ကွီးတို့ရေ အားလပ်ရက်တွေမှာ အနားယူရင်း ကိုယ့်အိမ်အတွက် အသုံးဝင်မယ့် DIY ပစ္စည်းလေးတွေ ကိုယ်တိုင် မဖန်တီးချင်ဘူးလား။ DIY ပစ္စည်း တစ်ခုခုကို အချိန်ပေးပြီး လုပ်ဆောင်တာက အာရုံစူးစိုက်မှုကို အားကောင်းစေကာ စိတ်အပန်းဖြေပြီးသားလည်း ဖြစ်စေပါတယ်။ ဒါ့အပြင် ကွီးတို့ရဲ့ တီထွင်ဖန်တီးနိုင်မှုကိုလည်း မြှင့်တင်ပေးရာ ရောက်ပါတယ်။ ဒါကြောင့် ကွီးတို့ကို ကိုယ်တိုင် ဖန်တီး ထုဆစ် နိုင်တဲ့ အသုံးဝင်မယ့် DIY ပရောဂျက် အိုင်ဒီယာကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။
လက်တော့ပ်တင် အသေးစား စားပွဲ
Photo : Anika DIY’s Life
ကွီးတို့ရေ အိမ်တွေမှာ မသုံးတော့တဲ့ သစ်သား အပိုင်းအစတွေ ရှိပါသလား။ ဒါဆိုရင်တော့ ထို သစ်သားအပိုင်းအစတွေကို အသုံးပြုပြီး အသုံးဝင်မယ့် လက်တော့ပ်တင် စားပွဲ အသေးလေး လုပ်ကြည့်ရအောင်။ စားပွဲအသေးလေး ပြုလုပ်ဖို့အတွက် သစ်သားအပိုင်းအစ အချို့လိုပါတယ်။ ကွီးတို့အိမ်မှာ ပိုနေတဲ့ သစ်သားအကြီးအငယ်ပေါ်မှာ လိုက်ပြီး စားပွဲရဲ့ အရွယ်အစားကို သတ်မှတ်လို့ရပါတယ်။ ပြန့်ပြူးတဲ့ မျက်နှာပြင်ရှိတဲ့ သစ်သားကို စားပွဲ မျက်နှာပြင်အဖြစ်အသုံးပြုပြီး ကျန်အပိုင်းကို စားပွဲခြေထောက်အဖြစ် အသုံးပြုနိုင်ပါတယ်။ ကွီးတို့ စိတ်ကြိုက် ပိုနေတဲ့ သစ်သားများများရှိရင် ရှိသလောက် ကိုယ့်စိတ်ကူးနဲ့ စိတ်ကြိုက် ပြုလုပ်နိုင်တဲ့ စားပွဲလေးပါ။ ပိုပြီး အသက်ဝင် လှပချင်ရင်တော့ ဆေးသုတ်လို့ရပါတယ်။ တကယ်ကို အသုံးဝင်မယ့် အိုင်ဒီယာဖြစ်တာကြောင့် စိတ်ကြိုက် ဖန်တီး ထုဆစ် ကြည့်လိုက်ပါ။
ဝိုင်ပုလင်းတင်စင်
Photo : Desert Domicile
ကွီးတို့ရေ ပိုနေတဲ့ သစ်သားတွေနဲ့ ပေါင်းစပ်ပြီး အိမ်အတွက် Decoration လည်း လုပ်ပြီးသားဖြစ်၊ အသုံးလည်းဝင်မယ့် ဝိုင်ပုလင်းတင်စင်လေး ပြုလုပ်ဖို့ အိုင်ဒီယာလေး ဖော်ပြပေးချင်ပါတယ်။ ပထမဖော်ပြပုံရဲ့ ဝိုင်ပုလင်းတင်တဲ့ စင်လေးမှာဆိုရင် သစ်သားပြား ကြီးကြီးတစ်ခုနဲ့ သံ သို့မဟုတ် ကြေးနီကို အသုံးပြုထားတဲ့ ချိတ်အချို့ပဲ လိုပါတယ်။ ဒီအိုင်ဒီယာလေးက လုပ်ရတာ လွယ်ကူရိုးရှင်းသော်လည်း ဆန်းသစ်တဲ့ အိုင်ဒီယာလေး တစ်ခုဖြစ်ပါတယ်။
Photo : Desert Domicile
ဒီအိုင်ဒီယာလေးမှာဆိုရင်လည်း သစ်သားပြားတစ်ခုနဲ့ သံများကို အသုံးပြုပြီး ဝိုင်ပုလင်းတင်စင်လေး ပြုလုပ်ထားတာ တွေ့ရမှာပါ။ ဒီစင်လေးလုပ်ဖို့ လွယ်ကူရိုးရှင်းပြီး နေရာအများကြီး မလိုပါဘူး။ တစ်ခု သတိပြုရမှာက ဒီလိုဝိုင်ပုလင်းတင် စင်လေးတွေ ပြုလုပ်တဲ့နေရာမှာ ဝိုင်ပုလင်းရဲ့ အလေးချိန်ကို ချိန်ဆပြီး ခိုင်ခံ့အောင် ပြုလုပ်ဖို့လိုပါတယ်။ ဒီဝိုင်ပုလင်းတင်တဲ့ အိုင်ဒီယာလေးကလည်း ကွီးတို့မှာ စိတ်ကြိုက် ဆန်းသစ်တဲ့ စိတ်ကူးအိုင်ဒီယာတွေနဲ့ ထပ်ပေါင်းဖန်တီးနိုင်ပါတယ်။
အသေးစား သစ်သားစင်
Photo : Sawdust Girl
နောက်ထပ်ဖော်ပြပေးချင်တဲ့ အိုင်ဒီယာလေးတစ်ခုကတော့ နံရံကပ်စာအုပ်တင်စင် အသေးလေး ပြုလုပ်ခြင်းပါပဲ။ ဒီစာအုပ်တင်စင်လေးက ကွီးတို့အိပ်ခန်းထဲမှာ စာအုပ်အနည်းငယ် အလွယ်တကူထားဖို့ပဲ ဖြစ်ဖြစ်၊ ဧည့်ခန်းမှာ အလှဆင်ဖို့ပဲ ဖြစ်ဖြစ် အသုံးပြုနိုင်ပါတယ်။
Photo : Sawdust Girl
ဒီစာအုပ်တင်စင် အသေးပြုလုပ်ဖို့အတွက် ဘေးနှစ်ဖက်အတွက် ၁လက်မ x ၆ လက်မ x ၇ လက်မ ရှိတဲ့ သစ်သားပြား (၂) ပြား၊ အောက်ခြေအတွက် ၁လက်မ x ၆ လက်မ x ၅ လက်မ သစ်သားပြား ၁ ပြားနဲ့ ခေါင်မိုးအတွက် ၁လက်မ x ၆ လက်မ x ၅ လက်မ (အစွန်းကို ၄၅ ဒီဂရီ စောင်းပြီး ဖြတ်ထားသော) သစ်သားပြား ၂ ပြား နဲ့ သစ်သားကပ် ကော်စသည်တို့ လိုအပ်ပါတယ်။
Photo : Sawdust Girl
ထို့နောက်ပုံတွင်ပြထားသည့်အတိုင်း အစိတ်အပိုင်းတစ်ခုစီကို သစ်သားကပ်ကော်နဲ့ကပ်လိုက်ပါက အိမ်ပုံစံ သစ်သားစာအုပ်တင်စင်လေး ရရှိပါပြီ။ ဒီစင်လေးကို နံရံပေါ်မှာ ခိုင်မြဲစွာ ချိတ်ဆွဲပြီး ဖြစ်စေ၊ စားပွဲပေါ်မှာ ဖြစ်စေထားလျက် လိုအပ်သလို အလှဆင်ပြီး အသုံးပြုလို့ရပါပြီ။
ကွီးတို့ ကိုယ်တိုင်လက်နဲ့ ဖန်တီး ထုဆစ် နိုင်တဲ့ အသုံးဝင်တဲ့ DIY ပရောဂျက် အိုင်ဒီယာကောင်းလေးတွေကို ဝေမျှပေးလိုက်တာပဲ ဖြစ်ပါတယ်။
Source : Anika DIY’s Life, Sawdust Girl
Featured Photot : Life