DC ရဲ့ The Flash ဆိုတဲ့ Superhero ကို ဘောလုံး ဝါသနာအိုး ညိုကီတို့ သိကြမှာ။ အရမ်းကို လျင်မြန်လွန်းလှတဲ့ superhero တစ်ဦးဖြစ်ပြီး ဘောလုံးလောထဲကမှာလည်း The Flash လို့ တင်စားခေါ်ဆိုရမယ့် ကလပ်အသင်း တစ်သင်း ရှိနေပါတယ်။ ဒီအသင်းကတော့ လီဗာပူးလ် ပါ။ ကစားသမားသစ်တွေ ခေါ်ယူရာမှာတော့ လီဗာပူးလ်အသင်းက The Flash လို အလွန် လျင်မြန်လွန်းလှပါတယ်။

mcallister

Photo Credit : This is Anfield

အလက်ဆစ် မက်အယ်လစ္စတာဆိုတဲ့ World Cup Champions Player တစ်ဦး ကမ္ဘာ့ဖလား ပြီးသွားချိန်ကတည်းက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်နေရတဲ့ ကစားသမားမျိုးကို ဒီကနေ့မှာပဲ အပြီးသတ် ခေါ်ယူလိုက်နိုင်ခဲ့ပါတယ်။ ပြောင်းရွှေ့ကြေးကလည်း ပေါင် (၃၅)သန်းသာ ရှိပါတယ်။ အယ်လစ္စတာက အာဂျင်တီးနားနဲ့အတူ ကမ္ဘာ့ဖလားမှာ တောက်ပခဲ့သလို ဘရိုက်တန်ကိုလည်း သူတို့အသင်း သမိုင်းကြောင်းတစ်လျှောက် ပထမဆုံး ဥရောပဝင်ခွင့် ရရှိအောင်ပါ အဓိကနေရာကနေ စွမ်းဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။

alexis

Photo Credit : Goal

ဒီလို ကစားသမားမျိုးကို ပေါင်(၃၅)သန်းနဲ့ရော အချိန်တိုလေးအတွင်းမှာပါ အလျင်အမြန် ခေါ်ယူနိုင်ခဲ့တာက လီဗာပူးလ် ရဲ့ transfer window အတွင်း ဆရာကျကျ လှုပ်ရှားနိုင်မှုပါပဲ။ ပြီးခဲ့တဲ့ ဆောင်းဈေးကွက်မှာဆိုရင်လည်း မန်ယူနိုက်တက်နဲ့ အပြောင်းအရွှေ့သတင်းတွေ ဆက်တိုက် ထွက်ပေါ်ခဲ့တဲ့ ဒတ်ချ် ကြယ်ပွင့်လေး ကိုဒီ ဂတ်ပိုကို ညတွင်းချင်းမှာပဲ အရ ခေါ်ယူနိုင်ခဲ့တာကလည်း ယူနိုက်တက်ကို တစ်ကွက်ပြသွားခဲ့သလိုပါပဲ။ အခုလည်း အယ်လစ္စတာကို ပရီးမီးယားလိဂ် top 6 အသင်းအားလုံး ခေါ်ယူချင်နေမှာ သေချာပြီး ဒီအသင်းတွေကိုပါ ထပ်မံ တစ်ကွက်ပြသွားခဲ့တယ်လို့ ဆိုရမှာပါ။

lfc

Photo Credit : Twitter

လီဗာပူးလ် က ပြီးခဲ့တဲ့ရာသီမှာ ကွင်းလယ်ပိုင်း အားနည်းချက်တွေ ရှိခဲ့တယ်။ ရာသီကုန်မှာလည်း top 4 မဝင်လို့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့တယ်။ ဒါတောင် ဒီအသင်းက ၂၀၂၃-၂၀၂၄ ဘောလုံးရာသီအတွက် ကစားသမား ဖြည့်တင်းမှုကို အစောဆုံး လုပ်ဆောင်နိုင်ခဲ့တယ်။ ခေါ်လိုက်တဲ့ ကစားသမားကလည်း ဂျင်းကောင် မဟုတ်နေပြန်တော့ အယ်လစ္စတာအပြီး ဘယ်ကစားသမားတွေကို ထပ်မံ ခေါ်ယူပြဦးမလဲဆိုတာ ဆက်လက် စောင့်ကြည့်သွားရပါမယ်။

Featured Photo : Sky Sports