကို ပုံနှိပ်ရိုက်ထုတ်ဖို့ ဘယ်တုန်းကမှ တွေးခဲ့ဖူးမှာ မဟုတ်ပါဘူး။ ယခုအချိန်မှာတော့ ၎င်းက လက်တွေ့ဖြစ်နေပါပြီ။ ဒါကတော့ အမိုက်စား နည်းပညာတွေ ထဲကတစ်ခုဖြစ်တဲ့ ဆန်းသစ်တီထွင်မှုနှင့် နည်းပညာရဲ့ အဓိကလမ်းကြောင်းမှာ အရာဝတ္ထုများကို ရုပ်လုံးပေါ် ပုံဖော်ရန်အတွက် အသုံးပြုနိုင်တဲ့ 3D Printing နည်းပညာ ပဲဖြစ်ပါတယ်။

3D Printing နည်းပညာက အင်ဂျင်နီယာ ကဏ္ဍများအတွက်သာမက‌ ဆေးဘက်ဆိုင်ရာ ‌ ဇီဝဆေးပညာနှင့် စက်မှုကဏ္ဍများအတွက်ပါ တကယ်ကို အသုံးဝင်တဲ့ နည်းပညာတစ်ခု ဖြစ်လာပါတယ်။ 3D Printing နဲ့ ဆက်စပ်လျက် တိုးတတ်လာတဲ့  အလုပ်အကိုင်များစွာလည်းရှိပါတယ်။ ဥပမာအားဖြင့် CX Program Manager၊ 3D Printer Engineer၊ Emulation Prototyping Engineer နဲ့ Robotics Trainer စသည်တို့ပဲ ဖြစ်ပါတယ်။

Robotic Process Automation

Photo : Crowe LLP

‌အခုနောက်ပိုင်းမှာ လူသားတွေအတွက် အန္တရာယ်ရှိသော လုပ်ငန်းများမှာ၊ အချို့သော လုပ်ငန်းခွင်များမှာ လူသားများကိုယ်တိုင် လုပ်ဖို့ အဆင်မပြေတာ၊ လူသားအလုပ်သမားများ ရှားပါးလာတာ စတာတွေကြောင့် နည်းပညာသုံး စက်ရုပ်တွေ အသုံးချလာကြပါတယ်။ Robotic Process Automation ဟာ နည်းပညာ ဆော့ဝဲလ်ကို သုံးပြီး အလိုအလျောက် အလုပ်လုပ်စေတဲ့ စနစ်ဖြစ်ပါတယ်။ လူသား‌တွေ အကြိမ်ကြိမ် အထပ် ထပ်လုပ်နေရတဲ့ လုပ်ငန်းတွေ လုပ်နိုင်အောင် နည်းပညာတွေ ထည့်ထားပါတယ်။ ဥပမာ ဘာသာပြန်၊ အချက်အလက် နဲ့ အီးမေးလ်ပို့ အက်ပလီကေးရှင်းတွေ သုံးထားပါတယ်။

ယေဘူယျအားဖြင့်၊ RPA ကို ထပ်ခါတလဲလုပ်ဆောင်ရတဲ့ အလုပ်များကို အလိုအလျောက်လုပ်ဆောင်ရန်နှင့် အမျိုးမျိုးသော စက်မှုလုပ်ငန်းများတွင် စွမ်းဆောင်ရည်မြှင့်တင်ရန်အတွက် အသုံးပြုကြပါတယ်။ တစ်ဖက်မှာတော့ RPA နည်းပညာ တိုးတက်လာတာနဲ့အတူ ကျွမ်းကျင်လုပ်သားတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို ခြိမ်းခြောက်လာနိုင်ပါတယ်။

အခုဖော်ပြပေးလိုက်တာကတော့ လက်ရှိမှာ အရှိန်အဟုန်နဲ့ တိုးတက်လာနေတဲ့ အမိုက်စား နည်းပညာတွေ ထဲမှ တစ်ချို့ ဖြစ်ပါတယ်။ ဆက်လက်ပြီး ဖော်ပြပေးပါဦးမည်။

Source : CNET, Investment Monior

Featured Photo : News