လူတော်တော်များများက ကိုယ်ရှင်သန်နေရတဲ့ လူ့အဖွဲ့အစည်း၊ ဘဝမှာ ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေ၊ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေနဲ့ နေထိုင်မှု ပုံစံတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိလာပြီး စိတ်ကျရောဂါ (Depression) အထိ ဖြစ်လာနိုင်ပါတယ်။ Depression ကို သက်သာပြေလျော့အောင် ပြုလုပ်နိုင်တဲ့ နည်းလမ်းကောင်းတွေကို လိုက်နာကျင့်သုံးပြီး အချို့ကတော့ ၎င်းတို့ တစ်သတ်တာမှာ လုံးလုံးပျောက်ကင်းသွားနိုင်ပေမဲ့ အချို့ကတော့ ပြန်ဖြစ်တတ်ပါတယ်။ လေ့လာမှုများအရ လူ ၄၅ ရာခိုင်နှုန်းက တစ်သတ်တာမှာ တစ်ကြိမ် စိတ်ဓာတ်ကျဖူးပြီး ၅၅ ရာခိုင်နှုန်းကတော့ စိတ်ဓာတ်ကျတာကို တစ်ကြိမ်ထက် ပိုပြီးခံစားရတယ်လို့ ဆိုပါတယ်။ ဆိုလိုတာကတော့ Depression ဟာ တစ်ခန်းရပ်ပြဇာတ် ကဲ့သို့ တစ်ကြိမ်တည်း ရပ်သွားတာမဟုတ်ပဲ အချို့သော သူများအတွက် ပြန်ပြီးဖြစ်နိုင်တာပဲ ဖြစ်ပါတယ်။

ဒီဆောင်းပါးလေးမှာတော့ စိတ်ကျရောဂါ Depression ပြန်ပြီးဖြစ်လာနိုင်တဲ့ သတိထားရမဲ့ အချက်တွေကို ဝေမျှသွားမှာ ဖြစ်ပါတယ်။

နှစ်ပတ်ထပ် ကြာခြင်း

Depression တစ်ခန်းရပ်ပြဇာတ်

Photo : The Tyee

တစ်ခါတစ်လေ ကျွန်တော်တို့ဟာ ရိုးရှင်းတဲ့ ဝမ်းနည်းမှုလို့ ထင်ရသော်လည်းပဲ Depression ဖြစ်နေတာမျိုး ဖြစ်တတ်ပါတယ်။ ဥပမာအားဖြင့် အလုပ်ဆုံးရှုံးတာ၊ ဖုန်းပျောက်တာ၊ လမ်းခွဲတာ၊ ကိုယ့်ကိုယ်စိတ်ထိခိုက်စေတဲ့ အရာတစ်ခု ကြုံတွေ့ရတာ စတာတွေကြောင့် စိတ်ဓာတ်ကျပြီး ဝမ်းနည်းတာမျိုး ဖြစ်တတ်ပါတယ်။ ဒါဟာ ပုံမှန် ရေတို ဝမ်းနည်းမှု ဖြစ်နိုင်ပါတယ်။ သို့သော်လည်း အကြောင်းအရာတစ်ခုခုကြောင့် ဖြစ်စေ သို့မဟုတ် ကြုံတွေလာခဲ့ရသမျှ မပျော်ရွှင်ခဲ့ရတာတွေ စုလာပြီး ဖြစ်စေ မျှော်လင့်ချက်မဲ့သလို ခံစားနေရတာ၊ မျက်ရည်ကျနေတာ၊ ဒါမှမဟုတ် ခံစားမှု ဗလာ ဖြစ်နေတာမျိုးကို နှစ်ပတ်ကျော်ခံစားလာရပြီး ကိုယ့်ရဲ့ နေ့စဉ်ဘဝလို ဖြစ်လာရင်တော့ ဒါက Depression ဖြစ်နိုင်ပါတယ်။

သီးသန့်နေလာခြင်း

Depression တစ်ခန်းရပ်ပြဇာတ်

Photo : Blue Line Magazine

အိမ်အပြင် မထွက်ချင်တော့တာ၊ မိသားစုဝင်တွေနဲ့တောင် စကားပြောဆိုဖို့ အားမထုတ်တော့ဘဲ သီးသန့်ရှိနေချင်တာ၊ ကိုယ့်ကိုယ်ပျော်ရွှင်စေမယ့် အရာတွေအပေါ်မှာလည်း စိတ်ဝင်စားမှု မရှိတော့တာ စတာတွေ ကလည်း Depression ရဲ့ ရှေ့ပြေး လက္ခဏာတွေပါ။ Depression ဖြစ်ဖူးတဲ့ သူတွေမှာလည်း ဒီလိုအခြေအနေမျိုး ကြုံတွေ့ရရင် Depression ပြန်ဖြစ်တာမျိုး ဖြစ်နိုင်ပါတယ်။

အိပ်ချိန်ပြောင်းလဲခြင်း

Depression တစ်ခန်းရပ်ပြဇာတ်

Photo : Guy Stuff Counseling

အိပ်မပျော်ခြင်း သို့မဟုတ် အိပ်စက်ဖို့ ခက်ခဲနေခြင်း ဒါမှမဟုတ် အိပ်ရာက မထချင်လောက်အောင် အရမ်း အိပ်စက်နေခြင်း ကဲ့သို့သော အိပ်စက်ခြင်း အလေ့အထ ပြောင်းလဲခြင်းကလည်း Depression သတိပေး လက္ခဏာတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုအလေ့အထပြောင်းလဲခြင်းကို သတိမူပြီး ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။

စိတ်တိုလွယ်ခြင်း

Photo :Resources to recover

အသေးအဖွဲအရာလေးကတောင် စိတ်တိုစေပါသလား။ အရင်ကထက်ပိုပြီး သည်းခံစိတ်လျော့နည်းလာကာ စိတ်တိုလွယ်ပြီး မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ ရန်ဖြစ်လာပါသလား။ စိတ်ကျရောဂါကလည်း စိတ်တိုခြင်းနဲ့ ဒေါသထွက်ခြင်းကို လက္ခဏာအနေနဲ့ ထွက်ပေါ်လာနိုင်ပါတယ်။ တစ်ခါတစ်လေ အမျိုးသားများက စိတ်ကျရောဂါ ခံစားရတဲ့အခါ အမျိုးသမီးများထက် ပေါ့ပေါ့ဆဆနဲ့ ကြမ်းတမ်းစွာ ပြုမူတတ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမရှိသလို ခံစားရခြင်း

Photo : Healthy

Depression ပြန်ဖြစ်တဲ့အခါ အရင်ကခံစားချက်ဟောင်းတွေ ပြန်ဝင်လာပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိတယ်၊ အဖြစ်မရှိဘူး၊ အသုံးမကျဘူးဆိုတဲ့ ခံစားချက်ဟောင်းတွေ ပြန်ဝင်လာနိုင်ပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ အဆိုးများကိုပဲ အာရုံစိုက်မိကာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမရှိဘူးလို့ ခံစားလာရနိုင်ပါတယ်။ ဒီအချက်ကလည်း Depression ပြန်ဖြစ်ခြင်းရဲ့ သတိပေး လက္ခဏာတစ်ခုပါ။

မကောင်းတဲ့ အတွေးများတွေးမိခြင်း

Photo : Pond 5

စိတ်ဓာတ်ကျတာ ရေရှည်ဖြစ်လာပြီး ပြင်းထန်သော စိတ်ဓာတ်ကျခြင်း အဆင့်ကို ရောက်လာပါက မကောင်းတဲ့ အတွေးတွေ တွေးမိနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အရှုံးပေးလိုက်ကာ သတ်သေဖို့ စဉ်းစားတာတွေ မကြာခဏတွေးမိနိုင်ပါတယ်။ ဒါကပြင်းထန်တဲ့ လက္ခဏာတစ်ခုပါ။ မျှော်လင့်ချက်ကင်းမဲ့ပြီး တစ်ချိန်က ကိုယ်နှစ်သက်ခဲ့သော အရာများကို စိတ်ဝင်စားမှု ပျောက်ဆုံးသွားပါက ဒီလိုအခြေအနေကို ရောက်ရှိဖို့ အလားအလာ ပိုများပါတယ်။ လုံးဝကို သတိထားရမဲ့ အချိန်ဖြစ်ပါတယ်။

ကွီးတို့ရေ အခုဖော်ပြပေး လိုက်တာကတော့ Depression ပြန်ဖြစ်နိုင်တဲ့ သတိပေးလက္ခဏာတွေပဲ ဖြစ်ပါတယ်။ အခုမှ Depression စဖြစ်တဲ့ သူများအနေနဲ့လည်း အပေါ်ကဖော်ပြပေးခဲ့တဲ့ အခြေအနေများနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ Depression က တစ်ခန်းရပ်ပြဇာတ် ကဲ့သို့ မဟုတ်ဘဲ ထပ်တလဲလဲ ဖြစ်တတ်တာကို သတိပြုပါ။ ဒါကြောင့် Depression ကို ပြေလျော့စေဖို့ နည်းလမ်းကောင်းတွေကို လိုက်နာကျင့်သုံးတာ၊ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်တာမျိုး လုပ်ဆောင်ပါ။ ဒါ့အပြင် မိမိကိုယ်တိုင်အတွက်သာမက မိမိတို့ ပတ်ဝန်းကျင်မှာ Depression ခံစားနေရသူတွေ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေသူတွေအတွက် အမှုမဲ့အမှတ်မဲ့မနေဘဲ ကွီး တို့အနေနဲ့ကူညီဖေးမပေးဖို့ ဒီဆောင်းပါးလေးကနေ တိုက်တွန်းလိုက်ပါတယ်။

Source : Web MD

Featured Photo : Depression