ဆံပင်ရှည်ထားပြီး ဂေါ်တော့မယ့် ဆံရှည်ဘဲတို့အနေနဲ့ သိထားသင့် အခြေခံ ဆံပင်ထိန်းသိမ်းနည်းလေးတွေ ရှိပါတယ်။ ဆံပင်ရှည်ထားတာဟာ တကယ်တော့ ထင်သလောက် မလွယ်ကူပါဘူး။ စိတ်ရှည်သည်းခံရသလို ဆံပင်ထိန်းသိမ်းနည်းတွေကိုလည်း သေချာဂရုတစိုက် လိုက်နာရပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်တော့ ဆံပင်ရှည်ထားချင်တဲ့ ဘဲတွေ ၊ ဆံပင်ရှည်ထားနေတဲ့ ဆံရှည်ဘဲ တွေ မဖြစ်မနေသိထားရမယ့် Hair Care Tips လေးတွေကို မျှဝေပေးပါမယ်။
(၁) ပျက်စီးနေတဲ့ ဆံပင်အဖျားတွေ တိပေးပါ
Photo : Be Beautiful.In
ဆံပင်ရှည်ထားတယ်ဆိုတာ ဆံပင်ရှည်လာရုံသပ်သပ်ပဲ မဟုတ်ပါဘူး။ တစ်ချိန်တည်းမှာ ကိုယ့်ရဲ့ ဆံသားတွေက ကျန်းမာစွာနဲ့ ရှည်လာဖို့လည်း အရေးကြီးပါတယ်။ ဒီအတွက်ကြောင့် အက်ကွဲပြီး ဆံသားနှစ်ခွဖြစ်နေတဲ့ ဆံပင်အဖျားတွေ ၊ ကြမ်းတမ်းပျက်စီးနေတဲ့ ဆံပင်ထိပ်ဖျားတွေကို ဖြတ်ပေး/တိပေးဖို့ လိုပါတယ်။ အနည်းဆုံး ၃ လ တစ်ကြိမ်လောက် ဆံပင်အဖျားတွေကို တိပေးတာဟာ ဆံပင်ရှည်ဖို့ ပိုမြန်သလို ကျန်းမာသန်စွမ်းတဲ့ ဆံသားတွေကိုလည်း ပိုင်ဆိုင်နိုင်စေပါလိမ့်မယ်။
(၂) ခေါင်းပုံမှန် လျှော်ပေးပါ
Photo : Be Beautiful.In
ဆံပင်ရှည်လာတာနဲ့အမျှ ခေါင်းလျှော်တဲ့အခါ အချိန်ပိုပေးရပါတယ်။ ဒါကြောင့်လည်း ဆံရှည်ဘဲ တွေအနေနဲ့ တခါတလေမှာ ခေါင်းလျှော်ဖို့ကိုပျင်းကြတာပါ။ သေချာတာတစ်ခုက ဆံပင်ရှည်လာတဲ့အခါ ဖုန်နဲ့အညစ်အကြေးတွေ ပိုစုလွယ်တဲ့အတွက် ပုံမှန်သန့်စင်ပေးဖို့တော့ လိုအပ်ပါတယ်။ ဒါကြောင့် ဆံပင်ရှည်ထားမယ့်သူတွေအနေနဲ့ နေ့တိုင်းခေါင်းလျှော်ဖို့မလိုပေမယ့် အနည်းဆုံး တစ်ပတ် ၁ ကြိမ် သို့မဟုတ် ၂ ကြိမ်ခန့် ခေါင်းလျှော်တာ ၊ Conditioner သုံးတာစတဲ့ အခြေခံ ဆံပင်ထိန်းသိမ်းနည်းလေးတွေတော့ လုပ်ပေးသင့်ပါတယ်။ ဒါမှလည်း ကျန်းမာသန်စွမ်းပြီး သန့်ရှင်းတောက်ပြောင်တဲ့ ဆံသားတွေကို ပိုင်ဆိုင်နိုင်မှာပါ။
(၃) ခေါင်းပုံမှန် ဖြီးပါ
Photo : Be Beautiful.In
ဆံရှည်ဘဲ တိုင်း လိုက်နာရမယ့် အချက်တစ်ခုရှိပါတယ်။ ဒါကတော့ ခေါင်းပုံမှန်ဖြီးဖို့ပါပဲ။ တစ်နေ့ကို အနည်းဆုံး တစ်ကြိမ်လောက်တော့ အချိန်ပေးပြီး ခေါင်းဖြီးပေးဖို့ လိုပါတယ်။ ခေါင်းဖြီးရခြင်းရဲ့ အဓိက ရည်ရွယ်ချက်က ဆံသားတွေရှုပ်ထွေးတာ ၊ ဆံသားကျိုးကြေတာတွေကို အထိုက်အလျောက် ကာကွယ်ပေးနိုင်လို့ပါ။ ကွီးတို့အနေနဲ့ ဆံပင်ရှည်ထားမယ်ဆိုရင် ခေါင်းဖြီးတာအတွက်တော့ သေချာပေါက် အချိန်ပေးဖို့လိုပါမယ်။
(၄) ဆံသားကို အားဖြည့်ပါ
Photo : Be Beautiful.In
ဆံပင်အတွက် အဓိကလိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်တင်းပေးဖို့ကလည်း နံပါတ် ၁ အရေးကြီးပါတယ်။ ဒီအတွက် ဆံရှည်ဘဲ တို့လုပ်ရမှာက သံလွင်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်းကို အပူပေးပြီး ဆံပင်နဲ့ ဦးရေပြားကို နှိပ်နယ်လိမ်းပေးဖို့ပါပဲ။ မိနစ် ၃၀ လောက်ထားပြီး ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။ သံလွင်ဆီမှာ ဗီတာမင် E နဲ့ ဗီတာမင် K ဓာတ်တွေ မြင့်မားစွာပါဝင်တာကြောင့် ဆံပင်ကို အစိုဓာတ်ထိန်းပေးပြီး ပျော့ပျောင်းနူးညံ့စေပါတယ်။
(၅) မှန်ကန်တဲ့ အာဟာရဓာတ် မှီဝဲပါ
Photo : Be Beautiful.In
ဆံပင်ကို တိုက်ရိုက်အာဟာရ ဖြည့်တင်းပေးရသလို တစ်နေ့တာ စားသုံးတဲ့ အစားအစာတွေကနေလည်း ဆံသားကျန်းမာရေးအတွက် အထောက်အပံ့ ရစေပါတယ်။ ကျန်းမာသန်စွမ်းပြီး ရှည်လျားတဲ့ ဆံကေသာကို ရရှိဖို့အတွက် ကျွန်တော်တို့ စားသုံးတဲ့ အစာအာဟာရအပေါ် အများကြီး မူတည်ပါတယ်။ ဒါကြောင့် Omega-3 Acids ၊ Vitamin B7 ၊ Biotin ၊ Protein နဲ့ Folic Acid ဓာတ်တွေ ပါဝင်တဲ့ အစားအစာတွေကို များများစားပေးပါ။ ကြက်ဥ ၊ အဆီနည်းတဲ့ အသား ၊ ဟင်းသီးဟင်းရွက် ၊ အခွံမာသီး စတာတွေကို စားပေးမယ်ဆိုရင် ကျန်းမာသန်စွမ်းတဲ့ ဆံကေသာကို မြင်တွေ့ရမှာပါ။
Featured Photo : Love Hairstyles