များသောအားဖြင့် လိင်မှုကိစ္စက လူနှစ်ယောက်ချစ်ခြင်းမေတ္တာပေါ်မှာ အခြေခံပြီး ခန္ဓာကိုယ်ချင်း အစွန်းဆုံထိ ရင်းနှီးကြတဲ့ ကောင်းမွန် သာယာသော ခံစားမှုကို ပေးစွမ်းနိုင်သော လှုပ်ရှားမှု တစ်ခုဖြစ်ပါတယ်။ လိင်မှုကိစ္စဆောင်ရွက်ခြင်းက လူသားတို့အတွက် သဘာဝဖြစ်စဉ်သာဖြစ်ပြီး အရွယ်ရောက်ပြီးသူတိုင်း လိင်မှုကိစ္စနဲ့ စိမ်းမယ်မထင်ပါဘူး။ ဒီလို ပြင်းရှတဲ့ တူနှစ်ကိုယ် ချစ်ခြင်းကနေ ကွီးတို့အတွက် ကျန်းမာရေး ကောင်းကျိုးတွေ ရနိုင်တယ်ဆိုတာရော သိပါသလား။ ဒီဆောင်းပါးလေးမှာတော့ လိင်မှုကိစ္စ ဆောင်ရွက်ခြင်းကနေ ရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ဗဟုသုတ အနေနဲ့ တင်ပြပေးသွားမှာ ဖြစ်ပါတယ်။
ကိုယ်ခံအားကို ကောင်းမွန်စေပါတယ်
Photo : astrozella
လိင်ဆက်ဆံခြင်းက အလယ်အလတ် ပြင်းထန်မှုရှိသော လေ့ကျင့်ခန်းကို ပြုလုပ်ခြင်းနဲ့ ညီမျှပါတယ်။ ဒါ့ကြောင့် လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုက အေရိုးဗစ်လေ့ကျင့်ခန်းများ ကဲ့သို့ပင်၊ ကွီးတို့ရဲ့ နှလုံးကို အားကောင်းစေကာ သွေးပေါင်ချိန်ကို လျှော့ချပေးနိုင်ပါတယ်။
ဒါ့အပြင် ပုံမှန်လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုရှိခြင်းက ရောဂါကို တိုက်ဖျက်ရာမှာ အထောက်အကူ ဖြစ်စေတယ်လို့ ဆိုပါတယ်။ “လိင်ပိုင်းဆိုင်ရာ တက်ကြွသူတွေဟာ ဖျားနာတဲ့ရက်တွေ ပိုနည်းပါတယ်” ဟု လိင်ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူ Yvonne K. Fulbright က ပြောကြားခဲ့ပါတယ်။
ဆီးကျိတ်ကင်ဆာ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်
Photo : The Scottish Sun
အမျိုးသားများတွင် အဖြစ်အများဆုံး ရောဂါတွေထဲမှာ ဆီးကျိတ်ကင်ဆာ ရောဂါကလည်း အပါအဝင်ဖြစ်ပါတယ်။ အမျိုးသားများ လိင်ဆက်ဆံပြီး မကြာခဏ သုက်လွှတ်ခြင်းသည် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ နည်းပါးခြင်းနှင့် ဆက်စပ်နေတယ်လို့ ဆိုပါတယ်။
British Medical Journal တွင်ထုတ်ဝေခဲ့သော လေ့လာမှုတစ်ခုအရ တစ်လလျှင် ၂၁ ကြိမ်နဲ့အထက် သုတ်လွှတ်သောအမျိုးသားများသည် ၄ ကြိမ်မှ ၇ ကြိမ် သုတ်လွှတ်သော အမျိုးသားများထက် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ ပိုနည်းကြောင်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
ရုတ်တရက် နှလုံးဖောက်နိုင်ခြေကို လျော့ချနိုင်ပါတယ်
Photo : The Star
ကောင်းမွန်သာယာသော လိင်မှုဘဝရှိခြင်းက ကွီးတို့နှလုံးကျန်းမာရေးအတွက် အများကြီး အထောက်အကူပြုနိုင်ပါတယ်။ လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုသည် နှလုံးခုန်နှုန်းကို မြှင့်တင်ရန် ကောင်းမွန်သော နည်းလမ်းတစ်ခုဖြစ်ပြီး ခန္ဓာကိုယ်တွင်းရှိ အီစထရိုဂျင်နှင့် တက်စတိုစတီရုန်းအဆင့်ကို ဟန်ချက်ညီစေရန် ကူညီပေးနိုင်ပါတယ်။ ထို နှစ်ခုထဲက တစ်ခုနိမ့်နေလျှင် အရိုးပွရောဂါ၊ နှလုံးရောဂါတို့အပြင် ကျန်းမာရေးပြဿနာတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။
လေ့လာမှုတစ်ခုအရ တစ်ပတ်လျှင် အနည်းဆုံး နှစ်ကြိမ် လိင်ဆက်ဆံသော အမျိုးသားများက လိင်ဆက်ဆံမှု နည်းပါးသော အမျိုးသားများထက် နှလုံးရောဂါဖြင့် သေဆုံးနိုင်ခြေ ထက်ဝန့်ခန့် ပိုနည်းကြောင်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
ကောင်းမွန်စွာ အိပ်စက်နိုင်စေပါတယ်
Photo : Psychology Today
အိပ်ရာပေါ်က ပြင်းရှတဲ့ တူနှစ်ကိုယ် ချစ်ခြင်းကနေ ရရှိနိုင်တဲ့ ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှု တစ်ခုကတော့ အိပ်စက်မှုစက်ဝန်းကို ကောင်းမွန်စေခြင်းပဲ ဖြစ်ပါတယ်။ လူတော်တော်များများက အလုပ်ကိစ္စတွေ၊ ကိုယ်ရေးကိုယ်တာ၊ ပတ်ဝန်းကျင်စတာတွေအပြင် အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးကာ ကောင်းစွာ မအိပ်စက်နိုင်တာမျိုး ဖြစ်နိုင်ပါတယ်။
လိင်ဆက်ဆံခြင်းကနေ စိတ်ကျေနပ်မှု အထွတ်အထိပ် (Orgasm) ရရှိခြင်းက ဦးနှောက်ထဲသို့ Prolactin၊ Serotonin နှင့် Oxytocin ကဲ့သို့သော ဓာတုပစ္စည်းများကို ထုတ်လွှတ်ပြီး ၎င်းတို့အားလုံးသည် ပျော်ရွှင်မှုနှင့် အပန်းဖြေမှုတို့နှင့် ဆက်စပ်နေပြီး စိတ်ဖိစီးမှုများကိုလည်း လျော့ကျစေပါတယ်။ စိတ်ဖိစီးမှုများလျော့ကျပြီး ကောင်းမွန်သော စိတ်ခံစားချက်များကြောင့် ကွီးတို့ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါလိမ့်မယ်။
စိတ်ဖိစီးမှုများကို လျှော့ချပေးနိုင်ပါတယ်
Photo : Independent
ကျွန်တော်တို့ဟာ ဘက်ပေါင်းစုံကနေ အကြောင်းအရာ အမျိုးမျိုးနဲ့ စိတ်ဖိစီးမှုတွေ ကြုံတွေ့ရလေ့ရှိပါတယ်။ စိတ်ဖိစီးမှုတွေကို မလျှော့ချဘူးဆိုရင် စိတ်ပိုင်းဆိုင်ရာ အပြင် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ဆိုးဝါးစွာ သက်ရောက်နိုင်ပါတယ်။ လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုက စိတ်ဖိစီးမှုကို သက်သာစေနိုင်ပါတယ်။ လိင်ဆက်ဆံခြင်းက စိတ်ဖိစီးမှုဟော်မုန်း ကော်တီဆောကို လျှော့ချပေးကာ ဦးနှောက်ကို ခံစားမှုကောင်းစေသော ဓာတုပစ္စည်းများဖြင့် ပြည့်စေပါတယ်။
ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ ပြင်းရှတဲ့ တူနှစ်ကိုယ် ချစ်ခြင်းကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူး အချို့ပဲ ဖြစ်ပါတယ်။ သို့သော်လည်း တန်ဆေး လွန်ဘေး ဆိုသကဲ့သို့ ဘယ်အရာကိုမှ အလွန်အကျွံ မပြုလုပ်သင့်ပါဘူး။ ဒါ့အပြင် လုံခြုံသော လိင်ဆက်ဆံမှု ဖြစ်စေဖို့အတွက်လည်း အထူးသတိထားသင့်ပါတယ်။
Source : CNN Health
Featured Photo : New York Post