ကျွန်တော်တို့ရဲ့အသက်ဟာ တစ်ရက်ထက်တစ်ရက် ပိုကြီးလာဖို့ပဲ ရှိပါတယ်။ အသက်ကြီးလာတာနဲ့အမျှ လူတိုင်းရှောင်လွဲလို့မရပဲ သေချာပေါက်ကြုံတွေ့ရမယ့် ကိစ္စတစ်ခုကတော့ အိုးမင်းရင့်ရော်လာခြင်းပါ။ အထူးသဖြင့် အမျိုးသားတွေအနေနဲ့ အသက် ၃၀ ကို ကျော်လွန်လာတာနဲ့ မျက်နှာပေါ်မှာ အရေးအကြောင်းတွေ ဖြစ်ပေါ်လာပြီး အိုမင်းရင့်ရော်ခြင်းရဲ့ လက္ခဏာတွေ စပြလိုက်ပါလိမ့်မယ်။ အိုမင်းရင့်ရော်ခြင်းဖြစ်စဉ်ကို နောက်ပြန်လှည့်လို့မရပေမယ့် အသားအရေထိန်းသိမ်းမှုပြုလုပ်ပြီး အတက်နိုင်ဆုံး ဇရာရဲ့ တိုက်စားမှုတွေကို လျော့ချလို့ရနိုင်ပါတယ်။ ဒီနေရာမှာ အထူးအသုံးဝင်တဲ့ သဘာဝနည်းလမ်းတစ်ခုက အုန်းဆီအသုံးပြုပေးတာပါ။ အုန်းဆီကို ဆံပင်နဲ့ဆံကေသာ ကျန်းမာရေးအတွက် တော်တော်များများ သုံးကြပေမယ့် တကယ်တော့ အုန်းဆီဟာ အသားအရေ ကျန်းမာရေးကိုလည်း များစွာ ပြုပြင်ထိန်းသိမ်းပေးနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကျွန်တော်တို့ရှောင်လွဲမရတဲ့ ဇရာ ကို အန်တုဖို့ အုန်းဆီ အသုံးပြုနိုင်မယ့် နည်းလမ်းတချို့ကို မျှဝေပေးချင်ပါတယ်။

(၁) အုန်းဆီ

Coconut Oil

Photo : StyleCraze

သဘာဝ အုန်းဆီစစ်စစ်ဟာ ဖရီးရယ်ဒီကယ်တွေကို တိုက်ဖျက်ပေးပြီး မျက်နှာပေါ်က အရေးအကြောင်းနဲ့ အိုမင်းရင့်ရော်ခြင်း လက္ခဏာတွေကို လျှော့ချပေးနိုင်ပါတယ်။ ကွီးတို့ရဲ့ အသားအရေကို ကြည်လင်ချောမွေ့စေပြီး အသားအရေ အစိုဓာတ်ကိုလည်း ထိန်းပေးပါတယ်။

လိုအပ်တဲ့ ပစ္စည်းများ

  • သဘာဝ အုန်းဆီစစ်စစ် စားပွဲတင်ဇွန်း ၃ ဇွန်း

အသုံးပြုနည်းအဆင့်ဆင့်

  • ညအိပ်ရာမဝင်ခင် ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
  • အရင်ဆုံး မျက်နှာကို ရေအေးနဲ့ ဆေးကြောသန့်စင်ပေးပါ။
  • ထို့နောက် မျက်နှာသုတ်ပုဝါနဲ့ ခြောက်အောင်သုတ်ပေးပါ။
  • ပြီးတဲ့အခါ အုန်းဆီအနည်းငယ်ကို လက်ချောင်းထိပ်လေးတွေနဲ့ တို့ပြီး မျက်နှာနဲ့ လည်ပင်းတဝိုက်က အရေပြားပေါ် လိမ်းပေးပါ။
  • စက်ဝိုင်းပုံစံနဲ့ မိနစ်အနည်းငယ်ကြာ နှိပ်နယ်ပေးရပါမယ်။
  • ပြီးရင်တော့ တစ်ညလုံး ဒီအတိုင်းထားပြီး အိပ်ရာဝင်လိုက်ပါ။
  • မနက်မှ သုံးနေကျ မျက်နှာသစ်ဆပ်ပြာနဲ့ ဆေးကြောပေးရမှာ ဖြစ်ပါတယ်။

တစ်ပတ်ကို ၃ – ၄ ရက်ခန့် ပြုလုပ်နိုင်ပါတယ်။ အရေးအကြောင်းတွေ ကင်းစင်ပြီး ကြည်လင်ချောမွေ့တဲ့ အသားအရေလေးကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

(၂) ပန်းသီးရှာလကာရည် + အုန်းဆီ

Apple Cider Vinegar And Coconut Oil

Photo : StyleCraze

ပန်းသီးရှာလကာရည်က အသားအရေရဲ့ pH Level ကို Balances ဖြစ်စေပြီး အသားအရေ ကို ဖြူဝင်းချောမွေ့စေပါတယ်။

လိုအပ်တဲ့ ပစ္စည်းများ

  • ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ရေသန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • သဘာဝ အုန်းဆီစစ်စစ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဂွမ်းအနည်းငယ်

အသုံးပြုနည်းအဆင့်ဆင့်

  • အရင်ဆုံး မျက်နှာကို ရိုးရိုးရေနဲ့ ဆေးကြောသန့်စင်ပေးပါ။
  • ထို့နောက် ပန်းကန်တစ်လုံးထဲမှာ ပန်းသီးရှာလကာရည်နဲ့ ရေကို ရောစပ်မွှေပေးပါ။
  • ရလာတဲ့ ပန်းသီးရှာလကာရည်ကို ဂွမ်းစလေးနဲ့တို့ပြီး မျက်နှာအရေပြားအနှံ့ပွတ်လိမ်းပေးရပါမယ်။
  • ပြီးတဲ့အခါ ခြောက်သွားတဲ့အထိ ထားလိုက်ပါ။
  • နောက်တဆင့်ကတော့ ပထမနည်းအတိုင်းပဲ အုန်းဆီအနည်းငယ်ကို လက်ချောင်းထိပ်လေးတွေနဲ့ တို့ပြီး မျက်နှာတဝိုက် သေချာနှိပ်နယ် လိမ်းပေးရပါမယ်။
  • နာရီဝက်လောက် ထားပြီးရင်တော့ အပျော့စားမျက်နှာသစ်ဆေးနဲ့ ဆေးကြောသန့်စင်လိုက်လို့ရပါပြီ။

တစ်ပတ်ကို ၂ – ၃ ရက်ခန့် ပြုလုပ်နိုင်ပါတယ်။ ဝက်ခြံကင်းစင် ကြည်လင်ချောမွတ်ပြီး ဖြူဝင်းတဲ့ မျက်နှာအသားအရေလေးကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

(၃) ဗီတာမင် E + အုန်းဆီ

Vitamin E

Photo : StyleCraze

ဗီတာမင် E ဟာ အသားအရေကို ရေဓာတ်ဖြည့်တင်းပေးပြီး အရေးအကြောင်းနဲ့ အသားအရေ ခြောက်သွေ့မွဲခြောက်ခြင်း ပြဿနာတွေကို ကုစားပေးနိုင်ပါတယ်။ ဗီတာမင် E မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်တဲ့ Tocopherol လည်းပါဝင်ပြီး ၎င်းက အိုမင်းရင့်ရော်ခြင်း လက္ခဏာတွေပြနေတဲ့ အသားအရေကိုပင် ပြန်လည်နုပျိုကျန်းမာစေဖို့ ကူညီပေးနိုင်ပါတယ်။

လိုအပ်တဲ့ ပစ္စည်းများ

ဗီတာမင် E Capsule ၁ တောင့်
သဘာဝ အုန်းဆီစစ်စစ် ၂ – ၃ စက်ခန့်

အသုံးပြုနည်းအဆင့်ဆင့်

အရင်ဆုံး မျက်နှာကို ရေသန့်နဲ့ ဆေးကြောသန့်စင်ပြီး အခြောက်ခံထားပါ။
ဗီတာမင် E ဆေးတောင့် ၁ တောင့်ကို သေချာလေးဖောက်ပြီး သန့်စင်တဲ့ ပန်းကန်တစ်လုံးထဲ ထည့်ထားပါ။
ပြီးတဲ့အခါ သဘာဝ အုန်းဆီစစ်စစ် ၂ – ၃ စက်ခန့် ရောထည့်ပြီး သမအောင် မွှေပေးပါ။
ရလာတဲ့ ဗီတာမင် E နဲ့ အုန်းဆီ အရောအစပ်ကို မျက်နှာအရေပြားအနှံ့ သေချာစွာပွတ်လိမ်းပြီး မိနစ်အနည်းငယ်ခန့် နှိပ်နယ်ပေးပါ။
နာရီဝက်လောက် ထားပြီးရင်တော့ မျက်နှာသစ်လိုက်လို့ရပါပြီ။

တစ်ပတ်ကို ၃ – ၅ ရက်ခန့် ပြုလုပ်နိုင်ပါတယ်။ ဗီတာမင် E ဆေးတောင့်ကို အလှကုန်ဆိုင်နဲ့ ဆေးဆိုင်တွေမှာ လွယ်လွယ်ကူကူ ဝယ်ယူလို့ ရပါတယ်။

(၄) သံပယိုရည် + အုန်းဆီ + နို့ရည်

Coconut Oil And Lemon Juice

Photo : StyleCraze

သံပယိုရည်ဟာ အရေပြားကို သန့်စင်စေပြီး ချွေးပေါက်တွေကို ကျဉ်းစေပါတယ်။ ဗီတာမင် C ဓာတ် ကြွယ်ဝစွာပါဝင်တာကြောင့် အရေပြား ပျော့ပျောင်းမှုကို တိုးမြှင့်ပေးပြီး အရေးအကြောင်းတွေနဲ့ ဝက်ခြံပြဿနာတွေကို လျော့ပါးစေပါတယ်။ နို့ရည် (Raw Milk) ကတော့အသားအရေကို စိုပြေဝင်းမွတ်စေပြီး နူးညံ့ချောမွေစေဖို့ ကူညီပေးပါတယ်။

လိုအပ်တဲ့ ပစ္စည်းများ

  • သံပယိုရည် ၁ – ၂ စက်ခန့်
  • သဘာဝ အုန်းဆီစစ်စစ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • နို့ရည် (Raw Milk) စားပွဲတင်ဇွန်း ၁ ဇွန်း

အသုံးပြုနည်းအဆင့်ဆင့်

  • ထုံးစံအတိုင်းပဲ အရင်ဆုံး မျက်နှာကို ရေသန့်နဲ့ ဆေးကြောသန့်စင်ပြီး အခြောက်ခံထားပါ။
  • ထို့နောက် သန့်စင်တဲ့ ပန်းကန်တစ်လုံးထဲမှာ နို့ရည်ထည့်ပြီး သံပယိုရည် ၁ – ၂ စက်ခန့် ညှစ်ထည့်ကာ နို့ရည်တွေ ပွလာသည်အထိ သေချာလေး ရောမွှေပေးပါ။
  • ပြီးရင် အုန်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်းကိုလည်း ရောထည့်ပြီး ထပ်မံ သမအောင်မွှေပေးပါ။
  • ရလာတဲ့ အရောအစပ်ကို မျက်နှာအရေပြားပေါ်မှာ လိမ်းပြီး ၂ – ၃ မိနစ်ခန့်လောက် နှိပ်နယ်ပေးရပါမယ်။
  • နှိပ်နယ်ပြီးပြီဆိုရင် နောက်ထပ် ၁၅ မိနစ်လောက်ထားပြီး ရေအေးနဲ့ မျက်နှာသစ်လိုက်လို့ ရပါပြီ။

တစ်ပတ်ကို ၂ – ၃ ရက်ခန့် ပြုလုပ်နိုင်ပါတယ်။ ဝက်ခြံတွေ ၊ အရေးအကြောင်းတွေနဲ့ အသားအရေမညီမညာ/ခြောက်သွေ့အက်ကွဲခြင်းတွေ ကင်းစင်ပြီး နုပျိုလန်းဆန်းတဲ့ အသားအရေလေးကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

Featured Photo : Bloom Med Spa