“စံချိန်တွေကို နောက်ကို ကျွန်တော်က လိုက်တာ မဟုတ်ဘူး။ စံချိန်တွေကသာ ကျွန်တော့်နောက်ကို လိုက်လာတာ” လို့ ပြောဆိုထားခဲ့တဲ့အတိုင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုကတော့ ဘောလုံးသမိုင်းမှာ စံချိန် မှတ်တမ်းသစ်တစ်ခုကို ထပ်မံ ရေးထိုးနိုင်လိုက်ပြီပဲ ဖြစ်ပါတယ်။
Photo Credit : Al Jarzeera
အိုက်စလန် နဲ့ ပေါ်တူဂီအသင်းတို့ ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ ပေါ်တူဂီရဲ့ စူပါစတား ကစားသမားကြီး ရော်နယ်လ်ဒိုက နိုင်ငံတကာပွဲပေါင်း (၂၀၀)ပြည့်မြောက်ခဲ့ပါတယ်။ ကမ္ဘာ့ဘောလုံးသမိုင်းမှာ နိုင်ငံတကာအသင်းအတွက် ပွဲပေါင်း (၂၀၀) ကစားပေးထားခဲ့ဖူးတဲ့ အမျိုးသား ဘောလုံးသမားဆိုတာ တစ်ဦးတစ်ယောက်မှ မရှိဖူးသေးတာကြောင့် ရော်နယ်လ်ဒိုဟာ ဘယ်ဘောလုံးသမားမှ မလုပ်ဆောင်နိုင်ဖူးတဲ့ စံချိန်သစ်ကြီးတစ်ခုကို စိုက်ထူနိုင်ရင်း ဂင်းနစ်စံချိန်ပါ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။
Photo Credit : Goal
ရော်နယ်လ်ဒိုဆိုတဲ့ GOAT ကြီးက သူကစားဖူးသမျှ ကလပ်အသင်းတွေမှာရော ပေါ်တူဂီ လက်ရွေးစင်အသင်းအတွက်ပါ စံချိန်မှတ်တမ်းကောင်းတွေ မကြာခဏ ရယူနိုင်ခဲ့တဲ့ ကစားသမားကြီးဖြစ်ပြီး အခု ပေါ်တူဂီအတွက် ပွဲပေါင်း (၂၀၀)ပြည့်ချိန်မှာလည်း ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာပဲ အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုပါ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီဂိုးက သူရဲ့နိုင်ငံတကာ ပွဲပေါင်း (၂၀၀)ပြည့်မှ သွင်းယူနိုင်ခဲ့တဲ့ လက်ရွေးစင်ဂိုး (၁၂၃)ဂိုးမြောက် သွင်းဂိုးလည်း ဖြစ်လာခဲ့ရပြီး ဒီ (၃၈)နှစ်သားကြီးရဲ့ လက်ရွေးစင် သွင်းဂိုးစံချိန်ကို လိုက်မီဖို့ဆိုတာကလည်း လုံးဝ မလွယ်ကူလောက်အောင် ဖြစ်သွားခဲ့ရပါတယ်။
Photo Credit : SuperSport
ဆော်ဒီကလပ် အယ်လ်နာဆာအသင်းကို ပြောင်းရွှေ့ခဲ့လို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ရော်နယ်လ်ဒိုဟာ နယ်မြေသစ်တစ်ခုမှာ သူ ဘာလဲဆိုတာကို သွင်းဂိုးတွေနဲ့ သက်သေပြထားခဲ့သလို သူရဲ့နိုင်ငံအသင်းအတွက်ကိုလည်း အခု လက်ရှိအချိန်ထိ စွမ်းဆောင်မှုကောင်းတွေနဲ့ အကောင်းဆုံး စွမ်းဆောင်ပေးထားနိုင်ပါသေးတယ်။ လက်ရှိမှာ ကစားသမားဘဝရဲ့ နေဝင်ချိန်ကို ရောက်နေပြီဖြစ်တဲ့ ရော်နယ်လ်ဒိုဟာ ပေါ်တူဂီအသင်းနဲ့အတူ ၂၀၂၄ခုနှစ် ယူရိုပြိုင်ပွဲကြီးကိုပါ ဆက်လက် ဆင်နွဲသွားဖို့ အခြေအနေများနေပြီး အယ်လ်နာဆာအသင်းနဲ့လည်း နောက်ရာသီမှာ ခြေစွမ်းကောင်းတွေ ပြသသွားနိုင်အောင် ပိုပြီး ကြိုးပမ်းဖွယ် ရှိနေပါတယ်။
Featured Photo : UEFA