တူနှစ်ကိုယ် တဲအိုပျက် မှာပဲ နေရ နေရဆိုတဲ့ စကားကတော့ အချစ်စိတ်များ ဖုံးလွှမ်းနေချိန်မှာ ပြောထွက်ကြတဲ့ စကားတစ်ခွန်းပဲ ဖြစ်ပါတယ်။ တကယ်တမ်း ဘဝကြီးက အချစ်တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ အချစ်ထက် အရေးကြီးတာတွေ အများကြီးရှိပါတယ်။ လူနှစ်ယောက် ပေါင်းဖက်စုံမက်ပြီး ဘဝတစ်ခုကို အတူတူ တည်ထောင်တဲ့အခါ အချစ်ဆိုတဲ့အရာက တစ်စိတ်တစ်ပိုင်းအဖြစ်နဲ့သာ အရေးကြီးသွားတာဖြစ်ပါတယ်။

ချစ်လွန်းလို့ပါဆိုပြီး အချစ်နဲ့စပြီး အချစ်နဲ့ အဆုံးမသတ်တာတွေ အများကြီးပဲရှိပါတယ်။ အချစ်ဆိုတဲ့အရာသည် ယာယီသာ ခံမှာဖြစ်ပြီး အခုဖော်ပြသွားမယ့် အရာတွေသာ မရှိတော့ရင် ထိုအချစ်သည်လည်း တစ်စစီ ပြိုကွဲသွားမှာပဲ ဖြစ်ပါတယ်။

ငွေရေး ကြေးရေး

တူနှစ်ကိုယ် တဲအိုပျက်

လွန်လေပြီးသော ခေတ်တွေတုန်းကတော့ အိမ်ထောင်ဦးစီးတစ်ယောက်တည်းက ပိုက်ဆံထွက်ရှာရင်ပဲ တစ်အိမ်သားလုံး ဖူဖူလုံလုံနဲ့ မကြောင့်မကြ နေထိုင် စားသောက်နိုင်ပြီပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ခေတ်တွေက မတူတော့ပါဘူး။ အရာအားလုံး ပြောင်းလဲသွားပြီပဲ ဖြစ်ပါတယ်။ ယခုအချိန်မှာ ဇနီးဖြစ်သူရော လင်ယောကျာ်းပါ အတူတူ အလုပ်ထွက်လုပ်ရင်တောင်မှ လောက်ငှရုံတမယ်ပဲ ရှိပါတော့တယ်။

တကယ်ချစ်တဲ့သူကတော့ ကိုယ့်ချစ်သူကို တူနှစ်ကိုယ် တဲအိုပျက် ထဲမှာ ထားရက်မှာ မဟုတ်တာတော့ အသေအချာပါပဲ။ ကိုယ်ချစ်တဲ့သူကို တင့်တောင်းတင့်တယ်နဲ့ နေရအောင် ကြိုးစားကြမှာပဲ ဖြစ်ပါတယ်။ ငွေရေး ကြေးရေး အဆင်ပြေလာမှသာ လက်ထပ်ယူကြတာ များပါတယ်။ ဒါ့ကြောင့်လည်း အရင်ခေတ်က အသက် ၂၄၊ ၂၅ နှစ်ဆိုရင်ပဲ လက်ထပ်ယူကြပေမယ့် ယနေ့မှာတော့ အသက် ၃၀ ကျော်မှ အိမ်ထောင်ပြုကြတာများပါတယ်။

အိမ်ထောင်တစ်ခုမှာလည်း ငွေရေး ကြေးရေး အဆင်ပြေမှသာလျှင် တစ်ယောက်နဲ့ တစ်ယောက် ငြူစူစောင်းမြောင်းခြင်း ကင်းပြီး ကတောက်တဆဖြစ်ခြင်း၊ ရန်ဖြစ်ခြင်းတို့မှ ကင်းဝေးမှာဖြစ်ပါတယ်။ ဝင်ငွေ ထွက်ငွေ မျှတအောင် သုံးစွဲပြီး စုဆောင်းသင့်တန် စုဆောင်း၊ သုံးစွဲသင့်တဲ့နေရာမှာသာ သုံးစွာ သင့်တာပဲ ဖြစ်ပါတယ်။

အနာဂတ်အတွက် စီမံချက်များ

တူနှစ်ကိုယ် တဲအိုပျက်

ချစ်တာတစ်ခုတည်းနဲ့ လက်ထပ်လိုက်ပြီး အနာဂတ်အတွက် ဘာအစီအစဥ်မှ မရှိဘူးဆိုရင် ထိုအိမ်သည် Home Sweet Home အိမ်တစ်ခုဖြစ်နိုင်မှာမဟုတ်ပါဘူး။ ကွီးတို့ရဲ့ နောင်လာနောက်သားတွေလည်း ဒုက္ခရောက်ရမှာ အသေအချာပါပဲ။ ဥပမာ ဆိုကြပါစို့၊ စုံတွဲ တစ်တွဲက ငွေရေး ကြေးရေး၊ အနာဂတ်အတွက် အစီအစဥ်များ ဘာဆို ဘာမှမရှိဘဲနဲ့ လက်ထပ်လိုက်ပြီပဲ ထားပါတော့။ နှစ်ယောက်တည်းဆိုရင်တော့ အဆင်ပြေကောင်း အဆင်ပြေပါလိမ့်မယ်။ ဒါပေမဲ့ ကလေးတွေ တစ်ယောက်ပြီး တစ်ယောက် ရလာတဲ့အခါ ထိုကလေးတွေရဲ့ အနာဂတ်အတွက် ထည့်စဥ်းစားပေးဖို့ လိုအပ်လာပါပြီ။

မိဘကောင်းတွေဆိုတာ ကိုယ့်သားသမီးအတွက် အကောင်းဆုံးတွေကိုသာ ပေးချင်ကြတာပါ။ ကိုယ့်ရဲ့ လူမမယ် သားသမီးကိုတောင် ပြန်အားကိုးနေရတဲ့ မိဘဆိုးတစ်ယောက် ဖြစ်ချင်ကြမှာတော့ မဟုတ်ပါဘူး။ ကိုယ်တိုင်က ကလေးမယူခင်မှာ ကလေးတစ်ယောက်ကို လူ့လောကထဲ ခေါ်သွင်းဖို့ အဆင်သင့်ဖြစ်ပြီလား။ သူ့အနာဂတ်အတွက် ကိုယ့်ဘက်က ဘာတွေ ပံ့ပိုးပေးနိုင်ပြီလဲ၊ ဘာတွေ ထောက်ပံ့ပေးနိုင်ပြီလဲ အစရှိတဲ့ မေးခွန်းများနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ဖို့ လိုပါလိမ့်မယ်။ အနာဂတ် အစီအစဥ်တွေ မရှိဘဲနဲ့ မျက်စိစုံမှိတ်ကာ လက်ထပ်ပစ်လိုက်တာကတော့ မိုက်ရူးရဲဆန်လွန်းပါတယ်။

တစ်ယောက်အပေါ်တစ်ယောက် လေးစားသမှုရှိခြင်း

တူနှစ်ကိုယ် တဲအိုပျက်

အိမ်ထောင်တစ်ခုမှ အချစ်တစ်ခုတည်းက အဓိက မကျပါဘူး။ တစ်ယောက်အပေါ်တစ်ယောက် လေးစားမှုရှိခြင်း၊ ယုံကြည် နားလည်ခြင်းတို့ကလည်း တစ်စိတ်တစ်ပိုင်း အရေးပါပါတယ်။ ကွီးတို့အနေနဲ့ တစ်ယောက်အပေါ် တစ်ယောက် လေးစားမှုမရှိ၊ ယုံကြည် နားလည်မှု မရှိရင် သာယာပျော်ရွှင်ရတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။

သံယောဇဥ်

သံယောဇဥ်

လက်ထပ်ပြီးတဲ့နောက်မှာ အချစ်တွေသည် အရင်တုန်းကလောက် လတ်ဆတ်နိုင်တော့မှာ မဟုတ်ပါဘူး။ တစ်နေ့တစ်နေ့ လုပ်ဆောင်ရတဲ့ လုပ်ငန်းဆောင်တာများကြောင့် ရိုမန့်တစ်ဆန်ချင်စိတ်လည်း မရှိတော့ပါဘူး။ နောက်ဆုံးမှာ ကျန်ခဲ့မယ့်အရာကတော့ သံယောဇဥ်ပဲဖြစ်ပါတယ်။ သံယောဇဥ်ကြိုး၊ တစ်ယောက်အပေါ်တစ်ယောက် ကြင်နာမှု၊ ငဲ့ညှာမှုတို့ဖြင့်သာ အိမ်ထောင်ရေးကို ခိုင်မြဲအောင် တည်ဆောက်ကြတာဖြစ်ပါတယ်။

တာဝန်ယူစိတ်ရှိခြင်း

တာဝန်ယူစိတ်ရှိခြင်း

အိမ်ထောင်ရေးမှာ နောက်ထပ် အဓိကကျတဲ့အရာကတော့ တာဝန်ယူစိတ်ရှိခြင်းပဲဖြစ်ပါတယ်။ မိမိကိုယ်ကိုယ်ကိုလည်း တာဝန်ယူတတ်ရမှာဖြစ်သလို ကိုယ့်ရဲ့ အိမ်သူသက်ထား၊ ကိုယ့်ရဲ့ သားသမီးတွေကိုလည်း အပြည်အဝ တာဝန်ယူပေးဖို့ ဖြစ်လာပါပြီ။ တာဝန်ယူစိတ်မရှိဘဲ မျက်နှာလွှဲ ခဲပစ် ပြုလုပ်နေမယ်ဆိုရင်တော့ အပင်ပန်းခံပြီး တည်ဆောက်ထားတဲ့ အိမ်ထောင်တစ်ခုသည် အစိတ်စိတ် အမြွှာမြွှာပြိုကွဲ ပျက်စီးသွားမှာပဲဖြစ်ပါတယ်။

ကွီးတို့ရော တူနှစ်ကိုယ် တဲအိုပျက် မှာပဲ နေရ နေရ အချစ်ရှိရင် ပြီးရောဆိုတဲ့ ထင်မြင်ယူဆချက်ကို အပြည့်အဝ ထောက်ခံပါသလား။

Featured Image: Freepik