ကလပ်အသင်းတွေရဲ့ ပွဲစဉ်တွေနဲ့ ဝေးကွာနေရတာက ချန်ပီယံလိဂ် ဖိုင်နယ်ပွဲကြီး ပြီးဆုံးချိန်ကတည်းက ဖြစ်လို့ တစ်လခန့်လောက် ရှိနေပြီ ဖြစ်ပါတယ်။ အခုတော့ ဘောလုံး ပရိသတ်တွေ စောင့်မျှော်နေရတဲ့ ကလပ်အသင်း ပွဲတွေ ပြန်လာပါပြီ။ ရာသီကြို ခြေစမ်းပွဲတွေ ဆိုပေမယ့် ကလပ်အသင်း ပွဲတွေ ငတ်နေတဲ့ သူတွေအတွက်တော့ ကစားသမားသစ်တွေ လူငယ် ကစားသမားလေးတွေရဲ့ ခြေစွမ်း ခြေစတွေကို လေ့လာ အကဲခတ်နိုင်မှာမို့ သေချာပေါက် စိတ်ဝင်စားဖို့ ကောင်းနေပါလိမ့်မယ်။

mason mount

Photo Credit : Goal

ဒီနေ့ ဇူလိုင် (၁၂)ရက်နေ့မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ရာသီကြို ခြေစမ်းပွဲ အတိအကျ ပြောရမယ်ဆိုရင်တော့ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီသစ်အတွက် ပထမဆုံး ရာသီကြို ခြေစမ်းပွဲ ရှိနေပါတယ်။ လိဒ်စ် ယူနိုက်တက်အသင်းနဲ့ နော်ဝေနိုင်ငံ အော်စလိုမြို့က Ullevall Stadion ကွင်းတွင် ယှဉ်ပြိုင်သွားမှာပဲ ဖြစ်ပါတယ်။ ဒီနှစ်သင်းက ဘယ်လို အခြေအနေမှာပဲ ဖြစ်နေနေ ယခင်ကတည်းက old rivalry တွေ ဖြစ်နေတာကြောင့် ဒီ ခြေစမ်းပွဲကလည်း စိတ်လှုပ်ရှားစရာကောင်းနေမှာ အသေအချာပါပဲ။

old rivalry

Photo Credit : Marca

လက်ရှိမှာ မန်ယူနိုက်တက်အသင်းက ချယ်လ်ဆီးအသင်းရဲ့ အင်္ဂလန် ကွင်းလယ် ကစားသမား မေဆန်မောင့်ကို ခေါ်ယူထားတာဖြစ်ပြီး အသင်းနဲ့လည်း လေ့ကျင့်ခန်းတွေပါ ဆင်းနေပြီဖြစ်လို့ အခုပွဲမှာလည်း မောင့် ပါဝင်လာနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါ။ နောက်ပြီး ဒီပွဲစဉ်မှာလည်း ယူနိုက်တက်အနေနဲ့ လူငယ် ကစားသမားလေးတွေကိုလည်း များစွာ အသုံးပြုလာမှာဖြစ်လို့ ဘယ်ကစားသမားလေးတွေက ဘယ်လို ခြေစွမ်းတွေ ပြသနိုင်မလဲဆိုတာကလည်း စောင့်ကြည့်ရပါမယ်။

manutd vs leedsutd

Photo Credit : The Mirror

လိဒ်စ်ကလည်း ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားခဲ့ရပေမယ့် သူတို့မှာလည်း ကစားသမားကောင်းတွေ ရှိနေသေးတာမို့ ဘယ်ကစားသမားတွေနဲ့ ယူနိုက်တက်ကို ရင်ဆိုင်သွားမလဲဆိုတာလည်း စောင့်ကြည့်ချင်စရာပါ။ ဒီပွဲက နှစ်သင်းလုံးရဲ့ ပထမဆုံး ခြေစမ်းပွဲလည်း ဖြစ်လို့ ရလဒ်ကောင်းတွေ ရအောင်လည်း အပြင်းအထန် ကြိုးပမ်းကြမှာ ဖြစ်ပါတယ်။ ဒီပွဲကိုတော့ ဒီနေ့ ည (၉)နာရီခွဲ ယူနိုက်တက်ရဲ့ တရားဝင် ရုပ်သံလိုင်း MUTV ချန်နယ်တွင် တိုက်ရိုက် ပြသသွားမှာ ဖြစ်ပါတယ်။

Featured Photo : Inside Sport India