တောက်ပတဲ့ အနာဂါတ်ကို ရှိဖို့ဆိုတာ လူတိုင်းလိုချင်တဲ့ ပန်းတိုင်ဆိုတာ‌ သေချာပါတယ်။ ပညာရေး၊ အောင်မြင်မှု၊ ပျော်ရွှင်သောမိသားစုရှိခြင်း၊ ကျော်ကြားခြင်း၊ ချမ်းသာမှု စတာတွေကတော့ လူအများစု အဓိပ္ပါယ်ဖွင့်လေ့ရှိတဲ့ တောက်ပတဲ့ အနာဂတ်သတ်မှတ်ချက်တွေပဲ ဖြစ်ပါတယ်။ ကွီးတို့ကရော ဘယ်လိုမျိုး တောက်ပတဲ့ အနာဂတ် နေ့ရက်တွေကို ပိုင်ဆိုင်ချင်ပါသလဲ။ ဘယ်လိုအရာမျိုးက ကွီးတို့ရဲ့ အနာဂတ်ပန်းတိုင် ဖြစ်ပါစေ၊ ကိုယ်တိုင် ကိုယ်လိုချင်တဲ့ အရာကို သေချာသိဖို့လိုပါတယ်။ ဒီလိုသေချာသိရင် ကွီးတို့အနာဂတ်ကို ကိုယ်တိုင်ဖန်တီးနိုင်မှာပါ။

တောက်ပတဲ့ အနာဂတ်

Photo : Website Download Gambar

ကွီးတို့ လိုချင်တဲ့ အနာဂတ်ကို ရရှိဖို့ဆိုရင် ကွီးတို့အနေနဲ့ ကျရှုံးမှုတွေ၊ ဆုံးရှုံးမှုတွေ ဒါမှမဟုတ် ဆိုးရွားတဲ့ အတွေ့အကြုံတွေ၊ ဆိုးရွားတဲ့အဖြစ်အပျက်တွေကိုလည်း ကြုံတွေ့ရနိုင်ပါတယ်။ ဒီလိုအရာတွေကို ရင်ဆိုင်နိုင်ဖို့ လိုအပ်ပါတယ်။ နောက်တစ်ချက်ကတော့ ဘယ်လိုပဲ ကျရှုံးမှုတွေကို ကြုံခဲ့ရပါစေ ကွီးတို့အနေနဲ့ ရှေ့ဆက်လျှောက်ဖို့ပဲ လိုပါတယ်။ အတိတ်မှာ နစ်မွန်းမနေဘဲ ရှေ့ဆက်လျှောက်မှာသာ ကွီးတို့လိုချင်တာကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ စာရေးဆရာတစ်ယောက်ဖြစ်တဲ့ Anthony Robbins က “မင်းရဲ့အတိတ်ဟာ မင်းရဲ့အနာဂတ်နဲ့ မတူဘူး၊ အရေးကြီးတာက မင်းအတိတ်မှာ ဘာလုပ်ခဲ့လဲဆိုတာမဟုတ်ဘဲ အခု မင်းဘာလုပ်နေလဲ ဆိုတာပါပဲ” လို့ဆိုခဲ့ပါတယ်။

တောက်ပတဲ့ အနာဂတ် ကို ပိုင်ဆိုင်ဖို့ သော့ချက်က

Photo : Sun Life Indonesia

ကွီးတို့ရေ တောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်ဖို့ သော့ချက်က “အခု ဘာလုပ်နေလဲ” ဆိုတာပါပဲ။ ကွီးတို့အနေနဲ့ အတိတ်မှာ ကျရှုံးမှုတွေ၊ အဆင်မပြေမှုတွေ ရှိခဲ့နိုင်ပေမယ့် အခုအချိန်မှာ အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေကို တက်ကြွစွာ ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် အနာဂတ်မှာ အောင်မြင်နိုင်ခြေက အများကြီး ပိုများပါတယ်။ ကွီးတို့အနေနဲ့ အခုလုပ်ဆောင်နေတာတွေက အနာဂတ်မှာ ကွီးတို့ ဘာဖြစ်လာမှာလဲဆိုတာကို ဆုံးဖြတ်ပေးနိုင်မှာပါ။ ကွီးတို့အနေနဲ့ တောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်ဖို့ လက်ရှိမှာ လက်ကိုင်ထားရမယ့် အချက်လေးတွေကိုလည်း ဝေမျှပေးလိုက်ပါတယ်။

  • အတိတ်က အတိတ်ပဲဖြစ်တဲ့အတွက် လက်ရှိအချိန်မှာ အကောင်းဆုံးလုပ်ဆောင်ပါ။
  • ကိုယ့်ကိုယ်ကို အပြည့်အဝ ယုံကြည်မှုထားရှိပြီး စိန်ခေါ်မှု အသစ်တွေ၊ အတွေ့အကြုံအသစ်တွေကို ရဲရဲကြီး လက်ကမ်းကြိုဆိုလိုက်ပါ။
  • အကောင်းမြင်စိတ်ထားရှိပါ။ မိမိကိုယ့်ကို အပျက်သဘောဆောင်သော အတွေးအမြင်တွေ ထားရှိခြင်းက ဆက်လက်လုပ်ဆောင်ရမည့် အရာများကို နှောင့်နှေးစေပြီး အောင်မြင်တိုးတက်မှုတွေနဲ့ လွဲချော်စေပါတယ်။
  • အချိန်ကိုတန်ဖိုးထားပါ။ အချိန်ကို တန်ဖိုးထားတတ်ခြင်းက လက်ရှိမှာကော၊ အနာဂတ်မှာပါ တိုးတက်မှုတွေကို ယူဆောင်လာပေးနိုင်ပါတယ်။
  • ကြိုးစားအားထုတ်ပါ။ ဘယ်အရာကိုမဆို ရယူပိုင်ဆိုင်ချင်ရင် ကြိုးစားအားထုတ်မှု လိုပါတယ်။ မကြိုးစားဘဲ ဘာကိုမှ လွယ်လွယ်ကူကူ မရနိုင်ပါဘူး။
  • ကွီးတို့အနေနဲ့ အနာဂတ်မှာ ကိုယ်လိုချင်တာကို သေသေချာချာသိရှိပြီး ရရှိပိုင်ဆိုင်နိုင်ဖို့ စိတ်အားထက်သန်မှု လိုအပ်ပါတယ်။

လူတိုင်းလူတိုင်းက လက်ရှိ ကိုယ်လုပ်နေတဲ့ အရာတွေပေါ်မှာ အခြေခံပြီး ၎င်းတို့ရဲ့ အနာဂတ်ဘဝတွေကို ဆုံးဖြတ်ပေးသွားတာပါ။ ဒါ့ကြောင့် ကိုယ်က အနာဂတ်မှာ အောင်မြင်ချင်တယ် ဒါပေမယ့် လက်ရှိမှာတော့ ဘာမှလုပ်မနေလို့တော့ မရပါဘူး။ လက်ရှိမှာလည်း ထိုက်သင့်တဲ့ ကြိုးစားအားထုတ်မှုတွေရှိဖို့ လိုအပ်ပါတယ်။ ဒီဆောင်းပါးလေးက အောင်မြင်တဲ့ အနာဂတ်ကို ရယူပိုင်ဆိုင်ချင်သူတိုင်းအတွက် အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။

Featured Photo : Website Gambar