ဆော်ဒီ ထိပ်သီးကလပ် အယ်လ်ဟီလယ်အသင်းကတော့ ဝုလ်ဗ်အသင်းမှာ ပါဝင်ကစားနေတဲ့ ပေါ်တူဂီ ကွင်းလယ် ကစားသမား ရူဘင် နေးဗတ်စ် ကို ပြောင်းရွှေ့ကြေး ယူရို (၅၅)သန်းနဲ့ ခေါ်ယူဖို့ အလုံးစုံ သဘောတူညီမှု ရရှိခဲ့ပြီးနောက် နေးဗတ်စ်ဟာလည်း ဆော်ဒီလိဂ်ရဲ့ ပြောင်းရွှေ့ကြေး အများဆုံးသော ကစားသမားအဖြစ် စံချိန်တင်သွားခဲ့ရပါတယ်။

neves wolves

Photo Credit : Football Espana

ဆော်ဒီလိဂ်က ကလပ်အသင်းတွေဟာ ဥရောပမှာ ကျင်လည်နေတဲ့ ထိပ်တန်း ကစားသမားတွေကို ခေါ်ယူရာမှာ free agent players တွေကိုသာ လစာ အမြောက်အများနဲ့ ဦးစားပေး ခေါ်ယူတာဖြစ်ပြီး အခုလို ပြောင်းရွှေ့ကြေးနဲ့ပါ ထည့်သွင်း ကမ်းလှမ်းတာမျိုးကို နည်းပါးပါတယ်။ ဒါပေမယ့် ဒီအချိန်မှာတော့ ဆော်ဒီလိဂ်ရဲ့ ချန်ပီယံဟောင်း ဖြစ်ခဲ့ဖူးသလို လီယွန်နယ် မက်ဆီကိုပါ ခေါ်ယူဖို့အထိ ကြိုးပမ်းခဲ့ဖူးတဲ့ အယ်လ်ဟီလယ်က အသက် (၂၆)နှစ်အရွယ် ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်လူ နေးဗတ်စ် ကို ယူရို (၅၅)သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ရာ ဝုလ်ဗ်အသင်းဘက်ကရော ကစားသမားဘက်ကပါ သဘောတူညီခဲ့ပါတယ်။

neves portugal

Photo Credit : The Sun

၂၀၁၇ခုနှစ်ကတည်းက ပေါ်တိုကနေ ဝုလ်ဗ်အသင်းဆီကို အသင်း စံချိန်တင် ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ရောက်ရှိလာခဲ့သူ နေးဗတ်စ် ဟာ သူရဲ့ ဝုလ်ဗ် ကစားသမားဘဝ တာထွက်ရာသီမှာပဲ အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်မှုတွေ ပြသနိုင်ခဲ့သလို လက်ရှိမှာလည်း အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူထားရပါသေးတယ်။ အခုလို အယ်လ်ဟီလယ်အသင်းဆီ ပြောင်းရွှေ့ဖို့ သဘောတူညီမှု မရရှိခင်မှာ ဘာစီလိုနာအသင်းကို ရောက်ရှိဖို့ နီးစပ်နေပြီလို့ သတင်းထွက်ခဲ့ဖူးပေမယ့် တကယ်တမ်းမှာတော့ အယ်လ်ဟီလယ်ကိုသာ ရောက်ရှိသွားခဲ့ရပါတယ်။

neves

Photo Credit : India Post English

ဝုလ်ဗ်မှာ တစ်ပတ်ကို ပေါင် (၅၀၀၀၀) သာ ရရှိနေတဲ့ နေးဗတ်စ် က အယ်လ်ဟီလယ်မှာတော့ သူရဲ့လက်ရှိ တစ်ပတ်လုပ်ခထက် (၁၀)ဆအထိ တိုးမြှင့် ရရှိသွားမှာဖြစ်ပြီး တခြားသော ဆော်ဒီကို ရောက်ရှိနေတဲ့ ထိပ်သီး ကစားသမားတွေနဲ့ ယှဉ်ကြည့်ရင်တော့ သူရဲ့တစ်ပတ်လုပ်ခက နည်းပါးလျက် ရှိနေပါတယ်။ ဒါပေမယ့်လည်း နေးဗတ်စ်ဟာ လစာပိုင်းမှာ မယှဉ်နိုင်ပေမယ့်လည်း ပြောင်းရွှေ့ကြေးပိုင်းမှာဆိုရင်တော့ ဆော်ဒီလိဂ်ရဲ့ transfer fee အမြင့်မားဆုံး player အဖြစ် ရပ်တည်လို့နေပါတယ်။

Featured Photo : Twitter