ညဘက် တွေဆို ကောင်းမွန်နှစ်ခြိုက်စွာ အိပ်ပျော်ဖို့ ခက်ခဲနေသူတွေအတွက် သတင်းကောင်းလေး ပါးချင်ပါတယ်။ ဒါကတော့ အစားအစာတွေဟာ အိပ်စက်ခြင်းအပေါ် သက်ရောက်မှုရှိတယ် ဆိုတာပါပဲ။ Nutritionists တွေနဲ့ အိပ်စက်ခြင်းဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ လေ့လာမှုသုံးသပ်မှုတွေအရ အချို့သော အစားအစာတွေဟာ သင့်ကို ကောင်းမွန်စွာ အိပ်စက်အနားယူမှု ရစေနိုင်ဖို့ အကူအညီဖြစ်စေတယ်လို့ ဆိုထားပါတယ်။ ကဲဒါဆို ညဘက်မှာ ကောင်းကောင်းအိပ်ဖို့ ခက်ခဲသူတွေအနေနဲ့ ဘယ်လိုအစားအစာတွေ စားသုံးပေးသင့်လဲဆိုတာ မျှဝေပေးပါမယ်။
(၁) ကီဝီသီး
Photo : Medical News Today
ကီဝီသီးဟာ အိပ်မပျော်တဲ့ ပြဿနာရှိသူတွေအတွက် အဖြေတစ်ခု ဖြစ်နိုင်ပါတယ်။ လေ့လာမှုတစ်ခုအရ ညဘက် အိပ်ရာမဝင်ခင် တစ်နာရီအလိုမှာ ကီဝီသီး ၂ လုံးစားတဲ့သူတွေဟာ မြန်မြန်အိပ်ပျော်ပြီး ပိုမိုကောင်းမွန်နှစ်ခြိုက်တဲ့ အိပ်စက်မှုကို ရရှိကြတယ်လို့ ဆိုထားပါတယ်။ ကီဝီသီးမှာ အိပ်စက်ခြင်း အရည်အသွေးကို ပိုမိုကောင်းမွန်စေတဲ့ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိတွေနဲ့ ဖောလိတ်ဓာတ်တွေပါဝင်ပြီး ဗီတာမင် C ၊ ဗီတာမင် E နဲ့ သတ္တုဓာတ်တွေလည်း ပေါပေါများများ ပါရှိပါတယ်။
(၂) အဆီများတဲ့ငါး
Photo : The Spruce Eats
အဆီများတဲ့ငါးတွေ စားသုံးပေးတာဟာ အိပ်စက်ခြင်း အရည်အသွေးကို မြှင့်တင်ပေးနိုင်တယ်လို့ လေ့လာမှုတစ်ခုက ဖော်ပြထားပါတယ်။ နောက်ထပ် လေ့လာမှုတစ်ခုမှာတော့ တစ်ပတ်ကို ဆယ်လ်မွန်ငါး ၃ ကြိမ်ခန့် စားသုံးသူတွေဟာ ညဘက် တွေမှာ ပိုမိုနှစ်ခြိုက်တဲ့ အိပ်စက်ခြင်းကို ရရှိကြသလို နေ့ဘက်မှာလည်း တစ်နေ့တာလုံး လုပ်ငန်းဆိုင်ရာ စွမ်းဆောင်ရည်တွေမှာ ပိုကောင်းမွန်တာကို တွေ့ရတယ်လို့ ဆိုပါတယ်။ အဆီများတဲ့ငါးတွေမှာ ပါဝင်တဲ့ ဗီတာမင် D နဲ့ Omega-3 Fatty Acids တွေဟာ ခန္ဓာကိုယ်ရဲ့ Serotonin ဓာတ် ပမာဏကို ထိန်းညှိပေးတာကြောင့် ကောင်းမွန်တဲ့ အိပ်စက်ခြင်းကို ရစေတာပဲ ဖြစ်ပါတယ်။
(၃) Nuts
Photo : Fine Dining Lovers
Almonds ၊ သစ်ကြားသီး ၊ Pistachios နဲ့ သီဟိုဠ်စေ့ တို့လို အခွံမာသီးတွေဟာလည်း ညဘက်တွေမှာ ကောင်းမွန်တဲ့ အိပ်စက်ခြင်းကို ရရှိဖို့ အထောက်အပံ့ဖြစ်စေတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။ အခွံမာသီးတွေမှာ ယေဘုယျအားဖြင့် အိပ်စက်ခြင်းအပါအဝင် ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်ဆိုင်ရာ လုပ်ငန်းစဉ်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ မဂ္ဂနီဆီယမ်နဲ့ ဇင့်ကဲ့သို့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ မယ်လတိုနင် ၊ မဂ္ဂနီဆီယမ်နဲ့ ဇင့်ဓာတ်တွေကို မှီဝဲခြင်းဟာ သက်ကြီးပိုင်းတွေမှာ အဖြစ်များတဲ့ ညဘက် အိပ်မပျော်တဲ့ ပြဿနာတွေကို သက်သာစေပြီး ပိုမိုကောင်းမွန်စွာ အိပ်ပျော်စေနိုင်ကြောင်း လေ့လာမှုမှတ်တမ်းတွေအရ သိရပါတယ်။
(၄) နွားနို့
Photo : Allrecipes
ညဘက် အိပ်ရာမဝင်ခင် နွားနို့ပူပူလေးတစ်ခွက် သောက်သုံးပေးခြင်းဟာလည်း မြန်မြန်ဆန်ဆန် အိပ်ပျော်စေဖို့နဲ့ ကောင်းမွန်နှစ်ခြိုက်စွာ အိပ်စက်ခြင်းကို ရစေဖို့ ကူညီပေးပါတယ်။ နွားနို့ ၊ ဒိန်ချဉ်နဲ့ ဒိန်ခဲကဲ့သို့ နို့ထွက်ပစ္စည်းတွေဟာ အထူးသဖြင့် နေ့ဘက်မှာ လေ့ကျင့်ခန်း ပုံမှန်လုပ်သူတွေအတွက် အကျိုးရလဒ်ပိုထူးပြီး ကောင်းမွန်တဲ့ အိပ်စက်ခြင်းကို ရရှိစေနိုင်တယ်လို့ လေ့လာသူတွေက ဆိုထားပါတယ်။ ဒါကြောင့် နေ့ဘက်မှာ ကိုယ်လက်လှုပ်ရှားမှု အနည်းငယ်လုပ်မယ် ၊ ညဘက်အိပ်ရာမဝင်ခင် မိနစ် ၃၀ ခန့်လောက်အလိုမှာလည်း နွားနို့တစ်ခွက်သောက်သုံးပေးမယ်ဆိုရင် ပိုပြီးလျင်လျင်မြန်မြန်နဲ့ ကောင်းစွာအိပ်ပျော်သွားစေမှာ ဖြစ်ပါတယ်။
Featured Photo : HuffPost UK