ဘိုင်ယန် မြူးနစ်ကတော့ နာဂယ်စမန်းကို ရာထူးက ထုတ်ပယ်ပြီး တူဟယ်လ် ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်မိတဲ့အပေါ် နောင်တ ကြီးမားစွာ ရရှိနေလောက်ပြီလို့ ထင်ပါတယ်။ သူ့ဟာနဲ့သူ form တစ်ခု ရရှိနေတဲ့ နည်းပြကို ထုတ်ပယ်ကာ နည်းပြ အပြောင်းအလဲ လုပ်ဆောင်လိုက်ခြင်းက အခုဆို အသင်းကို တော်တော် အကျိုးသက်ရောက်နေရပြီ ဖြစ်ပါတယ်။

tuchel bayern

Photo Credit : Twitter

တကယ်တော့ နည်းပြ စျေးကွက်ထဲမှာ တူဟယ်လ်လို အရည်အသွေး မြင့်မားတဲ့ ဂျာမန်နည်းပြ တစ်ဦး ရှိနေခြင်းကို ကလပ်အသင်း များစွာက အာရုံစိုက်နေချိန် ဘိုင်ယန်က လုံးဝ လက်ဦးမှု ရယူနိုင်ဖို့အတွက် ရှိတဲ့နည်းပြကို ထုတ် တူဟယ်လ်ကို ချက်ချင်း ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။ ဒီလို ခန့်အပ်မှုရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကိုတော့ လက်ရှိမှာ ဘိုင်ယန် တို့ စပါယ်ရှယ် ခံစား တွေ့ကြုံနေရပါပြီ။

tt

Photo Credit : Twitter

တူဟယ်လ်က သူရဲ့ ဘိုင်ယန်နည်းပြ ဘဝ တာထွက်မှာ သူ့အသင်းဟောင်း ဒေါ့မွန်နဲ့ ဆုံတွေ့ရင်း ရလဒ်ကောင်းနဲ့အတူ တာထွက်လှခဲ့ရပါတယ်။ ဒါပေမယ့် နောက်တစ်ပွဲမှာပဲ ဖရိုင်းဘတ်ကို ရှုံးနိမ့်ပြီး ပိုကယ်ဖလား ပြိုင်ပွဲကနေ ကွာတားအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရသလို ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာလည်း မန်စီးတီးကို နှစ်ကျော့ပေါင်း (4-1) ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ကာ တူဟယ်လ် ရဲ့ဘိုင်ယန်နည်းပြ သက်တမ်း တစ်လအတွင်းမှာပင် ပြိုင်ပွဲ (၂)ခုလုံးကနေ ထွက်ခွာသွားခဲ့ရပါတယ်။

tuchel munich

Photo Credit : Twitter

ပိုဆိုးတာကတော့ မနေ့ညက မိန့်ဇ်နဲ့ ရင်ဆိုင်ခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲမှာ (3-1) နဲ့ ရှုံးသွားရပြန်တာက တူဟယ်လ်အတွက် ရှိသမျှ ဖလားတွေ ခွက်တွေ ပျောက်နိုင်လုနီးနီးထိ ဖြစ်သွားခဲ့ရပါတယ်။ “ငါတို့မှာ စွမ်းအင် မရှိပါဘူး။ ဘာဖြစ်လို့လဲတော့ မသိဘူး။ အရမ်းခက်ခဲနေတယ်။ အသင်းက ဒီရာသီ ပြိုင်ပွဲစုံ ပွဲပေါင်း (၇၀) လောက်အထိ ကစားထားတဲ့ အသင်းမျိုးလို့ ဖြစ်နေရတယ်။ အသင်းက ပင်ပန်းပြီး လန်းဆန်းမှု မရှိသလို ဖြစ်နေပါတယ်” လို့ မိန့်ဇ်ကို ရှုံးခဲ့တဲ့ ပွဲအပြီးမှာ တူဟယ်လ်က စိတ်ပျက်လက်ပျက်နဲ့ ပြောဆိုသွားခဲ့ပါတယ်။

Featured Photo : Fabrizo Romano’s Twitter