ဂရေဟမ် ပေါ်တာကို ချယ်လ်ဆီးအသင်းရဲ့ နည်းပြရာထူးကနေ ထုတ်ပယ်လိုက်ချိန်မှာ တစ်ကမ္ဘာလုံးက ချယ်လ်ဆီး ပရိသတ်တွေ အားလုံး ပျော်ရွှင်သွားရပါလိမ့်မယ်။ ပေါ်တာနေရာမှာ အင်းနရစ် နာဂယ်စမန်းတို့ ရောက်လာမယ်ဆိုပြီး တစ်ပြေးနေတဲ့ ကြားထဲကပဲ ဖရန့် လမ်းပတ်ကိုသာ ရာသီကုန်အထိ ယာယီ နည်းပြရာထူး ပေးလိုက်တဲ့အပေါ်မှာလည်း အသင်း ပရိသတ်တွေက ပေါ်တာထက်စာရင် လမ်းပတ်က တော်ပါသေးတယ်ဆိုပြီး စိတ်ဖြည့်သိပ်စရာ ဖြစ်ခဲ့ပါတယ်။

lampard

Photo Credit : Twitter

တကယ်တော့ လမ်းပတ်ဆိုတာကလည်း ချယ်လ်ဆီးရဲ့ legend player ကြီး တစ်ဦးပါ။ နည်းပြဘဝမှာ ဘာမှ မယ်မယ်ရရ စွမ်းဆောင်ထားနိုင်ခြင်း မရှိဘူးဆိုရင်တောင်မှ ကစားသမားဘဝအတွင်းမှာ သူ စွမ်းဆောင်နိုင်ခဲ့တာတွေက မနည်းမနောပါပဲ။ လက်ရှိ ချယ်လ်ဆီး အသင်းရဲ့ ကစားသမားတွေထဲမှာလည်း လမ်းပတ်လို ကစားသမားဟောင်းကြီးတစ်ဦးကို idol အဖြစ် သတ်မှတ်ထားသူတွေ များစွာ ရှိနိုင်တဲ့အတွက် လမ်းပတ် ရောက်ရှိလာခြင်းက players တွေ စိတ်ပိုင်းဆိုင်ရာ ပိုမို အားကောင်းလာနိုင်ဖွယ် ရှိတယ်ဆိုပြီး ယူဆမိခဲ့ပါတယ်။

frank lampard

Photo Credit : Twitter

ဒါပေမယ့် မှန်းချက် နဲ့ နှမ်းထွက်ကတော့ တခြားစီပါပဲ။ ချယ်လ်ဆီးမှာ နည်းပြအဖြစ်ရော ကစားသမားအဖြစ်ပါ ကျင်လည်ခဲ့သွားတဲ့ လမ်းပတ်က ပွဲတစ်ပွဲအတွက် ချဉ်းကပ်ပုံ ကစားသမား အသုံးပြုလာပုံ ပွဲအတွင်း ကစားသမား အပြောင်းအလဲ နည်းစနစ် အပြောင်းအလဲ လုပ်ဆောင်ပုံတွေနဲ့တကွ ကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုပိုင်းဆိုင်ရာ အဝိစီအထိ ကျဆင်းနေရခြင်းတွေက ချယ်လ်ဆီး အသင်းကို အခြေအနေဆိုးကြီးဆီပါ ရောက်ရှိသွားခဲ့ရပါတယ်။ ပေါ်တာ အလွန် လမ်းပတ်လက်အောက်မှာ ချယ်လ်ဆီးအသင်းက ပြိုင်ပွဲစုံ (၅)ပွဲဆက်တိုက်အထိ ရှုံးပွဲဆက်နေရပြီး ပရီးမီးယားလိဂ်မှာပါ တန်းဆင်းဇုန် အန္တရာယ်နဲ့ အနည်းငယ် ရင်ဆိုင်လာခဲ့ရပါတယ်။

cfc

Photo Credit : Twitter

ဟုတ်ပါတယ်။ ချယ်လ်ဆီးက လက်ရှိ အဆင့်(၁၁)မှာ ရှိနေတာ ဆိုပေမယ့်လည်း အဆင့်(၁၈)က လက်စတာနဲ့ (၁၀)မှတ်တည်းသာ ကွာဟနေတော့သလို လက်ကျန်ပွဲတွေမှာ ချယ်လ်ဆီး အနေနဲ့ အာဆင်နယ် မန်စီးတီး မန်ယူနိုက်တက် နယူးကာဆယ်တို့လို အသင်းတွေနဲ့ ရင်ဆိုင်ရဦးမှာဖြစ်လို့ အသင်းအတွက်က တကယ့်ကို ရင်လေးစရာ အနေအထားပါ။ ဒါပေမယ့်လည်း ဘုန်းမောက် နော်တင်ဟမ်တို့နဲ့ ပွဲမှာတော့ ရမှတ်အပြည့် ယူထားနိုင်ရင် ချယ်လ်ဆီးက safe ဖြစ်မှာမို့ အမှတ်ကို ရသလောက်တော့ စုဆောင်းထားဖို့ မဖြစ်မနေ လိုအပ်ပါတော့မယ်။

Featured Photo : Twitter