အားလုံးက ချစ်စနိုးနဲ့ ဂျင်းမဲကြီး ဂျင်းမဲကြီးလို့ ခေါ်ဆိုသမုတ်ကြတဲ့ ဘယ်လ်ဂျီယံ တိုက်စစ်မှူး လူကာကူ ကတော့ ဆွီဒင်နဲ့ ကစားခဲ့ရတဲ့ ယူရို-၂၀၂၄ ခြေစစ်ပွဲမှာပဲ အသင်းအတွက် ဟက်ထရစ် သွင်းယူနိုင်ခဲ့တာကြောင့် အခုဆိုရင် သူဟာ ဥရောပရဲ့ ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာပါ အဆင့်(၅)နေရာထိ တတ်လှမ်းလာနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။
Photo Credit : iNews
ချဲလ်ဆီးကနေ အင်တာမီလန်မှာ အငှားနဲ့ လာကစားနေသူ လူကာကူဟာ ဒီရာသီမှာ ဒဏ်ရာ အခြေအနေတွေနဲ့ ရုန်းကန်နေရတာကြောင့် စီးရီးအေမှာ (၁၅)ပွဲသာ ပါဝင်ထားခဲ့ရပြီး အဲ့ဒီထဲကမှ (၁၀)ပွဲသာ ပွဲဦးထွက်ခဲ့ရပါတယ်။ စီးရီးအေမှာ သွင်းဂိုး(၃)ဂိုးသာ သွင်းယူထားနိုင်ပြီး ချန်ပီယံလိဂ်မှာလည်း စုစုပေါင်း (၅၉)မိနစ်ခန့်ပဲ ကစားထားရသေးတဲ့ လူကာကူ ကို အင်တာက အငှားစာချုပ် ပြည့်သွားချိန်မှာ အပြီးသတ် ခေါ်ယူဖို့တောင် ဆန္ဒမရှိတော့ပဲ ချဲလ်ဆီးဆီကိုသာ ပြန်ပို့ဆောင်ချင်နေပါတယ်။
Photo Credit : Leicester Mercury
ကလပ်အသင်းဘက်မှာ in-form မဖြစ်ခဲ့တဲ့ လူကာကူက ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဘယ်လ်ဂျီယံအသင်းအတွက် ဘာမှ မယ်မယ်ရရ မလုပ်ဆောင်ပေးနိုင်ခဲ့ပါဘူး။ လူကာကူက ခရိုအေးရှားနဲ့ အုပ်စုနောက်ဆုံးပွဲစဥ်မှာ အခွင့်အရေးတွေ ရှယ်ဖြုန်းခဲ့ရင်းနဲ့ ဘယ်လ်ဂျီယံလည်း အုပ်စုကနေ ပြုတ်သွားခဲ့ရပါတယ်။
Photo Credit : Malaysia Lastest News
ဒီရာသီမှာ ပါဝင်ကစားခဲ့ရတဲ့ ပွဲတိုင်းလိုလို တစ်ဂိုးထက် ပိုမသွင်းယူနိုင်သေးတဲ့ လူကာကူက ဆွီဒင်အသင်းနဲ့ ကစားခဲ့တဲ့ ယူရိုခြေစစ်ပွဲမှာတော့ သူရဲ့ဘယ်လ်ဂျီယံအသင်းအတွက် ဟက်ထရစ်ပါ သွင်းယူနိုင်ခဲ့ပါတယ်။ ဒီလို သွင်းဂိုး (၃)ဂိုး သွင်းယူနိုင်ခဲ့တဲ့ လူကာကူ ဟာ အခုဆိုရင် ဂျာမနီရဲ့ legend ကစားသမားကြီး ကလိုဆေးနဲ့ သွင်းဂိုး အရေအတွက်ချင်း (၇၁ဂိုး) တူညီသွားခဲ့ပြီ ဖြစ်သလို ဥရောပ ကစားသမားတွေထဲက ဂိုးသွင်းအများဆုံး အဆင့်(၅)နေရာကိုလည်း ပူးတွဲ ရပ်တည်နိုင်ပြီ ဖြစ်ပါတယ်။ ဥရောပရဲ့ ဂိုးသွင်းအများဆုံး ကစားသမား Top 5 စာရင်းမှာတော့ ရော်နယ်လ်ဒိုက စုစုပေါင်း သွင်းဂိုး (၁၂၀)နဲ့ ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။