ချယ်လ်ဆီး အသင်းက ဒီနွေဈေးကွက်ထဲမှာ ကစားသမားတွေ အမြောက်အများကို ရှင်းထုတ်ရတယ်။ တိုက်စစ်ပိုင်းဆိုရင် ဟာဗက်ဇ် အူဘာမီယန်း နဲ့ ပူလီဆစ်တို့ ဒိုးသွားကြပြီ။ လူကာကူကိုလည်း အမြန်ဆုံး ရှင်းလင်းသွားဖို့လည်း ရှိနေပါတယ်။ ဒီကစားသမားတွေ နေရာ ပြန်ဝင်လာဖို့ ရှိနေတဲ့ အန်ကွန်ကူ ၊ နီကိုလပ်စ် ဂျက်ဆန်တို့ဟာလည်း မခေလှတဲ့ players တွေဖြစ်ကြောင်းကို ခြေစမ်းပွဲတွေမှာ သက်သေပြထားနိုင်ပါတယ်။
Photo Credit : Instagram
ချယ်လ်ဆီး က အန်ကွန်ကူ နဲ့ ဂျက်ဆန်တို့အတွက် ယူရို (၉၇)သန်းအထိ အသုံးပြုပြီး ခေါ်ယူခဲ့ရတာဖြစ်ပြီး အန်ကွန်ကူအတွက် ပြောင်းရွှေ့ကြေးက ယူရို သန်း (၆၀) နဲ့ ဂျက်ဆန်အတွက်ကိုတော့ ယူရို (၃၇)သန်း သုံးစွဲထားခဲ့ရပါတယ်။ ဗီလာရီးယဲလ်ကနေ ချယ်လ်ဆီးကို ရောက်ရှိလာသူ ကင်မရွန်း တိုက်စစ်မှူး ဂျက်ဆန်ကိုတော့ ချယ်လ်ဆီးက ဝရက်ဇ်ဟမ်းနဲ့ ခြေစမ်းပွဲမှာပဲ စတင် အသုံးပြုသွားခဲ့ပြီး အသင်းဖော် မတ်ဆန်ရဲ့ အဖွင့်ဂိုးကို ဖန်တီးပေးသွားခဲ့ပါတယ်။ အဲ့ဒီပွဲရဲ့ ဒုတိယပိုင်းမှာတော့ ဂျက်ဆန် နေရာ အန်ကွန်ကူ လူစားဝင် ကစားပြီး အန်ကွန်ကူကတော့ သူရဲ့ အဖွင့်ပွဲမှာပဲ အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။
Photo Credit : Goal
ဒုတိယမြောက် ခြေစမ်းပွဲဖြစ်တဲ့ ဘရိုက်တန်အသင်းနဲ့ ခြေစမ်းပွဲမှာတော့ အန်ကွန်ကူက အသင်းရဲ့ ပွဲထွက် လူစာရင်းမှာ ပထမဆုံးအကြိမ် ပါဝင်လာခဲ့ရပြီး ချယ်လ်ဆီး အတွက် ချေပဂိုးကို သွင်းယူသွားခဲ့ပြန်ပါတယ်။ ဒုတိယပိုင်းမှာတော့ အန်ကွန်ကူကို ဂျက်ဆန်နဲ့ လူစားလဲခဲ့ပြီး ဂျက်ဆန်က သူ ကစားခွင့်ရလို့ (၂)မိနစ်အကြာမှာပဲ မူဒရစ်အတွက် တစ်ဂိုး နဲ့ (၉)မိနစ်အကြာမှာ ဂယ်လာဂါအတွက် တစ်ဂိုး (၂)ဂိုးဆက်တိုက် ဖန်တီးပေးနိုင်ခဲ့သလို သူ ကိုယ်တိုင်ပါ ချယ်လ်ဆီး ကစားသမားဘဝ အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ပါသေးတယ်။
Photo Credit : Goal
ချယ်လ်ဆီး အနေနဲ့ တိုက်စစ်ပိုင်းမှာ ဒီကစားသမားသစ် နှစ်ဦးနဲ့ အလုပ်ဖြစ်နေပြီး ဘရာဇီးလ် တောင်ပံ ကစားသမားလေး အိန်ဂျလိုကလည်း အားရစရာ ခြေစွမ်းတွေကို ပြသလျက် ရှိနေပါတယ်။ ကွင်းလယ်မှာ ကဆာဒီ ဆန်းတို့စ်တို့လို ကစားသမားလေးတွေရဲ့ စွမ်းဆောင်ရည်တွေကလည်း မဆိုးလှပေမယ့် ခံစစ်ပိုင်းမှာတော့ အနည်းငယ် သတိထားစရာလေးတွေ ရှိနေပါသေးတယ်။ ဒါပေမယ့် ဈေးကွက်ကလည်း ဖွင့်လှစ်နေဆဲဖြစ်လို့ နောက်ထပ် ဘယ် ကစားသမားသစ်တွေ ချယ်လ်ဆီးကို ထပ်ရောက်လာဦးမလဲဆိုတာ စောင့်ကြည့်သွားရပါမယ်။