ဆော်ဒီ ဘောလုံးကမ္ဘာဆီကို ခရစ္စတီယာ ရော်နယ်လ်ဒို တကယ့် ကမ္ဘာ့ထိပ်တန်း စူပါစတား ကစားသမားကြီးတစ်ဦးကို အရ ခေါ်ယူနိုင်ခဲ့တဲ့ အယ်လ် နာဆာအသင်းဟာ အခုဆိုရင် အာဖရိကရဲ့ အထင်ကရ ဘောလုံးသမားတစ်ဦးဖြစ်သူ ဆာဒီယို မာနေး ကိုလည်း အသင်းဆီ ထပ်မံ ခေါ်ယူနိုင်တော့မှာပဲ ဖြစ်ပါတယ်။
Photo Credit : Marca
တကယ်တော့ အယ်လ် နာဆာဟာ ရော်နယ်လ်ဒိုကို မခေါ်ယူခဲ့စဉ်ကတည်းက ဂူစတာဗို အော့စ်ပီနာတို့လို နာမည်ရှိထားပြီးသား ကစားသမားတချို့ကို ခေါ်ယူနိုင်ခဲ့ပေမယ့် အသင်းကိုရော သူတို့ရဲ့ပြိုင်ပွဲကိုပါ လူသိမများလာသေးပဲ ရော်နယ်လ်ဒို လုံးဝ image ကြီးမားလှတဲ့ ကစားသမားကြီး ရောက်လာမှသာ ဆော်ဒီလိဂ်ကိုရော အယ်လ် နာဆာအသင်းကိုပါ စိတ်ဝင်စားမှုတွေ မြင့်တက်လာခဲ့ရပါတယ်။ ဒီအကျိုးဆက်ကြောင့်ပဲ နောက်ပိုင်းမှာ ထိပ်တန်း ကစားသမားတွေပါ ဆော်ဒီ ကလပ်တွေဆီ ဆက်တိုက် ပြောင်းရွှေ့လာကြပြီး အယ်လ် နာဆာအသင်းဆီကိုလည်း နောက်ထပ် ဥရောပ ကစားသမားတချို့လည်း ထပ်မံ ရောက်ရှိလာပါတယ်။
Photo Credit : Clutch Points
အယ်လ် နာဆာအသင်း ထပ်မံ ခေါ်ယူလိုက်တဲ့ ကစားသမားက အင်တာမီလန်အသင်းနဲ့ ချန်ပီယံလိဂ် ဖိုင်နယ်အထိ ရောက်ရှိနိုင်ခဲ့သူ ခရိုအေးရှားအသင်းနဲ့လည်း နေးရှင်းစ်နယ်လိဂ် ဖိုင်နယ်ကို ရောက်ရှိခဲ့သူ ကွင်းလယ် ကစားသမား မာဆယ်လို ဘရိုဇိုဗစ် ဖြစ်ပါတယ်။ ဘရိုဇိုဗစ်အပြီးမှာတော့ ရော်နယ်လ်ဒိုနဲ့ မန်ယူနိုက်တက်မှာ အသင်းဖော်တွေ ဖြစ်ခဲ့ဖူးသူ အဲလက်စ် တဲလက်စ်ကိုလည်း ထပ်မံ ခေါ်ယူထားပါသေးတယ်။ ဒီအပြောင်းအရွှေ့က တရားဝင် မဖြစ်သေးပေမယ့်လည်း (၉၉)%လောက် သေချာနေပါတယ်။ နောက်ပြီး လေဗာကူဆင်ရဲ့ ပြင်သစ် winger ဒီယာဘီကို ကမ်းလှမ်းထားသလို လီဗာပူးလ် ကစားသမားဟောင်း ဆာဒီယို မာနေး ကိုပါ ဆွေးနွေးနေရင်း သဘောတူညီပါ ရရှိခဲ့ပြီလည်း ဖြစ်ပါတယ်။
Photo Credit : Clutch Points
အသက် (၃၁)နှစ်အရွယ် ဆီနီဂေါ လက်ရွေးစင် တိုက်စစ် ကစားသမား မာနေးဟာ လီဗာပူးလ်ကနေ ဘိုင်ယန်ကို ပြောင်းရွှေ့စဉ်မှာ လီဗာပူးလ်တုန်းကလို ခြေစွမ်းမျိုး မပြသနိုင်တော့ပဲ ရုန်းကန်ခဲ့ရပြီး အခု နွေမှာပဲ ဘိုင်ယန်က မာနေးကို ယူရို သန်း (၂၀)လောက်နဲ့ပါ ရောင်းထုတ်သွားချင်နေပါတယ်။ အခုတော့ ဒီလို အနာဂတ် မရေမရာ ဖြစ်နေတဲ့ မာနေးကို အယ်လ် နာဆာက ခေါ်ယူသွားဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက် ရရှိသွားခဲ့ပြီဖြစ်လို့ ပြောင်းရွှေ့ကြေးအတွက် အသင်းနှစ်သင်းကြား သဘောတူညီချက် ရတာနဲ့ အယ်လ် နာဆာမှာ ရော်နယ်လ်ဒို + မာနေး + ဘရိုဇိုဗစ် + တဲလက်စ်တို့ အတွဲအဖက်ကို မြင်တွေ့ရတော့မှာပဲ ဖြစ်ပါတယ်။
Featured Photo : Clutch Points