ဒီတစ်ခေါက်တော့ လူပျိုဖော် ၊ အပျိုဖော်ဝင်စအရွယ်မှာ မြင်ရတဲ့ သဘာဝအလျောက် ခန္ဓာကိုယ်ရဲ့ပြောင်းလဲမှု ဖြစ်စဉ်တွေထဲက တစ်ခုဖြစ်တဲ့ အမွှေးအမျှင် တွေအကြောင်း ပြောရအောင်ပါ။ အရှေ့အောက်ပိုင်း ခြုံတော ဆိုတာ အားလုံး သိပြီးသားဖြစ်တဲ့ လိင်အင်္ဂါ အနီးတဝက် ဆီးခုံပေါ်မှာ ပေါက်တဲ့ အမွှေးအမျှင်တွေကို ဆိုလိုပါတယ်။ ဒီအမွှေးအမျှင်တွေကို Pubic Hair လို့လည်း ခေါ်ပါတယ်။ တချို့က ဆီးခုံမွှေးတွေကို ပုံမှန်ဖယ်ရှားကြသလို တချို့ကတော့ သဘာဝအလျောက် မရိတ်ပဲထား ကြတာမျိုးလည်း ရှိပါတယ်။ ဒါပေမယ့် တော်တော်များများ မစဉ်းစားမိတဲ့အချက်က ဆီးခုံမွှေးတွေဟာ ဘာကြောင့်ရှိနေရလဲ ဆိုတာပါပဲ။

ဆီးခုံမွှေးတွေ ရှိနေရခြင်း အကြောင်းအရင်း

pubic hair

Photo : Men’s Health

ဆီးခုံမွှေးတွေဟာ လူ့ခန္ဓာကိုယ်အတွက် အဓိက ရည်ရွယ်ချက် ၃ ခုကို လုပ်ဆောင်ပေးတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။ ဒါတွေကတော့

  • လိင်ဆက်ဆံစဉ် ပွတ်တိုက်မှုကို လျှော့ချရန်
  • ဘက်တီးရီးယားနဲ့ အခြားရောဂါပိုးမွှားတွေ မကူးစက်အောင် တားဆီးကာကွယ်ရန်
  • လိင်အင်္ဂါအတွက် သင့်တော်တဲ့အပူချိန်ကို ထိန်းသိမ်းရန် တို့ဖြစ်ပါတယ်။

ဆီးခုံမွှေးရှိတာက ကောင်းကျိုးပြု ပါသလား?

pubic hair

Photo : Tiege Hanley

အထက်မှာ ပြောခဲ့သလိုပါပဲ ဆီးခုံမွှေးတွေရှိနေတာဟာ လိင်ဆက်ဆံစဉ်အတွင်းမှာ အရေပြားယားယံမှုကို ဖြစ်စေနိုင်တဲ့ ပွတ်တိုက်မှုတွေကို လျှော့ချပေးနိုင်တဲ့ ကောင်းကျိုး ရှိပါတယ်။ လိင်အင်္ဂါ အနီးတဝိုက်မှာရှိတဲ့ အရေပြားဟာ နုနယ်ပြီး ထိလွယ်ရှလွယ် ဖြစ်ပါတယ်။ လိင်အင်္ဂါ အမွှေးအမျှင်တွေဟာ လိင်ဆက်ဆံနေစဉ်အတွင်း လှုပ်ရှားမှုတွေနဲ့ ဆက်နွယ်နေပြီး ပွတ်တိုက်မှုတွေကြောင့် အရေပြားပွန်းပဲ့တာ ၊ နီးမြန်းယားယံတာတွေကို သဘာဝအတိုင်း လျှော့ချပေးနိုင်တာ ဖြစ်ပါတယ်။

အလားတူ ဆီးခုံမွှေးတွေဟာ ခန္ဓာကိုယ်အတွင်းသို့ ဘက်တီးရီးယားနဲ့ အခြားသော ရောဂါပိုးမွှားတွေ ဝင်ရောက်ခြင်းမှ တားဆီးပေးပါတယ်။ အထူးသဖြင့် လိင်အင်္ဂါမှ ခန္ဓာကိုယ်အတွင်းကို ဝင်ရောက်နိုင်တဲ့ အညစ်အကြေးနဲ့ ရောဂါပိုးမွှားတွေကို အမွှေးအမျှင်တွေကနေတဆင့် အတိုင်းအတာတစ်ခုအထိ တားဆီးပေးနေတာပါ။ ၂၀၁၇ ခုနှစ်က လေ့လာမှုတစ်ခုအရ ဆီးခုံမွှေးတွေဟာ လိင်မှတစ်ဆင့် ကူးစက်တက်တဲ့ရောဂါတွေ (STIs) ရဲ့ ကူးစက်ခံရနိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့ သုတေသီတွေက ပြောထားပါတယ်။ ဒါပေမယ့်လည်း အပြည့်အဝ ကာကွယ်ပေးနိုင်တာမျိုးတော့ မဟုတ်ပါဘူး။

တစ်ကိုယ်ရည်သန့်ရှင်းရေးနဲ့ ဆက်စပ်ပြီး ပြောရမယ်ဆိုရင်တော့ အရှေ့အောက်ပိုင်း ခြုံတော ဟာ ချွေးနဲ့ အညစ်အကြေးတွေကို စုပ်ယူထားနိုင်တဲ့အတွက် တခြားသော အမွေးအမျှင် နည်းပါးတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေထက် ပိုပြီး အနံ့သက်ဆိုးတွေ ထွက်စေနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေလိုပဲ ဆီးခုံမွှေးတွေကိုလည်း ပုံမှန်သန့်ရှင်းရေးပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ ပုံမှန်အားဖြင့် နေ့စဉ် ရေချိုးတိုင်းမှာ အမွှေးအမျှင်တွေကို သေချာ ဆေးကြောသန့်စင် ပေးရမှာပါ။ ဒါမှလည်း အနံ့အသက်ဆိုးတွေ ထွက်ခြင်းမှ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

လူတွေ ဘာကြောင့် ဆီးခုံးမွှေးတွေကို ဖယ်ရှားကြတာလဲ

pubic hair

Photo : The Sun

အရွယ်ရောက်ပြီးသားသူတိုင်းအတွက် ဆီးခုံးမွှေးရိတ်တာဟာ ပုံမှန်လုပ်လေ့လုပ်ထရှိတဲ့ အလေ့အကျင့်တစ်ခုပါပဲ။ လေ့လာမှုတွေအရ ၄ ပတ်မှာ အနည်းဆုံး တစ်ကြိမ်တော့ ဆီးခုံမွှေးတွေကို ဖယ်ရှားကြတယ်လို့ ဆိုပါတယ်။ လူတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ဆီးခုံအမွှေးတွေကို ဖယ်ရှားကြပြီး ဒီထဲကမှ ဖြစ်နိုင်ခြေအရှိဆုံး အကြောင်းအရင်း တချို့ကို ပြောပြပေးချင်ပါတယ်။

တချို့ကတစ်ကိုယ်ရည် နှစ်ခြိုက်မှုအရ အမွှေးအမျှင်မရှိတဲ့ အသွင်အပြင်ကို ပိုနှစ်သက်ကြတဲ့အတွက် ဆီးခုံမွှေးတွေကို ရှင်းလင်းကြပါတယ်။

တချို့ကတော့ ပါတနာအတွက် ဦးစားပေးအနေနဲ့ လက်တွဲဖော်ပါတနာရဲ့ တောင်းဆိုမှုအရ အမွှေးအမျှင်တွေကို ဖယ်ရှားကြပါတယ်။

၂၀၁၉ ခုနှစ်က လေ့လာမှုတစ်ခုအရ ဆီးခုံးမွှေး ဖယ်ရှားတာက ချစ်သူစုံတွဲတွေကြားက ဆက်ဆံရေးနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ အမွှေးအမျှင်တွေ မရှိတာဟာ ဆန့်ကျင်ဘက် ပါတနာကို ပိုမို ဆွဲဆောင်နိုင်တယ်လို့ ယုံကြည်ထားကြလို့ပါ။

တချို့ကလည်း လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ အမွှေးအမျှင်တွေကို ဖယ်ရှားကြပါတယ်။ ဥပမာ Oral Sex လို ပါးစပ်နဲ့ ဆက်ဆံတဲ့ အချိန်တွေအတွက် ဆီးခုံးမွှေးတွေကို ကြိုတင်ဖယ်ရှားရှင်းလင်း ကြပါတယ်။

အရှေ့အောက်ပိုင်း ခြုံတော ကို ရှင်းလင်းခြင်း တနည်းအားဖြင့် ဆီးခုံးမွှေးတွေကို ဖယ်ရှားတဲ့ နေရာမှာ တချို့က အပြောင်ရှင်းတဲ့ နည်းလမ်းကို သုံးကြပြီး တချို့ကတော့ ညှပ် (တိ) တဲ့ နည်းလမ်းကို ရွေးချယ်ကြပါတယ်။

အမွှေးအမျှင်တွေကို ဖယ်ရှားရှင်းလင်းတဲ့အခါ ကြီးကြီးမားမား အန္တရာယ်မရှိနိုင်ပေမယ့် နီးမြန်း ယားယံတာ ၊ အသေးစား ရှရာပြတ်ရာ ဒဏ်ရာတွေ ရနိုင်တာ ၊ ဓာတုပစ္စည်းတွေအသုံးပြုပါက အရေပြားလောင်ကျွမ်းမှုဖြစ်တာနဲ့ အဖုအပိန့် ပေါက်တာတွေ ဖြစ်နိုင်ပါတယ်။

အရှေ့အောက်ပိုင်း ခြုံတော ကို ရှင်းသင့်သလား ?

pubic hair

Photo : Pete & Pedro

လူတစ်ဦးနဲ့တစ်ဦးတော့ ကွဲပြားနိုင်ပါတယ်။ ကိုယ့်အကြိုက်နဲ့ကိုယ်လို့ပဲ ပြောရမှာပါ။ တစ်ချို့က အမွှေးအမျှင်တွေ ရိတ်တာကပိုပြီး သက်တောင့်သက်သာနဲ့ ခံစားမှုကောင်းစေတယ်လို့ ခံစားရတဲ့အတွက် သူတို့ရဲ့ အမွှေးအမျှင်တွေကို ဖယ်ရှားရတာ ပိုကြိုက်ပါတယ်။ တချို့ကတော့ သူတို့ရဲ့ပါတနာကို ပိုမိုဆွဲဆောင်နိုင်ဖို့အတွက် အမွှေးအမျှင်တွေကို ဖယ်ရှားကြပါတယ်။ ဆီးခုံမွှေးဖယ်ရှားခြင်းနဲ့ ပတ်သတ်ပြီး မဖြစ်မနေလိုက်နာရမယ့် စည်းမျဉ်းတွေမရှိပါဘူး။ ဒါဟာ လူတစ်ဦးတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်တဲ့အတွက် ကိုယ့်အတွက် ပိုမို သင့်တော်မယ်ထင်တာကို ရွေးချယ်လုပ်နိုင်ပါတယ်။

အမွှေးအမျှင်တွေ ဖယ်ရှားဖို့အတွက် အကောင်းဆုံး နည်းလမ်းတွေကတော့

  • ရိတ်ခြင်း (Shaving)
  • ဖယောင်းနဲ့ အမွှေးအမျှင်တွေ ဖယ်ရှားခြင်း (Waxing)
  • ညှပ်ခြင်း / တိခြင်း (Trimming) တို့ပဲ ဖြစ်ပါတယ်။

Pubic Hair နဲ့ ပတ်သတ်ပြီး ကွီးတို့သိထားသင့်တဲ့ ဗဟုသုတရစရာ အကြောင်းအရာ အချက်အလက် တချို့ကို မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။

Featured Photo : Cosmopolitan.com