ကွီးတို့က အားလပ်ချိန်တွေမှာ အသုံးဝင်တဲ့ ပစ္စည်းလေးတွေ တီထွင်ဖန်တီးရတာကို ဝါသနာပါပါသလား။ ဘယ်လိုပစ္စည်းလေးတွေပဲ ဖြစ်ပါစေ၊ ကိုယ်တိုင်ကိုယ်ကျ ဖန်တီးပြုလုပ်ပြီးစီးတဲ့အခါ စိတ်ကျေနပ်မှုကို ရရှိတဲ့အပြင် ကွီးတို့ရဲ့ တီထွင်ဖန်တီးနိုင်မှုကိုလည်း အားကောင်းလာစေပါတယ်။ ဒါ့အပြင် တစ်ခုခုကို စိတ်ဝင်တစားပြုလုပ်နေခြင်းက ကွီးတို့ရဲ့ အာရုံစူးစိုက်မှုကို အားကောင်းစေပြီး စိတ်ဖိစီးမှုတွေ၊ ပင်ပန်းနွမ်းနယ်မှုတွေကို လျှော့ချပစ်နိုင်ဖို့ နည်းလမ်းကောင်းတစ်ခုပါပဲ။ ဒီတစ်ခါမှာတော့ ကွီးတို့ရဲ့ Weekend တွေမှာ ကိုယ်တိုင်ကိုယ်ကျ အမိုက်စားလေးတွေ တီထွင်ဖန်တီးနိုင်စေဖို့ DIY အိုင်ဒီယာကောင်းလေးတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

DIY Tie Rack

ကိုယ်တိုင်ကိုယ်ကျ အမိုက်စားလေးတွေ

Photo : Craftaholics Anonymous

ကွီးတို့အတွက် ပထမဆုံးဖော်ပြပေးချင်တဲ့ DIY အိုင်ဒီယာကောင်းလေး တစ်ခုကတော့ နက်ကတိုင်လေးတွေ ချိတ်ထားဖို့ ပြုလုပ်နိုင်တဲ့ DIY Tie Rack ပဲ ဖြစ်ပါတယ်။ ဈေးကွက်မှာ အဆင်သင့်အသုံးပြုနိုင်တဲ့ နက်ကတိုင်ချိတ်ဖို့ စင်လေးတွေ အများအပြားရှိသော်လည်းပဲ ကိုယ်တိုင်ဖန်တီးတာကတော့ ပိုပြီး အဓိပ္ပါယ်ရှိပါတယ်။ ကွီးတို့က နက်ကတိုင်တွေကို နေ့စဉ်အသုံးပြုနေရတယ် ဒါမှမဟုတ် နက်ကတိုင်တွေ ဒီဇိုင်းမျိုးစုံ စုရတာ ဝါသနာပါတယ်ဆိုရင် ဒီ အိုင်ဒီယာလေးက အသုံးဝင်မှာပါ။ ဒီနက်ကတိုင်ချိတ်တဲ့ စင်လေးကို ပြုလုပ်ဖို့အတွက် ကွီးတို့အနေနဲ့ မသုံးတော့တဲ့ သစ်သားပြားနဲ့ ၂.၅ လက်မ ရှိတဲ့ သံတွေလိုပါတယ်။ ဒီအိုင်ဒီယာလေးက ကိုယ့်ရဲ့ စိတ်ကူးဉာဏ်ကို မျိုးစုံ ကွန့်မြူးပြီး စိတ်ကြိုက်ဖန်တီးနိုင်သလို သံချောင်းတွေကိုလည်း စိတ်ကြိုက်ပုံဖော်နိုင်ပြီး နေရာချနိုင်ပါတယ်။

Floating Shelves

ကိုယ်တိုင်ကိုယ်ကျ အမိုက်စားလေးတွေ

Photo : Amazon

ကွီးတို့ ကိုယ်တိုင်ကိုယ်ကျ ဖန်တီးနိုင်တဲ့ နောက်ထပ် အိုင်ဒီယာ အမိုက်စားလေးတွေ ထဲကတစ်ခုကလည်း သစ်သားတွေကို အသုံးပြုပြီး ပြုလုပ်ရတာပဲ ဖြစ်ပါတယ်။ ကွီးတို့ရဲ့ ဧည့်ခန်းထဲမှာပဲ အလှဆင်နိုင်သလို၊ အခန်းထဲမှာပဲ တစ်ခုခုတင်ဖို့ ပြုလုပ်နိုင်တဲ့ အသုံးဝင်သော DIY အိုင်ဒီယာကောင်းလေးပါပဲ။ ဒါကတော့ နံရံကပ် သစ်သားတင်စင်လေး ပြုလုပ်ခြင်းပါပဲ။ ကွီးတို့အနေနဲ့ အိမ်မှာ အကြောင်းအမျိုးမျိုးကြောင့် ပိုနေတဲ့ သစ်သားအပိုင်းအစတွေကို လွှင့်ပစ်တာမျိုး မလုပ်ပဲ ဒီအိုင်ဒီယာလေးမှာ အသုံးချလို့ရပါတယ်။

ကိုယ်တိုင်ကိုယ်ကျ အမိုက်စားလေးတွေ

Photo : cigarmonkeys.com

ကွီးတို့မှာ ပိုလျှံနေတဲ့ သစ်သားအနည်းအများကို လိုက်ပြီး စင်အကြီး၊ အသေးနဲ့ ဒီဇိုင်းမျိုးစုံကို ကိုယ်တိုင်ကိုယ်ကျ ဖန်တီးနိုင်ပါတယ်။ ကွီးတို့ရဲ့ ပရာဂျက်လေးကို ပိုပြီး အသက်ဝင်ချင်တယ်ဆိုရင်တော့ နံရံအရောင်နဲ့ လိုက်ဖက်အောင် ဆေးသုတ်နိုင်ပါတယ်။ ဒီလို အသေးစား သစ်သားစင်လေးများ ပြုလုပ်တာက အံ့သြစရာကောင်းပြီး ပိုမိုတီထွင်ဖန်တီးမှုတွေနဲ့ ဒီဇိုင်းအဆန်းတွေကို ပြုလုပ်နိုင်တဲ့ အိုင်ဒီယာကောင်းလည်း ဖြစ်ပါတယ်။

Log Slice Hanging Table

Photo : Pinterest

ကိုယ့်ရဲ့အိပ်ရာဘေးမှာ တွဲလောင်းကျနေတဲ့ အမိုက်စား စားပွဲလေးတစ်လုံးရှိတယ်လို့ မြင်ယောင်ကြည့်လိုက်ပါ။ တွေးကြည့်ရုံနဲ့တင် စမ်းလုပ်ကြည့်ချင်စရာ အိုင်ဒီယာကောင်းလေးပါပဲ။ ဒီပရောဂျက်လေးကို လုပ်ဖို့အတွက် သစ်သားပိုင်းတစ်ခု နဲ့ ချိတ်ဆွဲဖို့ကြိုး လိုပါတယ်။ ကွီးတို့ ထားရှိမယ့် ဧည့်ခန်း ဒါမှမဟုတ် အိပ်ခန်းအရောင်နဲ့ လိုက်ဖက်တဲ့ ကြိုးကို အသုံးပြုနိုင်ပါတယ်။ သတိထားရမယ့် အချက်ကတော့ ချိတ်ဆွဲတဲ့အခါ ခိုင်ခံ့နေစေဖို့ သတိပြုဖို့လိုပါတယ်။ ဒီအိုင်ဒီယာလေးကလည်း အလွယ်တကူပြုလုပ်နိုင်တာကြောင့် ကွီးတို့ရက် အားလပ်ရက်မှာ စိတ်ကြိုက်ဖန်တီး ကြည့်လိုက်ပါ။

ကိုယ်တိုင်ကိုယ်ကျ စိတ်ကြိုက်ဖန်တီးနိုင်တဲ့ DIY အိုင်ဒီယာကောင်းလေးတွေ အများကြီး ဖော်ပြပေးဦးမှာ ဖြစ်တာကြောင့် ကွီးတို့ရဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ ပေါင်းစပ်ပြီး အမိုက်စားလေးတွေ ဖန်တီးနိုင်ဖို့ စောင့်မျှော်ဖတ်ရှုပေးပါဦးခင်ဗျာ။

Source : Life Family Fun, Renoguide

Featured Photo : Epics Saw Guy