ဒါးဗစ် ဒီဟေးယားနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ခွာပြဲသွားတာ ရက်သတ္တပတ် (၃)ပတ်ဝန်းကျင်လောက် ရှိနေပါပြီ။ ဒီဟေးယား ကို စာချုပ်သစ် မချုပ်ဆိုတော့တာကြောင့် ယူနိုက်တက်က အန်ဒရေ အိုနာနာ ကို အရ ခေါ်ယူမှာ သေချာတယ်လို့လည်း အဲ့ဒီ အချိန်ကတည်းက အားလုံး ယူဆခဲ့ဖူးပါတယ်။ ဒါပေမယ့် ယူနိုက်တက်က အိုနာနာကို အသင်းဆီ အရ ခေါ်ယူဖို့ အတော်လေး လုပ်ဆောင်ခဲ့ရပြီး အခုမှသာ တရားဝင် အပြီးသတ် ခေါ်ယူလိုက်နိုင်ခဲ့ပါတယ်။
Photo Credit : Twitter
တကယ်တော့ ကင်မရွန်း ဂိုးသမား အိုနာနာဟာ အေဂျက်စ်ကနေ အင်တာမီလန်အသင်းဆီကို အလွတ်နဲ့ ပြောင်းရွှေ့လာခဲ့တာပါ။ အရည်အသွေးမြင့် ရှားပါး လူမည်း ဂိုးသမားဖြစ်သူ အိုနာနာဟာ အေဂျက်စ်မှာ တားမြစ်ဆေး သုံးစွဲမိလို့ လအတန်ကြာ ဘောလုံးကစားခွင့် ပိတ်ပင်ခံရမှုကနေ နောက်ဆုံးမှာတော့ အသင်းလက်မဲ့ ဖြစ်သွားခဲ့လို့ အင်တာက အလွတ်နဲ့ ခေါ်ယူခဲ့ရာကနေ အိုနာနာက အင်တာမှာ သူရဲ့လက်စွမ်းတွေကို ပြန်လည် ပြသခွင့် ရရှိခဲ့လာပါတော့တယ်။ ဒါတောင် အင်တာက ဟန်ဒါနိုဗစ်ကိုသာ နေရာပိုပေးခဲ့ပြီး အိုနာနာကိုတော့ နောက်ပိုင်းမှသာ ဆက်တိုက် ကစားခွင့် ပေးလာရင်း အိုနာနာ ကလည်း အင်တာရဲ့ အဓိက ဂိုးသမားတစ်ဦး ဖြစ်လာခဲ့ရပါတယ်။
Photo Credit : Squawka
ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အင်တာအတွက် အိုနာနာ ရဲ့ စွမ်းဆောင်မှုတွေက လုံးဝကို အထင်ကြီးလောက်စရာတွေ ဖြစ်နေခဲ့လို့ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ်က သူ့တပည့်ဟောင်းနဲ့ ပြန်လည် လက်တွဲဖို့ စိတ်ဝင်စားသွားရာကနေ ယူနိုက်တက်အသင်းဆီ အရ ခေါ်ယူဖို့အထိ ဖြစ်လာခဲ့ရပါတယ်။ အခုဆိုရင်တော့ ယူနိုက်တက်က ဒီနွေမှာ ကစားသမား (၂)ဦးတည်းသာ ခေါ်ယူထားနိုင်တာ ဆိုပေမယ့်လည်း မေဆန်မောင့်ရော အိုနာနာရောက တန်ဟက်ဂ် စိတ်ကြိုက် ကစားသမားတွေသာ ဖြစ်နေတာကလည်း ထူးခြားပါတယ်။
Photo Credit : Twitter
မန်ယူနိုက်တက်က ဂိုးသမား အိုနာနာ ကို ပြောင်းရွှေ့ကြေး ယူရို (၅၁)သန်း + အပိုဆုကြေး ယူရို (၄)သန်းနဲ့ အင်တာမီလန်အသင်းဆီကနေ ခေါ်ယူခဲ့ပြီး အိုနာနာကိုလည်း ၂၀၂၈ခုနှစ်အထိ သက်တမ်းရှိမယ့် (၅)နှစ်စာချုပ် ချုပ်ဆိုခဲ့သလို တစ်နှစ် ထပ်တိုးခွင့်ကိုလည်း ထည့်သွင်းထားခဲ့ပါသေးတယ်။ အိုနာနာအနေနဲ့ ဒီဟေးယားရဲ့ ကျောနံပါတ် (၁)ကို လွှဲပြောင်း ဝတ်ဆင်ခွင့် ရှိပေမယ့်လည်း အေဂျက်စ် နဲ့ အင်တာတို့မှာ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် (၂၄)ကိုသာ ဆက်လက် ဝတ်ဆင်သွားဖို့ပဲ ရွေးချယ်သွားခဲ့ပါတယ်။
Featured Photo : Twitter