အလုပ်ကိစ္စနဲ့ပဲ ခရီးသွားသည် ဖြစ်စေ၊ အပျော်ခရီးသွားသည် ဖြစ်စေ၊ ခရီးစဉ်အစမှ အဆုံးထိ အဆင်ပြေချောမွေ့နေမှသာ စိတ်ကျေနပ်မှု အပြည့်အဝရပြီး ပျော်ရွှင်ရတဲ့ ခရီးတစ်ခု ဖြစ်မှာပါ။ ခရီးတစ်ခု သွားပြီဆိုရင် ကြိုတင်စီစဉ်စရာတွေကတော့ အများကြီးပါပဲ။ ဒီအထဲကမှ နိုင်ငံရပ်ခြားကို လေကြောင်းနဲ့ သွားမယ်ဆိုရင် ပိုပြီး သတိထားပြင်ဆင်စရာတွေ ရှိပါတယ်။ ဒီဆောင်းပါးလေးမှာတော့ လေယာဉ်ပျံကြီး စီးလို့ ခရီးနှင်မယ့် ဘော်ဒါတို့အတွက် သိထားရမယ့် အချက်လေးများကို ဝေမျှပေးမှာ ဖြစ်ပါတယ်။
အခြေခံလိုအပ်ချက်များကို ပြင်ဆင်ပါ
Photo : Oceanings
လေကြောင်းနဲ့ ခရီးသွားမယ်ဆို ပြည်ပဖြစ်စေ၊ ပြည်တွင်းဖြစ်စေ အရင်ဆုံး ခရီးစဉ်အတွက် လေယာဉ် လက်မှတ်ကို ပြင်ဆင်ရပါမယ်။ နိုင်ငံရပ်ခြား ခရီးသွားမယ်ဆိုပါက ပတ်စ်ပို့၊ ကိုယ်သွားမည့် နိုင်ငံအတွက် ဗီဇာများ၊ ဆိုက်ရောက်အခွန်၊ လိုအပ်သော ခရီးသွားစာရွက်စာတမ်းများ စတာတွေကို ပြင်ဆင်ပါ။ ထိုစာရွက်စာတမ်းများကို ဓာတ်ပုံရိုက်ယူပြီး သိမ်းဆည်းထားသင့်တဲ့ အပြင် အပို မိတ္တူများလည်း ကူးယူထားသင့်ပါတယ်။
ခရီးဆောင်အိတ် အတွင်း ထည့်လို့မရတဲ့ အရာများကို သိရှိထားဖို့လိုပါတယ်
Photo : The Manual
လေကြောင်းနဲ့ ခရီးသွားမယ်ဆို သိထားသင့်တဲ့ အချက်များ ထဲကတစ်ခုကတော့ ခရီးဆောင်အိတ်ထဲမှာ ထည့်ယူလို့မရတဲ့ပစ္စည်းတွေပဲဖြစ်ပါတယ်။ ပေါက်ကွဲစေတတ်သော အရာများ၊ မီးလောင်လွယ်သော အရာများကို လေကြောင်းလိုင်းတိုင်းက ပိတ်ပင်တားမြစ်ထားပါတယ်။ လုံခြုံရေးအရ၊ လက်နက်အဖြစ်သုံးနိုင်သော အရာဝတ္ထုများကို လက်ဆွဲအိတ်ထဲ ထည့်လို့မရပါဘူး။ အရည်တွေကို သယ်ဆောင်ခွင့်တွေကို ပိတ်ပင်ထားပါတယ်။ ဒါကြောင့် သတ်မှတ်ချက်များကို သေချာလေ့လာပြီးမှသာ ခရီးဆောင်အိတ်ကို ပြင်ဆင်ပါ။
ခရီးဆောင်အိတ်အတွက် သတ်မှတ်ထားသော အလေးချိန်ကို ဂရုပြုပါ
Photo : NerdWallet
လေကြောင်းလိုင်းတစ်ခုစီမှာ ခရီးဆောင်အိတ်နဲ့ လက်ဆွဲအိတ်ရဲ့ အရွယ်အစားများအတွက် အလေးချိန်ဆိုင်ရာ သတ်မှတ်ချက်တွေ ရှိပါတယ်။ ဒီအချက်ကိုလည်း သေချာသိရှိထားဖို့ လိုပါတယ်။ ခရီးဆောင်အိတ်ကို ပြင်ဆင်တဲ့နေရာမှာလည်း Tag နှင့် အထောက်အထားများကို စစ်ဆေးပါ။ မိမိအိတ်ကို ရှာဖွေဖို့ လွယ်ကူစေရန် ကိုယ်တိုင်အမှတ်အသား ပြုလုပ်ထားတာကလည်း အခြားသူတစ်ဦးဦး အိတ်နဲ့ လွဲမှားတာမျိုးကို ကာကွယ်ပြီးသား ဖြစ်စေပါတယ်။ ဒါ့အပြင် ဖြစ်လေ့ဖြစ်ထရှိသော ပြဿနာများအတွက် ခရီးဆောင်အိတ်ကို အစောကတည်းက စစ်ဆေးပါ။ ဇစ်တွေ ကောင်းမကောင်း၊ ပေါက်ပြဲနေခြင်း ရှိမရှိ စသည်ဖြင့် စစ်ဆေးထားဖို့ လိုပါတယ်။
Check-in
Photo : Ljublijana Airport
လေကြောင်းလိုင်း တော်တော်များများက လေယာဉ်မထွက်ခွာမီ ၂ နာရီ သို့မဟုတ် ၃ နာရီအတွင်း Check in ဝင်ရလေ့ရှိပါတယ်။ ထို့ကြောင့် စီနင်းရန် စီစဉ်ထားသော လေယာဉ်မထွက်ခွာမီ အနည်းဆုံး ၂ နာရီ သို့မဟုတ် ၃ နာရီအလိုတွင် လေဆိပ်သို့ရောက်ရှိနေကြောင်း သေချာပါစေ။ လေဆိပ်တွေမှာ ခရီးသည်တွေရဲ့ ပစ္စည်းတွေကို စစ်ဆေးချိန်တွယ်နိုင်ဖို့အတွက် အချိန် လိုအပ်ပါတယ်။ ကိုယ်ရေးကိုယ်တာ လုံခြုံရေး စစ်ဆေးမှုတွေလည်း လုပ်ရမှာ ဖြစ်တဲ့အတွက် အချိန်မှီရောက်နေဖို့ အရေးကြီးပါတယ်။
ခရီးစဉ်အတွက် သိထားသင့်သည်များကို လေ့လာပါ
Photo : People
နိုင်ငံတကာ လေကြောင်းခရီးအတွက် ခရီးသွားသူအနေနဲ့ အကောက်ခွန်နှင့် လူဝင်မှုကြီးကြပ်ရေး စစ်ဆေးမှုများကို ခံယူရမှာ ဖြစ်ပါတယ်။ လိုအပ်သော ခရီးသွားစာရွက်စာတမ်းများ (Passport နှင့် VISA) တို့ကို သေချာစစ်ဆေးပြီး မိတ်ဆွေတို့ရဲ့ ခရီးသွားရခြင်း အကြောင်းရင်းကို တာဝန်ရှိသူများထံ မေးမြန်းပါက ဖော်ပြပါ။ ဥပဒေနှင့်မညီသော တားမြစ်ပစ္စည်းများကို သယ်ဆောင်မိခြင်း မရှိစေရန် သေချာပါစေ။ လေကြောင်းလိုင်းရဲ့ သက်ဆိုင်ရာ ဝဘ်ဆိုက်တွင် ခွင့်ပြု (သို့) တားမြစ်ထားသော အရာများကို ကြိုတင်လေ့လာပါ။ ဒါ့အပြင် သွားရောက်မယ့် နိုင်ငံရဲ့ ဒေသတွင်းငွေကိုလည်း ကိုင်ဆောင်ထားရန် လိုအပ်ပါတယ်။ ကိုယ်သွားရောက်မယ့်နေရာ သို့မဟုတ် နိုင်ငံရဲ့ ကိုယ်ပိုင်စည်းမျဉ်းများကို ကြိုတင်လေ့လာပြီး လိုအပ်သည်များကို ပြင်ဆင်ထားသင့်ပါတယ်။
အခုဖော်ပြပေးလိုက်တာကတော့ လေယာဉ်ပျံကြီး စီးလို့ ခရီးနှင်မယ့် ဘော်ဒါတို့အတွက် အထောက်အကူပြုစေမယ့် အချက်တချို့ပဲ ဖြစ်ပါတယ်။ ဘယ်လိုခရီးစဉ်ပဲ သွားသွား သေချာပြင်ဆင်ခြင်းက ခရီးစဉ်ကို အဆင်ပြေချောမွေ့စေဖို့ အလားအလာများပါတယ်။
Source : Flight Center, New Delhi Airport
Featured Photo : Life Way