ကွီးတို့ တစ်ခုခု ဝယ်ပြီးနောင်တရတဲ့ ခံစားချက်မျိုး ကြုံဖူးပါသလား? ဘာပဲဝယ်ဝယ် မဝယ်ခင် မှာ သေချာ ကြိုတင်စဉ်းစားထားမယ်ဆိုရင် မှန်ကန်တဲ့ ဝယ်ယူမှုတစ်ခု ဖြစ်စေမှာပါ။ တစ်ခါတစ်လေမှာ ခံစားမှုအရ ဝယ်လိုက်တဲ့ အရာအပေါ် နောင်တရတာမျိုး ရှိကောင်းရှိနိုင်ပါတယ်။ ပိုက်ဆံကုန်ပြီး နောင်တရ,ရမယ်ဆိုရင် သိပ်ပျော်စရာကောင်းမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဘာပဲဝယ်ဝယ် မဝယ်ခင်အချိန်အတွင်း ကိုယ့်ကိုယ်ကိုယ် ဒီမေးခွန်းတွေ ပြန်မေးဖို့အကြံပေးချင်ပါတယ်။
(၁) အမှန်တကယ်လိုအပ်လား ?
Photo : Kiplinger
ပထမဦးမေးခွန်းကတော့ ” ငါအတွက် ဒါက တကယ်လိုအပ်ရဲ့လား ” ဆိုတာပါ။ ကိုယ့်အတွက် အမှန်တကယ်လိုအပ်တဲ့ အသုံးလိုတဲ့ ပစ္စည်းတစ်ခုဆိုရင်တော့ ဝယ်ယူဖို့ထိုက်တန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ခါတစ်လေမှာ ကျွန်တော်တို့ဟာ ကိုယ့်အတွက် တကယ်မလိုအပ်တဲ့အရာတွေအပေါ် ငွေသုံးမိတက်ကြလို့ပါပဲ။ ဒါကြောင့် တစ်စုံတစ်ခုကို သင်လိုချင်နေတယ်/ဝယ်ယူဖို့စိတ်အားထက်သန်နေတယ်ဆိုရင် အဲ့ဒီအရာက ကိုယ့်အတွက် အမှန်တကယ်လိုအပ်လားဆိုတဲ့ မေးခွန်းကို မဝယ်ခင် သင့်ကိုယ်သင်အရင်ဆုံး ပြန်မေးကြည့်သင့်ပါတယ်။
(၂) တက်နိုင်တဲ့ ပမဏဖြစ်ရဲ့လား ?
Photo : Financial Times
ကိုယ်လိုချင်တဲ့ ပစ္စည်းတစ်ခုရဲ့ ဈေးနှုန်းဟာ ကိုယ့်ရဲ့ဝင်ငွေနဲ့ ကိုက်ညီမှုရှိပြီး ကိုယ်တကယ် တက်နိုင်တဲ့ ပမဏဖြစ်ဖို့လည်း အရေးကြီးပါတယ်။ တချို့အခြေအနေမှာ အကြွေးဝယ်ကဒ်တွေသုံးတာ ၊ အရစ်ကျစနစ်နဲ့ ဝယ်ယူတာမျိုး လုပ်နိုင်ပေမယ့်လည်း ကိုယ်မနိုင်တဲ့ ပမဏမှာရှိနေတယ်ဆိုရင် သင့်အတွက် ဝန်ပိလာစေနိုင်ပါတယ်။ ဒါကြောင့် သင်လိုချင်တဲ့ ပစ္စည်းက သင်အမှန်တကယ် တက်နိုင်တဲ့ ပမဏဖြစ်ရဲ့လား ဆိုတာ သေချာပေါက် ပြန်မေးဖို့လိုပါမယ်။
(၃) ဒါကိုဝယ်ရင် ဘာတွေရမလဲ ?
Photo : Signpost
ပစ္စည်းတစ်ခုကို ဘာကြောင့်ဝယ်ရသလဲ ၊ ဒီပစ္စည်းကနေ ကိုယ်ဘာရမလဲဆိုတဲ့ မေးခွန်း ကလည်း သိပ်အရေးကြီးပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ ဒါမှမဟုတ် ကိုယ့်အနီးအနား ပတ်ဝန်းကျင်က လူတွေကြားမှာ ရေပန်းစားနေလို့ ဝယ်မှာလား ၊ သင်တကယ်ပဲ လိုချင်လို့ဝယ်မှာလား ဆိုတာ သေချာမှုရှိဖို့ လိုပါတယ်။ အကယ်၍ ဒါကို ဝယ်လိုက်မယ်ဆိုရင် သင်အနေနဲ့ ဘာရမလဲ ပျော်ရွှင်မှုလား ၊ အမြတ်အစွန်းတစ်ခုခုလား စသည်ဖြင့် ပြန်သုံးသပ်ပါ။ သေချာရေရာတဲ့ အကြောင်းပြချက်မရှိပဲနဲ့တော့ ပစ္စည်းတစ်ခုကို ဝယ်ယူတာဟာ မှားယွင်းနိုင်ခြေများတဲ့ ဝယ်ယူမှုတစ်ခု ဖြစ်နိုင်ပါတယ်။
(၄) ဘယ်လောက်ကြာအောင် ပျော်ရမလဲ ?
Photo : GOBankingRates
ကိုယ်လိုချင်တဲ့အရာတစ်ခု ၊ ပစ္စည်းအသစ်တစ်ခု ဝယ်ရတော့မယ်ဆိုရင် ရင်ခုန်စိတ်လှုပ်ရှားမိကြတာ သဘာဝပါပဲ။ သို့သော် တချို့အရာတွေဟာ ဝယ်ပြီးချိန်အခိုက်အတန့်အတွင်းပဲ ပျော်ရတာပါ။ ဒီတော့ မဝယ်ခင်မှာ ဒါက ကိုယ့်ကို ဘယ်လောက်ကြာကြာ ပျော်ရွှင်မှုပေးနိုင်မလဲဆိုတဲ့ မေးခွန်း ကိုလည်း ပြန်မေးကြည့်သင့်ပါတယ်။ ကိုယ့်အတွက် ရေရှည်ပျော်ရွင်မှုကို ပေးနိုင်တဲ့ အရာတစ်ခု ဖြစ်နိုင်လား ဒါမှမဟုတ် ခဏပဲပျော်ပြီး ချောင်ထိုးထားရမယ့် ပစ္စည်းလားဆိုတာ သေချာသုံးသပ် ခွဲခြမ်းစိတ်ဖြာဖို့ လိုပါတယ်။
(၅) ကိုယ့်ကို ပျော်ရွှင်စေမယ့် အခြားအရာတွေရှိလား ?
Photo : BEUC
ကျွန်တော်တို့ ပျော်ရွှင်စေမယ့် ၊ စိတ်ကျေနပ်စေမယ့် အရာတွေက တစ်ခုထက်ပိုပြီး ရှိနိုင်တယ်မဟုတ်လား။ ပစ္စည်းတစ်ခုခု ဝယ်ယူခြင်းကနေ ပျော်ရွှင်မှုရနိုင်သလို တခြား ကိုယ့်ကို ပျော်ရွှင်စေမယ့်အရာတွေလည်း အများကြီးရှိနိုင်ပါတယ်။ ဥပမာအနေနဲ့ ပြောရရင် iPhone အသစ်တစ်လုံးဝယ်မလား ၊ ကိုယ်အရမ်းသွားချင်နေတဲ့ ခရီးတစ်ခုကို သွားမလား ဆိုတာမျိုး ယှဉ်တွဲဆန်းစစ်ကြည့်ပါ။ သင့်ကို ပျော်ရွှင်စေမယ့်အရာက တစ်ခုထက်ပိုပြီး ရှိနိုင်တယ်ဆိုတာကို လုံးဝမမေ့ပါနဲ့။ ဒီလို ရွေးချယ်စရာတွေထဲကမှ ပြန်လည်နှိုင်းယှဉ်ချိန်ဆပြီး ကိုယ့်အတွက် ပိုပြီး စိတ်ကျေနပ်စေမယ့် ၊ ပျော်စေမယ့် အရာတစ်ခုကိုရွေးချယ်တာ ပိုကောင်းပါတယ်။
ကွီးတို့ရော တစ်ခုခုဝယ်တော့မယ်ဆိုရင် မဝယ်ခင် ကိုယ့်ကိုယ်ကိုယ် သေချာအောင် ပြန်ပြီး စဉ်းစားသုံးသပ်လေ့ ရှိပါသလား???
Featured Photo : Aventive Studio