ဝက်ခြံ ထွက်ရင် ထုံး တို့ လိုက်ဆိုတဲ့ အလေ့အထက ဘယ်ကစမှန်းမသိပေမယ့် ဒီနေ့ခေတ်လို တိုးတက်ပြောင်းလဲနေတဲ့ ခေတ်ကြီးထဲမှာ ဒီအယူအဆက တော်တော်ကြီးကို ရှေးရိုးစွဲနေတာ အမှန်ပါပဲ။ ထုံးမှာ အက်စစ်ဓာတ်တွေ ပါဝင်တဲ့အတွက် အပေါ်ယံအရေပြားလွှာကို တိုက်စားသွားနိုင်ပြီး အသားအရေ ပျက်စီးမှုကို ဖြစ်စေနိုင်ပါတယ်။ အကယ်၍ သင်က ဓာတုပစ္စည်းပါတဲ့ ဝက်ခြံကုသရေး ထုတ်ကုန်တွေ မသုံးချင်ဘူး ငွေကုန်ကျနည်းနည်းနဲ့ အိမ်တွင်းနည်းလမ်းလေးတွေကိုပဲ စိတ်ဝင်စားတယ်ဆိုရင် ငှက်ပျောသီးအခွံကို အသုံးပြုနိုင်ပါတယ်။ ဝက်ခြံအတွက် ငှက်ပျောအခွံကို အသုံးပြုခြင်းဟာ ထိရောက်တဲ့ အဖြေတစ်ခု ဖြစ်ပါတယ်။ ငှက်ပျောသီးအခွံမှာ နေရောင်ခြည်ဒဏ်ကို ကာကွယ်ပေးစွမ်းနိုင်တဲ့ Lutein နဲ့ Vitamin A လိုမျိုး Antioxidants တွေ ကြွယ်ဝစွာ ပါရှိပြီး ဝက်ခြံပြဿနာတွေကို ကောင်းမွန်စွာ ဖြေရှင်းနိုင်စွမ်းရှိပါတယ်။ ဒါ့ကြောင့် ဒီတစ်ခေါက်မှာတော့ ဝက်ခြံ ပြဿနာကို ဖြေရှင်းဖို့နဲ့ အသားအရေ ကျန်းမာရေးကို မြှင့်တင်ပေးနိုင်ဖို့ ငှက်ပျောသီးနဲ့ ပြုလုပ်နိုင်တဲ့ DIY Skincare Masks ပြုလုပ်နည်းလေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) ငှက်ပျောသီးအခွံ

banana peel

Photo : Euronews

ဒါကတော့ အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံး နည်းလမ်းပါ။ ငှက်ပျောသီးအခွံတစ်မျိုးတည်းကိုပဲ အသုံးပြုရမှာ ဖြစ်ပါတယ်။ ငှက်ပျောသီးအခွံမှာ ဖက်တီအက်ဆစ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ များစွာပါဝင်တဲ့အတွက် အသားအရေ ကျန်းမာရေးကို အများကြီး အကျိုးပြုပေးနိုင်ပြီး အသားအ‌ရေ နီမြန်းတာ ၊ ဝက်ခြံ ပြဿနာတွေကို လျင်လျင်မြန်မြန် ပျောက်ကင်းသက်သာ စေနိုင်ပါတယ်။ အသားအရေ အစိုဓာတ်ကို မြှင့်တင်ဖို့အတွက်ဆိုရင်တော့ Jojoba Oil အနည်းငယ်ကို မျက်နှာပေါ်မှာ လိမ်းပြီး ငှက်ပျောသီးအခွံနဲ့ ပွတ်လိမ်းနှိပ်နယ်ပေး နိုင်ပါတယ်။

လိုအပ်တဲ့ ပစ္စည်းများ

  • ငှက်ပျောသီးအခွံ
  • Jojoba Oil အနည်းငယ် (မသုံးလဲရ)

Treatment လုပ်ချိန်

  • မိနစ် ၃၀

ပြုလုပ်နည်းအဆင့်ဆင့်

အရင်ဆုံး မျက်နှာသစ်ဆေးနဲ့ မျက်နှာကို သန့်စင်ဆေးကြောပြီး ရေခြောက်အောင် သုတ်ထားပေးပါ။

ထို့နောက် ငှက်ပျောသီးအခွံရဲ့အတွင်းပိုင်းကို ဝက်ခြံ ထွက်တဲ့ နေရာတဝိုက်နဲ့ မျက်နှာ အသားအရေအပေါ် ၁၀ မိနစ်ခန့် နှိပ်နယ်ပွတ်လိမ်းပေးပါ။

ငှက်ပျောသီးအခွံ အညိုရောင်ပြောင်းသွားပါက နောက်ထပ်အသစ် တစ်ခုနဲ့ ပြောင်းလဲအသုံးပြုပါ။

မိနစ် ၂၀ လောက် ထားပြီးရင် မျက်နှာသစ်လိုက်လို့ရပါပြီ။

တစ်နေ့ကို တစ်ကြိမ် ပြုလုပ်နိုင်ပါတယ်။ တစ်ပတ်အတွင်း သိသာတဲ့ ရလဒ်ကို မြင်တွေ့ရမှာပါ။

(၂) Oats + ငှက်ပျောသီးအခွံ

Oats And Banana

Photo : Spark Recipes – SparkPeople

ဒီ Treatment က အသားအရေကို အာဟာရဖြည့်တင်းပေးပြီး ဝက်ခြံ ထွက်ခြင်းကို အထိရောက်ဆုံး နဲ့ အကောင်းဆုံး သက်သာစေတဲ့ Scrub တစ်ခုအနေနဲ့ လုပ်ဆောင်ပါတယ်။ အသားအရေ ပွန်းပဲ့မှုမဖြစ်စေဖို့ ကြမ်းကြမ်းတမ်းတမ်း ပွတ်ခြင်းကိုတော့ ရှောင်ကြဉ်ရပါမယ်။ မျက်နှာအရေပြားပေါ်က အစက်အပြောက်တွေ လျော့ပါးစေဖို့ဆိုရင် လာဗင်ဒါဆီကဲ့သို့ နှစ်သက်ရာ Essential Oil အနည်းငယ်ကို ထည့်သုံးနိုင်ပါတယ်။

လိုအပ်တဲ့ ပစ္စည်းများ

  • ငှက်ပျောသီးအခွံ
  • Oats ခွက်တဝက်
  • သကြား စားပွဲတင်ဇွန်း ၃ ဇွန်း
  • Oil-free Moisturizer

Treatment လုပ်ချိန်

  • ၁၀ မိနစ်

ပြုလုပ်နည်းအဆင့်ဆင့်

ပါဝင်ပစ္စည်းတွေ ဖြစ်တဲ့ ငှက်ပျောသီးအခွံ ၊ Oats နဲ့ သကြားတို့ကို ရောပြီး ကျေညက်အောင် Blend လုပ်ပေးပါ။

ရလာတဲ့ အရောအနှောကို မျက်နှာပေါ် လိမ်းပြီး စက်ဝိုင်းပုံစံနဲ့ ညင်သာစွာ ပွတ်လိမ်းနှိပ်နယ်ပေးပါ။

ထို့နောက် ၁၀ မိနစ်ခန့် ထားလိုက်ပါ။

၁၀ မိနစ် ပြည့်ရင် ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပြီး ခြောက်အောင် သုတ်ပေးပါ။

နောက်ဆုံးအဆင့်အနေနဲ့ Oil-free, Non-comedogenic Moisturizer အနည်းငယ် လိမ်းပေးလိုက်ပါ။

တစ်နေ့ကို တစ်ကြိမ် ပြုလုပ်နိုင်ပါတယ်။ တစ်ပတ် – နှစ်ပတ်အတွင်း ကောင်းမွန်တဲ့ အသားအရေရလဒ်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

(၃) ပန်းသီးရှာလကာရည် + ငှက်ပျောသီးအခွံ

apple cider vinegar and banana peel

Photo : thisNZlife

ပန်းသီးရှာလကာရည်ဟာ အလွန်ကောင်းမွန်တဲ့ Astringenti တစ်မျိုးဖြစ်ပြီး အရေပြားမှာရှိတဲ့ Sebumi ထုတ်လုပ်မှုကို ထိန်းညှိပေးပါတယ်။ ဒါ့အပြင် ဝက်ခြံ ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ Antioxidants ကြွယ်ဝတဲ့ အရင်းအမြစ်တစ်ခုလည်းဖြစ်ပြီး အသားအရေပျော့ပျောင်းမှုကို မြှင့်တင်ပေးတာကြောင့် အိုမင်းရင့်ရော်ခြင်း လက္ခဏာတွေကို ကြိုတင်ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။

လိုအပ်တဲ့ ပစ္စည်းများ

  • ငှက်ပျောသီးအခွံ
  • ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၁ ဇွန်း

Treatment လုပ်ချိန်

  • ၁၀ မိနစ်

ပြုလုပ်နည်းအဆင့်ဆင့်

ငှက်ပျောသီးအခွံကို ကျေညက်အောင် ကြိတ်ချေပေးထားပါ။

ထို့နောက် ပါဝင်ပစ္စည်းအားလုံးကို ပန်းကန်တစ်လုံးထဲ ရောထည့်ပြီး မွှေပေးပါ။

ရလာတဲ့ အရောအနှောကို မျက်နှာပေါ်က ဝက်ခြံထွက်တဲ့ နေရာတဝိုက်ကို ခပ်ပါးပါး အုံပေးပါ။

ပြီးရင် ၁၀ မိနစ်ခန့် ထားလိုက်ပါ။

အချိန် ပြည့်ရင် ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပြီး ရေခြောက်အောင် သုတ်ပေးပါ။

အဆုံးသတ် အနေနဲ့ Oil-free Moisturizer အနည်းငယ် လိမ်းပေးလိုက်ရင် ရပါပြီ။

တစ်နေ့ကို တစ်ကြိမ် ပြုလုပ်နိုင်ပါတယ်။ တစ်ပတ်အတွင်း သိသာထူးခြားတဲ့ ရလဒ်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Featured Photo : Dermalogica